စီမံကိန်းချ စီးပွားရေးစနစ်မှ ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်သို့ (တရုတ်အတွေ့အကြုံ တစေ့တစောင်း)

August 24, 2016

စီမံကိန်းချ စီးပွားရေးစနစ်မှ ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်သို့ (တရုတ်အတွေ့အကြုံ တစေ့တစောင်း)

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းပိုက်ပြီးသည့်နောက် အစိုးရသည် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဆိုရှယ်လစ်စနစ်ကို ချီတက်မည်ဟု ကြွေးကြော်ခဲ့သည်။ အာဏာသိမ်းရသည့် အကြောင်းရင်းကို ရှင်းပြရာတွင် ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်ကို ကာကွယ်ရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် ဆိုရှယ်လစ်လမ်းကြောင်းပေါ်မှ ဦးနုအစိုးရက သွေဖည်သွားနေသောကြောင့်ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ အာဏာသိမ်းပြီး များမကြာမီ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင် သိမ်းလိုက်သည်။ နိုင်ငံခြားကုန်သွယ်ရေး၊ ပြည်တွင်း လက်လီလက်ကား ရောင်းဝယ်ရေး၊ ဘဏ်များ၊ စက်မှုလုပ်ငန်းများ၊ သစ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ငါးဖမ်းလုပ်ငန်း စသည်တို့အပြင် ပညာသင်ကျောင်းများနှင့် ဆေးရုံများပါမကျန်ပေ။ ပြည်သူပိုင်သိမ်းပိုက်ရန် မလိုအပ်သော စိုက်ပျိုးရေးလုပ်ငန်းတွင် လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်ရှိရမည်ဟူသော ဥပဒေပြဋ္ဌာန်းလျက် လယ်ယာမြေများကို အမွေဆက်ခံ၊ ရောင်းချ၊ ပေါင်နှံခြင်း မပြုစေရန် တားမြစ်ပိတ်ပင်လိုက်သည်။ ထို့ပြင် မိမိတို့စိုက်ပျိုးလိုသည့် သီးနှံကို စိုက်ပျိုးခွင့်မပြုတော့ဘဲ စီမံကိန်းသီးနှံကိုသာ စိုက်ပျိုးခွင့်ရပြီး  ဈေးကွက်ပေါက်ဈေးထက်နိမ့်သော သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ အစိုးရကို ရောင်းချရတော့သည်။ ထိုသို့သောအခြေအနေတွင် နိုင်ငံတကာမှ အကူအညီ အထောက်အပံ့များ၊ ချေးငွေများမှာလည်း ပြန်ဆပ်နိုင်ချေကို သံသယရှိကြသဖြင့် ငြင်းပယ်ခံရသည်က များလေသည်။ စီးပွားရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ ဌာနများတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ လူယုံတော် တပ်မတော်သားများဖြင့် အစားထိုး ခန့်အပ်လိုက်ခြင်းဖြင့် ကိုလိုနီခေတ်လက်ကျန် အင်္ဂလိပ်က အမွေပေးခဲ့သော ပြည်သူ့ဝန်ဆောင်မှု ယန္တရားမှာ လုံးဝပျက်စီးသွားလေသည်။ ဤသို့ဖြင့် စစ်အုပ်ချုပ်ရေးအောက်မှ အမိန့်ပေး ဆိုရှယ်လစ်စီးပွားရေးစနစ် သန္ဓေတည်လာတော့သည်။ စီးပွားရေးကို နားမလည်သူများ၏ မှားယွင်းသော စီမံခန့်ခွဲမှုများနှင့် ဗဟိုချုပ်ကိုင် အမိန့်ပေးစနစ်အောက်ရှိ မှားယွင်းသော ပေါ်လစီများကြောင့် အခြားသော ဆိုရှယ်လစ်နိုင်ငံများနည်းတူ မြန်မာ့စီးပွားရေးမှာ ဆုတ်ယုတ်ပျက်စီးသွားလေရာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်း ဝင်သွားသည်။ နောက်ဆုံး ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုကြီး ဖြစ်လာကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ ပြုတ်ကျသွားလေတော့သည်။ ထို့နောက် အသစ်တက်လာသော တပ်မတော်အစိုးရက ၁၉၈၉ ခုနှစ် မတ်လတွင် ဆိုရှယ်လစ်စီးပွားရေးတည်ဆောက်မှု ဥပဒေကို ဖျက်သိမ်းကာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့လေသည်။ ၁၉၈၉ ခုနှစ်မှ ယနေ့ ၂၀၁၆ ခုနှစ်အထိ ၂၇ နှစ်ကြာရှည်ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ယခင်က ဘဝတူ အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို မမီချေ။ ဆိုရှယ်လစ်စနစ် ထူထောင်ခဲ့ရာတွင် မြန်မာနိုင်ငံထက် ပိုမိုလက်ဝဲကျခဲ့၊ ပိုမိုပြင်းထန်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နှိုင်းစာလျှင် ပို၍ဝေးသေးသည်။ မြန်မာနိုင်ငံမှာ အဆိုပါ အိမ်နီးချင်းနိုင်ငံများနှင့်မတူဘဲ ငွေကုန်ကြေးကျများ၍၊ အလေအလွင့်ကြီးမားသော ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို ရင်ဆိုင်နေရ၍၊ အမေရိကန်နှင့် အီးယူနိုင်ငံများက စီးပွားရေး ပိတ်ဆို့ထားခြင်းခံရ၍ စသဖြင့် ပြောဆိုနိုင်သော်လည်း ဈေးကွက်စီးပွားရေးကို လက်တွေ့ကျင့်သုံးရာတွင် အားနည်းချက်များ ရှိနေ၍လည်း ဖြစ်နိုင်သည်။ သို့ဖြစ်၍ ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးပြီး နှစ်ပေါင်း ၄၀ နီးပါးအတွင်း ဒုတိယမြောက် ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာသည့် တရုတ်ပြည်၏ အတွေ့အကြုံတချို့ကို လေ့လာကြည့်သင့်သည်။ တရုတ်ဘုံလယ်ယာမြေစနစ်အောက်က အငတ်ဘေး အမှန်တကယ်အားဖြင့်ဆိုရလျှင် တရုတ်ပြည်က ဆိုရှယ်လစ်စနစ် တည်ဆောက်ခဲ့ရာတွင် အာရှတိုက်ရှိ မည်သည့်နိုင်ငံထက်မဆို ပိုမိုကြာရှည်ခဲ့သည့်အပြင် ဗဟိုချုပ်ကိုင်သည့် စီးပွားရေးစနစ်ကို ကျင့်သုံးရာတွင် ပိုမိုအစွန်းရောက်ပါသည်။ ၁၉၄၉ ခုနှစ်က ချန်ကေရှိတ်အစိုးရလက်အောက်မှ လွတ်မြောက်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံမှ ခေတ်မီ စက်မှုလက်မှုနိုင်ငံတော်သို့ ချီတက်လိုသည်။ သို့ဖြင့် ၁၉၅၇ ခုနှစ်တွင် စုပေါင်းလယ်ယာစနစ်ကို စတင်ခဲ့သည်။ လယ်သမားများမှာ ထွက်ရှိလာသောသီးနှံကို အစိုးရသတ်မှတ်ထားသော နိမ့်ကျသည့်ဈေးနှုန်းဖြင့် ရောင်းချကြရပြီး သူတို့ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကို အခွန်ဆောင်ကြရသည်။ လယ်ယာစိုက်ပျိုးရေး အခြေခံနိုင်ငံမှ ခေတ်မီ စက်မှုလက်မှုထွန်းကားသော နိုင်ငံအဖြစ်သို့ အမြန်ကူးပြောင်း ရောက်ရှိလိုသော မော်စီတုံးသည် ၁၉၅၈ ခုနှစ်တွင် “မဟာခုန်ပျံကျော်လွှားရေး စီမံကိန်း” ကို ချမှတ်ဆောင်ရွက်သည်။ ထိုစီမံကိန်းအရ လယ်သမားများမှာ လယ်ယာကို ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် မရှိတော့၊ လယ်သမားတို့၏ စုပေါင်းလယ်ယာစနစ်ကို နိုင်ငံတော်က စီမံခန့်ခွဲသော “ပြည်သူ့ဘုံအဖွဲ့များ” နှင့် အစားထိုးလိုက်ကြသည်။ ကောက်ပဲသီးနှံနှင့် သံမဏိထုတ်လုပ်မှုက ခေတ်မီစက်မှုလက်မှုနိုင်ငံဖြစ်ရေးအတွက် အဓိကဒေါက်တိုင်များ ဖြစ်သည်ဟု ယုံကြည်သော မော်စီတုံးက ပြည်သူသန်းပေါင်းများစွာကို သံ၊ သံမဏိစက်ရုံနှင့် မိုင်းတွင်းများသို့ ပို့ပစ်သည်။ ထုတ်လုပ်ရေးရည်မှန်းချက် ပြည့်မီစေရန် အိမ်တွင်း အသေးစား သံမဏိစက်ရုံများကိုလည်း တည်ထောင်စေပြီး အိမ်သုံး ဒယ်အိုး၊ ဒန်အိုး၊ ဇွန်း၊ ခက်ရင်းများကအစ သံရည်ကျိုပစ်ကြသည်။ လောင်စာအတွက်လည်း စည်းကမ်းမဲ့ခုတ်လှဲသည့် သစ်ပင်များ၊ လယ်သမားတို့၏ အိမ်သုံးပရိဘောဂများ၊ တံခါး-ပြတင်းပေါက်များကိုပါ ထင်းစိုက်ပစ်ကြသည်။ ၁၉၅၉ ခုနှစ်က မန်ချူးရီးယားဒေသသို့ လှည့်လည် စစ်ဆေးကြည့်ရှုရန် ရောက်သွားသော မော်စီတုံးက အရည်အသွေးကောင်း သံမဏိကို ဧရာမစက်ရုံကြီးများဖြင့် ကျောက်မီးသွေးကဲ့သို့သော စံချိန်မီလောင်စာကို အသုံးပြုမှသာ ရနိုင်သည်ကို သိရှိသွားသော်လည်း အိမ်တွင်း အသေးစားသံမဏိစက်ရုံများကို နိုင်ငံရေး အကြောင်းအချက်ကြောင့် ချက်ချင်းရပ်မပစ်ခဲ့ပေ။ အတော်ကြာမှသာ တိတ်တဆိတ် ရပ်ဆိုင်းသွားစေခဲ့လေသည်။ ထိုမဟာခုန်ပျံကျော်လွှားရေးစီမံကိန်း (၁၉၅၈-၆၁) ၏ လွဲမှားချွတ်ချော်မှုကြောင့် ရိက္ခာထုတ်လုပ်မှု အကြီးအကျယ်ကျဆင်းကာ တရုတ်ပြည်သူ သန်းပေါင်း အနည်းဆုံး ၁၈ သန်းမှ သန်း ၃၀ ခန့် အငတ်ဘေးဆိုက်ကာ သေဆုံးခဲ့ကြသည်ဟု ခန့်မှန်းကြသည်။ မဟာပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန်ရေးက ပေးတဲ့အမွေ ထို့နောက် ပါတီတွင်း သြဇာကျသွားသော မော်စီတုံးက ၁၉၆၆ ခုနှစ်တွင် “မဟာပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန်ရေး” ဆိုသည်ကို ဖန်တီးပြီး ပါတီတွင်း အာဏာသိမ်းမှု လုပ်ပြန်သည်။ ဤလှုပ်ရှားမှုကြီးက တရုတ်ပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး ဘဝများကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့သည်။ လူဦးရေ သန်းပေါင်းများစွာမှာ ဤလူထုလှုပ်ရှားမှု ကာလအတွင်းတွင် ဆန့်ကျင်ဘက်အုပ်စုတို့၏ အကြမ်းဖက်သည့်နည်းများဖြင့် လူပုံအလယ် အရှက်ခွဲခြင်း၊ အရေးယူ အပြစ်ပေးခြင်း ခံကြရသည်။ မော်စီတုံးက ပြိုင်ဘက်အဖြစ်ယူဆသော သမ္မတ လူရှောက်ချီမှာ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း ထောင်သွင်းအကျဉ်းချခံရပြီး ကွယ်လွန်သွားလေသည်။ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်း သမိုင်းဆိုင်ရာ အမွေအနှစ်ပစ္စည်းများ ဖျက်ဆီးခံကြရသည်။ မဟာပစ္စည်းမဲ့ယဉ်ကျေးမှု တော်လှန်ရေးကြီးအတွင်း ပုဂ္ဂလိကပိုင်ပစ္စည်းများ ဖျက်ဆီးခံရသူ၊ လူပုံအလယ်စွပ်စွဲ အရှက်ခွဲခံရသူ၊ မတရားဖမ်းဆီး ထောင်ချခံရသူ၊ ရိုက်နှက်ခံရ၍ သေကျေ ဒဏ်ရာအနာတရ ဖြစ်သူပေါင်းမှာ ၁ သန်းခွဲခန့်ရှိသည်ဟု ခန့်မှန်းကြလေသည်။ မဟာပစ္စည်းမဲ့ယဉ်ကျေးမှု တော်လှန်ရေးကြီးမှာ ၁၉၆၉ ခုနှစ်တွင် ပြီးဆုံးသည်ဟု မော်က တရားဝင်ကြေညာခဲ့သော်လည်း ပါတီဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဦးစီးချုပ် လင်ပြောင် လေယာဉ်ပျက်ကျသေဆုံးသည့် ၁၉၇၁ ခုနှစ်ကျမှ အရှိန်သေလေသည်။ ဤတော်လှန်ရေးလှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့သည့် မြို့ကြီးပြကြီးများအတွင်း သက်ရောက်မှု ဖြစ်ခဲ့သည်မှာ အချိန်တိုသည်ဟု ဆိုနိုင်သော်လည်း တမျိုးသားလုံး အတိုင်းအတာအရမူ ရေရှည် ဆယ်စုနှစ်များစွာ ဆိုးကျိုးများ သက်ရောက်စေခဲ့သည်။ အထူးသဖြင့် တရုတ်ပြည်သူလူထုက မော်ရည်ရွယ်ခဲ့သည်နှင့်ပြောင်းပြန် ပါတီနှင့် အစိုးရအပေါ် အယုံအကြည် ကင်းမဲ့ခဲ့လေတော့သည်။ တိန့်ရှောက်ပင်နှင့် ပြုပြင်ပြောင်းလဲရေး ဤသို့သော အခြေအနေဆိုးများအောက်တွင် တရုတ်ပြည်ကို လမ်းမှန်ပေါ်သို့ ဦးဆောင်ရန် တိန့်ရှောက်ပင်၏ ပုခုံးပေါ်သို့ ကျရောက်လာလေသည်။ တိန့်ရှောက်ပင်က ကွန်မြူနစ်ဝါဒကို နှုန်းစံတန်ဖိုးများဖြင့် လှေနံဒါးထစ် မှတ်ယူယုံကြည်သူမဟုတ်၊ လက်တွေ့သည်သာ အမှန်တရား၏ မှတ်ကျောက်ဟု လက်ခံယုံကြည်သူ ဖြစ်သည်။ နိုင်ငံ့တာဝန်ကို ပြန်လည်ထမ်းဆောင်ရန် အချိန်ကျလာသည့် ၁၉၇၈ မှစ၍ သူပထမဆုံး ကြိုးစားရသည်မှာ နိုင်ငံတော်ကို ဦးဆောင်နေသူများ၏ စဉ်းစားတွေးခေါ်မှုကို မူလတရားသေ စဉ်းစားတွေးခေါ်ပုံမှ လမ်းကြောင်းပြောင်းရန် ဖြစ်သည်။ လက်တွေ့နှင့်ချိန်ထိုး၍ အမှန်တရားကို လက်ခံသိမှတ်ပြုရန်ပင်ဖြစ်ပြီး သူ၏ ထင်ရှားသော လှုံ့ဆော်ပြောဆိုမှုမှာ “Seek truth from facts” အချက်အလက်များမှ အမှန်ရှာဆိုသည့်စကား ဖြစ်သည်။ ထို့ပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ပုဂ္ဂလိက လယ်ယာလုပ်ကိုင်ခွင့်ပြုသည့်စနစ်က ဘုံအဖွဲ့ဖြင့် စုပေါင်းလုပ်သည့် စနစ်ထက်  ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်သည်ဆိုလျှင် စနစ်ကောင်းဟု လက်ခံရမည်ဆိုသည်ကို ထင်ရှားစေရန် “ကြွက်ရအောင် ဖမ်းနေသ၍ ကြောင်ဖြူတာ မည်းတာက အရေးမကြီးပါ” “It matters not whether the cat is black or white, as long as it catches mice." ဟု ပြောခဲ့လေသည်။ ထို့ပြင် အရင်းရှင်စနစ် ပြန်လည်လွှမ်းမိုးလာမှာကို စိုးသည့်၊ ချမ်းသာခြင်းကို အကောင်းမမြင်ကြသော ပါတီတွင်းမှ ကွန်မြူနစ်လက်ဟောင်းကြီးများကို “ဆင်းရဲခြင်းဟာ ဆိုရှယ်လစ်ဝါဒမဟုတ်၊ ချမ်းသာခြင်းက ဂုဏ်ကျက်သရေ” (“Poverty is not socialism. To be rich is glorious.”) ဆိုသည့်စကားကို ပြောကာ စဉ်းစားတွေးခေါ်မှုများကို ပြောင်းလဲအောင် ကြိုးစားခဲ့ရလေသည်။ ၁၉၈၀ ခုနှစ်ပိုင်းများ၌ လက်တွေ့ စတင်လုပ်ဆောင်ရာတွင် ဈေးကွက်အခြေခံမူများ မိတ်ဆက်ခြင်းကို အဆင့်နှစ်ဆင့်ဖြင့် လုပ်ဆောင်သည်။ ပထမအဆင့်အနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် စုပေါင်းပိုင်ဆိုင် လုပ်ကိုင်ခြင်းစနစ်ကို ဖျက်သိမ်းကာ တဦးချင်း လုပ်ကိုင်ခွင့်ပြုခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် ဖွင့်ပေးပြီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပ်ါပေါက်လာစေရန် ခွင့်ပြုခြင်းဖြစ်သည်။ ထိုအဆင့်တွင် စက်မှုလုပ်ငန်း အများအပြားမှာ နိုင်ငံပိုင်အဖြစ် ဆက်လက်ရှိနေသေးသည်။ ဒုတိယအဆင့်စတင်သော ၁၉၈၀ နောက်ပိုင်းနှင့် ၁၉၉၀ ခုနှစ်များလောက်တွင် နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းနှင့် ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ခြင်းတို့ကို ခွင့်ပြုလုပ်ကာ ဈေးနှုန်းထိန်းချုပ်ခြင်း၊ စက်မှုလုပ်ငန်း အကျိုးစီးပွားကာကွယ်သည့် ပေါ်လစီနှင့် လုပ်ထုံးလုပ်နည်းများကို ရုပ်သိမ်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဘဏ်လုပ်ငန်းနှင့် ရေနံလောင်စာဆီ လုပ်ငန်းများကိုမူ နိုင်ငံတော်က ဆက်လက်ချုပ်ကိုင်ထားခဲ့သည်။ သို့ဖြင့် ပုဂ္ဂလိကကဏ္ဍမှာ သိသိသာသာ ကြီးထွားလာပြီး ၂၀၀၅ ခုနှစ်၌ တရုတ်တပြည်လုံး ဂျီဒီပီ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိလာသည်။ ၁၉၇၈ မှ ၂၀၁၃ ခုနှစ်အတွင်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး စီးပွားရေး တိုးတက်မှုနှုန်းမှာ တနှစ်ကို ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ IMF ၏ အဆိုအရ ယခုအခါ တရုတ်နိုင်ငံသည် လူတဦးကျ ၀ယ်ယူစားသုံးမှုနှုန်းတွင် ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်ပြီး ဈေးကွက်ပေါက်ဈေးဖြင့် တွက်သော GDP အရ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အတိုချုပ် အကြောင်းရင်းများ တရုတ်ပြည် ဤသို့ တိုးတက်ဖွံ့ဖြိုးလာခြင်းနှင့် ပတ်သက်၍ ရှင်းပြသော သီအိုရီများစွာ ရှိပါသည်။ အထူးသဖြင့် ဗဟိုချုပ်ကိုင်သော စီမံကိန်းချ စီးပွားရေးစနစ်မှ ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲရာတွင် ဆိုရှယ်လစ်စနစ်၏ မကောင်းသော အစဉ်အလာများ၊ လုပ်ငန်းခွင်ကျင့်ဝတ်များ၊ ဈေးကွက်ကို ဆန့်ကျင်သည့် ဝါဒဖြန့်ချိမှုများနှင့် ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း ကာလရှည်ကြာ ပညာရေး နောက်ကျခဲ့ရမှုများတို့သည် အခွင့်မသာသော အချက်အလက်များ ဖြစ်ကြသည်။ အောင်မြင်ခြင်းအကြောင်း ထောက်ပြသော သီအိုရိီတခုမှာ နိုင်ငံတော်ခေါင်းဆောင်ပိုင်းက ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ဒေသဆိုင်ရာ အစိုးရများကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (Privatization) လုပ်ငန်းအား နည်းအမျိုးမျိုးဖြင့် စမ်းသပ်လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်သည်။ ထိုသို့ စမ်းသပ်လုပ်ဆောင်မှုမှ အကောင်းဆုံးနည်းကိုယူကာ ဆောင်ရွက်စေခြင်းဖြင့် စီးပွားရေးကို တွန်းအားဖြစ်စေသည်။ အချို့သော ပြုပြင်ပြောင်းလဲရေး ကိစ္စများတွင် တိန့်ရှောက်ပင်မှာ အစပြုသူ မဟုတ်သော်လည်း ခွင့်ပြုထောက်ခံချက်ပေးသည်။ ထိုသို့ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာအောင် ဦးဆောင်ဦးရွက်ပြုနိုင်သော ဒေသဆိုင်ရာ အစိုးရအရာရှိများကို ရာထူးတိုးတက်ပေးခြင်းဖြင့် အပြိုင်အဆိုင် ကြိုးစားစေသည်။ သို့ဖြင့် ဒေသဆိုင်ရာနှင့် ပြည်နယ်အစိုးရများမှာ အမြဲတမ်းလိုလို “ရင်းနှီးမြှုပ်နှံမှု ဆာလောင်နေသူ” များ ဖြစ်နေကြပြီး ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစေရေးအတွက် ဗျူရိုကရက် လုပ်ထုံးလုပ်နည်းများ လျှော့ချခြင်း၊ မလိုအပ်သော အတားအဆီးများ ဖယ်ရှားခြင်းနှင့် လိုအပ်သော အခြေခံအဆောက်အဦများ ဖြစ်ကြသည့် မြေနေရာ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ သတင်းဆက်သွယ်ရေး စသည်တို့ အဆင်သင့် အလွယ်တကူ ရရှိနိုင်ရန် စီစဉ်ပေးခြင်း၊ အခွန်သက်သာခွင့်ပြုခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူကို အပြိုင်အဆိုင် ဖိတ်ခေါ်လုပ်ကိုင်လာကြလေသည်။ ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်၏ ကြီးမားသော ဈေးကွက်ကလည်း မက်မောစရာ ကောင်းပေသည်။ ထို့ပြင် တရုတ်ပြည်၏ အောင်မြင်မှုမှာ ၁၉၆၀ နှင့် ၇၀ ခုနှစ်များအတွင်းက ဂျပန်က စတင်ခဲ့ပြီး အာရှကျားလေးကောင်နှင့် အခြားသော စက်မှုနိုင်ငံသစ်များ ကျင့်သုံးခဲ့သည့် ပို့ကုန်ဦးဆောင်သည့် တိုးတက်မှု (Export-led growth) မဟာဗျူဟာကို ကျင့်သုံးခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုကြပါသည်။ ရဲထွန်း(သီပေါ)
5 years Ago
Up