စီစီတီဗွီ အလုံး ၂၀၀ ကျော်နှင့် ပဟေဠိဆန်လှသည့် ထိန်းချုပ်ခံ ထိုင်းဓမ္မကာယကျောင်း

February 24, 2017

စီစီတီဗွီ အလုံး ၂၀၀ ကျော်နှင့် ပဟေဠိဆန်လှသည့် ထိန်းချုပ်ခံ ထိုင်းဓမ္မကာယကျောင်း (ရုပ်သံ)

ငွေအလွဲသုံးစားမှု၊ ငွေမည်းခဝါချမှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ဓမ္မကာယကျောင်းတိုက်က ဆရာတော်ကြီး ဓမ္မချိုင်းယိုးကို ဖမ်းဆီးရမိဖို့ ဒီအက်စ်အိုင် (အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့)၊ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအင်အား ၄ ထောင်ကျော် သုံးပြီး တပတ်ကျော်ရှာဖွေနေရာမှာ အလိုရှိတဲ့ ဆရာတော်ကိုတော့ မတွေ့ရသေးဘဲ ကျယ်ဝန်းခမ်းနားလှတဲ့ ကျောင်းဝင်းထဲက သာမန်ကျောင်းတိုက်ထက် ခေတ်မီလွန်းတဲ့၊ ပဟေဠိဆန်တဲ့ ပစ္စည်းပစ္စယနဲ့ နေရာတွေကိုသာ တွေ့ရှိခဲ့ကြပါတယ်။ ကျောင်းဝင်းကို အထက်ကနေစီးပြီး ကြည့်လိုက်ရင် ကမ္ဘာလုံးလိုဖြစ်နေတဲ့ အဆောက်အဦထဲမှာ ကျောင်းဧရိယာအားလုံးကို တပြိုင်တည်းတွေ့မြင်နိုင်တဲ့ စီစီတီဗွီကင်မရာ အလုံးပေါင်း ၂၀၀ ကို ဒီအက်စ်အိုင်နဲ့ ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က အံ့အားသင့်စွာ တွေ့ခဲ့ရတယ်လို့ Amarin ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကျောင်းဝင်းထဲက အထင်ကရအဖြစ်ဆုံး ကမ္ဘာလုံးသဏ္ဌာန် အဆောက်အဦကြီးမှာ အထပ်ပေါင်း ၁၅ ထပ်ရှိပြီး အဲဒီနေရာကို တာဝန်ရှိသူကလွဲလို့ ဘယ်သူမှ ဝင်ခွင့်မရှိကြောင်း၊ ကိစ္စရှိလို့ ဝင်ထွက်မယ်ဆိုရင် လက်ဗွေ Scan လုပ်ရကြောင်း၊ ဓာတ်လှေခါးတိုင်းမှာ လုံခြုံရေးအစောင့်ထားရှိပြီး အခန်းတိုင်းကို အဲယားကွန်း လေအေးစက်တပ်ဆင်ကာ တချို့နေရာမှာလည်း ဆောက်လုပ်လို့ မပြီးသေးတဲ့နေရာလည်း ရှိသေးတယ်လို့ ပူးပေါင်းအဖွဲ့နဲ့အတူ လိုက်ပါရိုက်ကူးခွင့်ရတဲ့ သတင်းထောက်က ပြောပါတယ်။ အဆောက်အဦရဲ့ အချက်အခြာအကျဆုံးလို့ ယူဆရတဲ့ အခန်းတခုထဲမှာတော့ ကျေင်းဝင်းထဲက နေရာပေါင်းစုံကို တွေ့မြင်နိုင်တဲ့ စီစီတီဗွီကင်မရာ အလုံးပေါင်း ၂၀၀ ကျော်ရဲ့ ရိုက်ကူး မှတ်တမ်းတင်ချက်တွေ ဖမ်းယူနေတာ တွေ့ရှိနိုင်ကြောင်း၊ အဲဒီထဲမှာ အလိုရှိ - ဓမ္မချိုင်းယိုး ဆရာတော်ကြီး အိပ်ခဲ့တဲ့ အခန်းလည်း ပါရှိတာကြောင့် စီစီတီဗွီကင်မရာ အားလုံးကို ပြန်စစ်ဆေးလို့ရမယ်ဆိုရင်တော့ ဆရာတော်ကြီးရဲ့ အရိပ်အယောင် သဲလွန်စတွေ ထွက်လာနိုင်မယ်လို့လည်း  ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ခန့်မှန်းပါတယ်။ အဆောက်အဦရဲ့ အပေါ်ဆုံးမှာတော့ ဟင်းလင်းပြင်ဖြစ်ပြီး နေရာတိုင်းကို အဝေးကြည့် မှန်ပြောင်းနဲ့ စည်းပြီးမြင်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီနေရာကနေ ပူးပေါင်းတပ်ဖွဲ့တွေ စစ်ဆေးရေးဂိတ်ချထားတဲ့ ဝင်ပေါက်ထွက်ပေါက်တွေ၊ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အားလုံးကို မြင်နိုင်တယ်လို့ သတင်းထောက်က ပြောပါတယ်။ ကျောင်းတိုက်တာဝန်ရှိ သံဃာတွေကတော့ လူတိုင်းဝင်ရောက်ခွင့်မရှိတဲ့ ကမ္ဘာလုံး အဆောက်အဦထဲကို  ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးဖို့ ရှောရှောရှူရှူပဲ ခွင့်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကျောင်းတိုက်ရဲ့ အနောက်ဘက်မှာ သိုလှောင်ထားတဲ့ ဓာတ်ဆီလီတာပေါင်း တသိန်းကို ရှာဖွေတွေ့ရှိခဲ့သလို   သူတို့ ပထမတကြိမ် ရှာဖွေခဲ့ပြီးဖြစ်တဲ့ ဆရာတော်ဘုရားရဲ့ အဆောင်ရှိရာ ဇုန်နယ်မြေ ၁ ကို ဒုတိယအကြိမ် ပြန်လည်ရှာဖွေခွင့် တောင်းရာမှာတော့ ကျောင်းတိုက်တာဝန်ရှိသူတွေက ခွင့်မပြုတာကြောင့် နှစ်ဘက် အချေအတင် ဖြစ်ခဲ့ကြပါတယ်။ အဲဒီချိန်ကစပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ သူတို့ရှာဖွေရေးလုပ်ငန်း အရှိန်မြှင့်တဲ့အနေနဲ့ ကျောင်းဝင်းထဲရှိနေသူတွေအားလုံး ကျောင်းပြင်ပကို ထွက်လာကြဖို့ ကြေညာခဲ့ပြီး ပြင်ပက လူတွေလည်း နောက်ထပ် ကျောင်းဝင်းထဲ ပေးမဝင်တော့ပါဘူး။ သူတို့ထိန်းချုပ်တဲ့ တံခါးပေါက် အမှတ် ၅ နဲ့ ၆ ကျောင်းဝင်းထဲ ရိက္ခာသည်ခွင့်တွေလည်း ပိတ်ပင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက် မနက်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဇုန် ၁ တံခါးပေါက်ကြီးကို ထပ်မံဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် ပူးပေါင်းတပ်ထက် အင်အားပိုများတဲ့ သံဃာတွေက လာရောက်ဟန့်တားခဲ့သလို တံခါးအဝင်လမ်းမှာ မြေကြီးတွေကို တမီတာအမြင့်ထိ ဖို့ပြီး တံတိုင်းလုပ်ထားပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီအစိုးရက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၄၄ (ဓမ္မကာယကျောင်းတိုက်ကို ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း) ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ သံဃာ ၅ ပါးက အစာငတ်ခံဆန္ဒပြခဲ့ပြီး ဒကာဒကာမတွေကလည်း ဘုရားစာကို ရွတ်ဖတ်သရဇ္ဈာယ်နေကြပါတယ်။ ကျောင်းဝင်းအပြင် ပတ်ပတ်လည်မှာ သံဃာတွေက ဆွမ်းခံကြွပြီး ဒကာတွေက ဆွမ်းလောင်းကာ ကျောင်းကို ဝိုင်းရံထားပါတယ်။ ဖေဖော်ဝါရီ ၂၄ မနက်မှာတော့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ခဲ့တဲ့ နေရာတချို့ကို သံဃာတွေက ပြန်ထိန်းချုပ်လိုက်ပြီး ကျောင်းဝင်းအနားကို ပူးပေါင်းတပ်ဖွဲ့တွေ လာမကပ်နိုင်အောင် ကွန်ကရစ်ခွေတွေနဲ့ ကာရံလိုက်ကြသလို ကျောင်းဝင်းထဲကို အပြင်ကနေ ဓာတ်ပုံဗွီဒီယို ရိုက်ယူလို့မရအောင် အနက်ရောင်တွေနဲ့ ခြင်လုံဇကာတွေနဲ့ ကာလိုက်ကြပါတယ်။ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို အကြမ်းမဖက်ဖို့၊ အခြေအနေကို သိမ်မွေ့ညင်သာစွာ ထိန်းသိမ်းဖို့၊ ညွှန်ကြားထားကြောင်း၊ ဒီအက်စ်အိုင်နဲ့ ပူးပေါင်းတပ်တွေဟာ ဥပဒေအတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြတာဖြစ်ကြောင်း၊ ဥပဒေထိန်းသိမ်းသူတွေကို လူစုလူဝေးနဲ့ ဝိုင်းရံခြင်းမပြုဖို့၊ လူစုလူဝေးများလာရင် မလိုလားအပ်တဲ့ ထိတွေ့မှုတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေရှိရင် အားလုံးနစ်နာနိုင်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။
4 years Ago
Up