စီစဉ်

September 2, 2017

တိမ်း​ရှောင်​လာသူများအတွက် နေရာတိုးမြှင့်ချထားပေးရန် ရခိုင်ပြည်နယ်အစိုးရ စီစဉ်

အကြမ်းဖက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ များပြားလာလို့ ရခိုင်ပြည်နယ်အစိုးရ အစီအမံနဲ့ စစ်တွေမှာ ကယ်ဆယ်ရေးစခန်းတွေ တိုးမြှင့် ချပေးထားပေးတော့မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တော- ဘူးသီးတောင်ဒေသက အစွန်းရောက် အကြမ်းဖက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို ပြည်နယ်အစိုးရက ဒုက္ခသည်စခန်း ၁၀ ခုမှာ ထားရှိမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စက်တင်ဘာ ၁ ရက်နေ့ အစိုးရအဖွဲ့ရုံးမှာ စစ်တွေမြို့မိမြို့ဖတွေနဲ့ အစိုးရအဖွဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ ထည့်သွင်းရှင်းပြခဲ့တာပါ။ “လောလောဆယ် ကျနော်တို့ ဘုန်းတော်ကြီး ၁၀ ကျောင်းကို စာရင်းရထားပါတယ်။ အဲဒီနောက်မှာ ကျနော်တို့ ဘာတွေလုပ်ဆောင်သွားမလဲ၊ ဘာတွေလိုအပ်နေသလဲ အစီအမံတွေနဲ့ ကော်မတီတွေဖွဲ့ပြီးတော့ လုပ်ဆောင်သွားဖြစ်ပါတယ်” လို့ ရခိုင်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောဆိုခဲ့ပါတယ်။ အခုအချိန်မှာ မိုးရာသီဖြစ်နေတာကြောင့် ဒုက္ခသည်တွေအတွက် နေရာချထားရေးမှာ ဘုန်းတော်ကြီးကျောင်းတွေဆို ပိုပြီးအဆင်ပြေနိုင်တယ်လို့ စစ်တွေမြို့ခံ ရပ်မိရပ်ဖတွေက ထောက်ပြကြပါတယ်။ စစ်တွေမြို့မိမြို့ဖ ဦးမောင်သိန်းဖြူက “တကယ်လို့ ဘုန်းကြီးကျောင်တွေမှာ တဖြည်းဖြည်းလူဦးရေတွေများလာမယ်။ အခက်အခဲတွေ ဖြစ်လာမယ်ဆိုရင်တော့ အဲဒီအခါကျရင် တမျိုးစဉ်စားရမှာပေါ့။ ကန့်တွေဘာတွေ ဆောက်ဖို့ လိုအပ်တာတွေလုပ်၊ အဲသလို လုပ်ယူရမှာပေါ့။ အခုလောလောဆယ်တော့ ဖြေရှင်းဖို့ လိုနေတာပေါ့။ လက်တလောအဖို့ကိုတော့ ကျယ်ဝန်းတဲ့ ဘုန်ကြီးကျောင်းတွေမှာ ထားတာက လက်ရှိအနေအထား အဆင်ပြေနိုင်ပါတယ်” လို့ ပြောပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေက အကြောက်တရားတွေ ဖုံးလွှမ်းနေပြီး စိုးရိမ်းစိတ်တွေရှိနေဆဲဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ စစ်တွေနာရေးကူညီအသင်းက အထွေထွေအတွင်းရေးမှူး ဦးထွန်းလှိုင်က “သူတို့ အခက်အခဲတွေက အကြောက်တရားနဲ့ လာကြတာပါ။ တော်တော်လေးကို ကြောက်ရွံ့နေကြပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကလေးတွေမျက်နှာက ကြောက်နေကြပါတယ်။ ကြောက်စိတ်တွေဖြေသိမ့်ပေးနိုင်အောင် ရက်တို စီမံကိန်းတွေပေါ့နော်။ အသက်မွေးဝမ်းကျောင်းလေးတွေ လုပ်ပေးရင်တော့ ပိုကောင်းမယ်ဗျ” လို့ ပြောပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောကနေ အခုလက်ရှိ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ တိုင်းရင်းသားဒေသခံပေါင်း ၁ သောင်း ၁ ထောင်ကျော် ရှိတယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ARSA အကြမ်းဖက်သမား ၃၇၀ သေဆုံးပြီး ၉ ဦးကို အရှင်ဖမ်းမိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ သတင်-ဓာတ်ပုံ- ဝဏ္ဏခွာညို
4 years Ago

August 25, 2017

ရခိုင် ၃ မြို့နယ်တွင် ကျောင်းနှင့်ရုံးများပိတ်၊ ဒေသခံများအား အရေးပေါ်ပြောင်းရွှေ့ရန် စီစဉ်

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲက နယ်ခြားစောင့်ရဲစခန်းတွေနဲ့ တပ်မတော် တပ်ရင်းတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် ဒီနေ့ သြဂုတ် ၂၅ ရက် မနက်ပိုင်းစပြီး စာသင်ကျောင်းတွေအားလုံးနဲ့ အစိုးရရုံးတွေကို ပိတ်ထားလိုက်ပါတယ်။ မောင်တောနဲ့ ဘူးသီးတောင် ဆက်သွယ်တဲ့လမ်းကိုလည်း ယာယီပိတ်ထားလိုက်ပြီး စိုးရိမ်ရတဲ့နေရာတွေကို တပ်မတော်စစ်ကြောင်းတွေ ပို့ဆောင်နေပြီလို့ လုံခြုံရေးတာဝန်ခံအရာရှိက ပြောပါတယ်။ “တောင်ဘဇာမှာ စိုးရိမ်ရတယ်လို့ ပြောတာနဲ့ အခုစစ်ကြောင်းတွေတက်နေပါပြီ။ ဆရာဆရာမတွေကို စုရပ်ပို့ပြီး ပြန်ပို့ဖို့ စီစဉ်ပေးထားပြီ။ လူနည်းစုတိုင်းရင်းသားရွာတွေကိုလည်း စုပြီး လုံခြုံတဲ့နေရာပို့နိုင်အောင် လုပ်ထားတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီး အရပ်ကင်းတွေ ချဖို့ လုပ်ထားပါတယ်” လို့ ပြောပါတယ်။ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှာလည်း မိုင်း ၅ လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်သူမရှိခဲ့ဘူးလို့ အုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်ကပြောပါတယ်။ “မနက် ၂ နာရီကျော်လောက်မှာတလုံးပါ။ သုံးနာရီလောက်မှာ တလုံးပါ၊ အလယ်ရွာမှာ ကွဲပါတယ်။ ကြိမ်ချောင်း တောင်ပြိုလမ်းမကြီးပေါ်မှာ တလုံးကွဲပါတယ်။ ရဲစခန်းဝင်လမ်းမှာ တလုံးကွဲတယ်။ အထကကျောင်းရှေ့မှာ တလုံးနဲ့ တိုက်နယ်ဆေးရုံနားမှာ တလုံးကွဲပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်။ နောက်ဆုံးကွဲတဲ့ တိုက်နယ်ဆေးရုံရှေ့ မိုင်းကွဲတဲ့ နေရာမှာတော့ သွေးစတွေ တွေ့တဲ့အတွက် ဒဏ်ရာရသူရှိနိုင်မယ်ထင်တယ်။ ဒါပေမယ့် လူကိုမတွေ့ရဘူး" လို့ ကြိမ်ချောင်း အုပ်ချုပ်ရေးမှူးကပြောပါတယ်။ အလယ်သံကျော်ကျေးရွာမှာလည်း မနက်စောစောပိုင်းအထိ ရဲစခန်းကို ပစ်ခတ် တိုက်ခိုက်မှုတွေရှိနေပြီး အလယ်သံကျော်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ လ၀က အရာရှိတဦး ကျဆုံးခဲ့ပါတယ်။ အလယ်သံကျော်ကျေးရွာက ကိုညိုသီးက “မိန်းမတွေ ကလေးတွေကိုတော့ နယ်ခြားစောင့်နယ်မြေစခန်းထဲမှာ ပို့ပေးထားပါတယ်။ ယောက်ျားတွေက ရွာမှာပြန်ပြီး ကင်းစောင့်နေတယ်။ ပစ်ခတ်သံတွေက အခုထိ ကြားနေတုန်းပါ” လို့ မနက် ၇ နာရီလောက်က မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ ဒီမနက်အရုဏ်မတက်ခင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ရဲကင်း၊ ရဲစခန်းတွေကို တချိန်တည်း တိုက်ခိုက်ခဲ့တာကြောင့်  ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး ပေါင်း ၉ ဦးကျဆုံး၊ လက်နက်ငယ် ၆ လက်၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံးကာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၆ လောင်း ရရှိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ-ကိုအောင်
4 years Ago
Up