စိုးနေလင်း

March 12, 2018

ကိုရီးယားကျွန်းဆွယ်နဲ့ ငြိမ်းချမ်းရေး အလားအလာ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ ၂၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ တောင်ကိုရီယား ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်မှာ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ အားကစားအဖွဲ့ကို စေလွှတ်ယှဉ်ပြိုင်စေခဲ့တဲ့အတွက် တောင် မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ အတော်ကြီး တိုးတက်ကောင်းမွန်လာခဲ့တယ်လို့ ပြောရမှာပါပဲ။ အဲဒီလို တိုးတက်လာရာကနေ ၂၀၁၈ ခုနှစ် မတ်လ အရောက်မှာတော့ တောင်ကိုရီးယားနိုင်ငံ အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းက မကြုံစဘူး ထူးထူးခြားခြား ပြုံယမ်းမြို့မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်မှာ သူ စတင်အာဏာရယူခဲ့ပြီးချိန်ကစလို့ ကင်က တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ပထမဆုံး မျက်နှာချင်းဆိုင် လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ရန်ဘက်တွေ ဖြစ်နေကြတဲ့ တောင် မြောက် ကိုရီးယားနှစ်နိုင်ငံအဖို့ ဒါဟာ အလွန်ထူးခြားကောင်းမွန်တဲ့ ဆက်ဆံရေးတိုးတက်မှုတခုပဲ ဖြစ်ပါတယ်။ နောက်ထပ် အရေးပါတဲ့ တိုးတက်မှုတခုကတော့ အဲဒီ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကင် ပြောဆိုခဲ့တဲ့ စကားတွေနဲ့ တင်ပြချက်တွေကို အမေရိကန်ပြည်ထောင်စုက ထိပ်တန်း ခေါင်းဆောင်တွေကို တင်ပြပြောဆိုဖို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာန အကြီးအကဲ ချောင်အူယုံနဲ့ အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲ ဆိုဟွန်းတို့ နှစ်ယောက်ဟာ မြောက်ကိုရီးယားနိုင်ငံက ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ မြောက်ကိုရီးယားနိုင်ငံက ရလာတဲ့ သတင်းစကားတွေအရ မြောက်ကိုရီးယားနိုင်ငံက တကယ်လို့သာ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေး စကားပြောခွင့်ရမယ်ဆိုရင် နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ဖို့ ကတိပေး ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းစကားက ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုတွေကို ငြိမ်းချမ်းတဲ့ အဖြေတခု ရရှိစေဖို့ကို ဦးတည်ရှေးရှုစေနိုင်တဲ့အထိ အဓိက သံတမန်ရေး ဦးတည်မှုကို ဖြစ်ပေါ်လာစေခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက် အရေးပါတဲ့ ဖွံ့ဖြိုးတိုးတက်မှုတခုကတော့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ ဆယ်စုနှစ်တခုကျော် ကာလအတွင်းမှာ လာမယ့်ဧပြီလ နှောင်းပိုင်းမှာ ပထမဆုံး ပူးတွဲဆွေးနွေးပွဲတခု ကျင်းပဖို့ သဘောတူညီခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီသတင်းစကားကို မြောက်ကိုရီးယားနိုင်ငံကို ၂ ရက်ကြာ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တဲ့ တောင်ကိုရီးယား အဖွဲ့ခေါင်းဆောင် ချောင်အူယုံက ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီဖြစ်ပေါ်တိုးတက်မှုကို ကြိုဆိုလိုက်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံ ဒီသုံးနိုင်ငံရဲ့ အရေးပါတဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ရရှိလာတဲ့ တိုးတက်တဲ့ အခွင့်အလမ်းတခုအဖြစ် သဘောထားခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ သမ္မတထရမ့်ရဲ့ ပျော့ပျောင်းတဲ့ အပြောကလေးကိုတော့ သူ့ရဲ့ အင်္ဂါနေ့က တွစ်တာ စာမျက်နှာမှာ “မြောက်ကိုရီးယားနဲ့ တွေ့ဆုံစကားပြောဆိုမှုတွေကနေ ရရှိခဲ့တဲ့ ဖြစ်နိုင်ခြေရှိတဲ့ တိုးတက်မှုပါပဲ” လို့ ရေးသားထားတာ တွေ့ရပါတယ်။ သူက “နှစ်ပေါင်းများစွာအတွင်း ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံတွေက လုပ်ဆောင်ခဲ့တဲ့ အရေးပါတဲ့ အားထုတ်မှုတခုပဲ ဖြစ်ပါတယ်။ ကမ္ဘာက စောင့်ကြည့် စောင့်စားနေကြပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီလိုအပြောတွေအရ မြောက်ကိုရီးယားနိုင်ငံနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အလားအလာရှိ မျှော်လင့်လို့ ရနိုင်ပေမယ့် သမ္မတထရမ့်က “မှားယွင်းတဲ့ မျှော်လင့်ချက် ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု ဘယ်လမ်းကြောင်းကိုမဆို အင်တိုက်အားတိုက်လိုက်ဖို့ အဆင်သင့်ပါပဲ” လို့ ပြောထားတာကိုလည်း တွေ့ရတော့ သူ့အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်လေးရဲ့ ပြောစကားကို လုံးဝ ယုံကြည်လက်ခံထားတာ မဟုတ်သေးဘူး ဆိုတာကို သတိထားမိပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုက စစ်ရေးအရ အရေးယူဖို့ ဆောင်ရွက်လာတဲ့အချိန်မှာ တောင်ကိုရီးယား ဆောင်းရာသီ အိုလံပစ်ကို သူ့နိုင်ငံက အားကစားအဖွဲ့ကို စေလွှတ်ဖို့ သဘောတူခဲ့သလို တောင်ကိုရီးယားနိုင်ငံနဲ့ မဟာမိတ်ဖွဲ့ပြီး အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ တောင်ကိုရီးယားနိုင်ငံကို သိမ်းသွင်းမှု လုပ်ဆောင်လာခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ထားတာတွေလည်း ရှိခဲ့ပါတယ်။ မကြာခင်က တောင်ကိုရီးယားနိုင်ငံ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ကို သူကိုယ်တိုင် ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ လုပ်ရပ်ဟာ နိုင်ငံ အတော်များများကို အံ့သြသွားစေခဲ့တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ပြုံယမ်းဘက်က အချက်ပြတာကတော့ သူတို့နိုင်ငံကို စစ်ရေးအရ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် သူ့နိုင်ငံကို လုံခြုံရေးအရ ယုံကြည်ရတဲ့ အာမခံမှုလည်း ရရှိမယ်ဆိုရင် သူ့ရဲ့ နျူကလီးယား လက်နက်အတွက် ကြိုးပမ်းမှုတွေကို ဆက်လုပ်နေဖို့ မလိုအပ်တော့တဲ့အကြောင်း မြောက်ကိုရီးယားနိုင်ငံဘက်က ပြောကြားခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ် အဖွဲ့က သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို သူတို့ရဲ့ အမျိုးသားပါတီ ဌာနချုပ်ရုံးမှာ ၄ နာရီကြာ တည်ခင်းဧည့်ခံခဲ့တဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေကလည်း သူတို့ရဲ့ တောင်ဘက်ပိုင်း အိမ်နီးချင်းနိုင်ငံအပေါ် သမားရိုးကျ လက်နက်နဲ့ရော နျူကလီးယားလက်နက်နဲ့ပါ ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်တဲ့အကြောင်း ကတိပေးစကား ပြောကြားခဲ့တယ်လို့ မစ္စတာချောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူကပဲ တောင်နဲ့ မြောက် နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား နီးနီးကပ်ကပ် အကြံဉာဏ်ရယူဖို့နဲ့ စစ်ရေးတင်းမာမှုတွေကို လျှော့ချနိုင်ဖို့အတွက် ဟော့လိုင်း တယ်လီဖုန်းလိုင်း ဖွင့်လှစ်ထားဖို့ကိုလည်း သဘောတူညီမှု ရရှိခဲ့ပြီလို့လည်း မစ္စတာချောင်က ပြန်လည်ပြောပြခဲ့ပါတယ်။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြန်လည်တင်ပြ ပြောဆိုမှုတွေအရ ဆိုရင်တော့ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်လေး ကင်ဂျုံအန်းတယောက် တကယ်ပဲ သူ့နိုင်ငံကို စစ်ရေးအရ အမေရိကန်ရဲ့ ထိုးနှက်တိုက်ခိုက်လာမှာကို စိုးရိမ်လာတာလား။ ဒါဆိုရင် သူ အရင်တုန်းက ကြုံးဝါးခဲ့တာတွေကရော ဟိတ်ဟန်ထုတ်တာ သက်သက်သာ ဖြစ်ပြီး သူ့နိုင်ငံက တကယ်မလုပ်နိုင်တာတွေလား။ ဒါကိုရော အမေရိကန်ပြည်ထောင်စုရဲ့ ထောက်လှမ်းရေးကွန်ရက်တွေက သိထားပြီးနှင့်နေတာလား ဆိုတာတွေကတော့ စဉ်းစားစရာတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ သူ့နိုင်ငံရဲ့ လုံခြုံရေးကို အာမခံနိုင်တယ်ဆိုရင် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းအားထုတ်မှုတွေကို စွန့်လွှတ်လိုက်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်တယ် ဆိုတာတော့ အံ့သြစရာ အလှည့်အပြောင်းတခုလို့ အသေအချာ ပြောနိုင်ပါတယ်။ အဲဒီ ပြောစကားတွေကတော့ တတိယကမ္ဘာစစ် ဖြစ်လာတော့မလားဆိုတဲ့ နိုင်ငံတကာ ပြည်သူလူထုတွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုတော့ အတော်အတန် ငြိမ်းအေးသွားစေနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြန်လည်ပြောပြချက်အရတော့ အမေရိကန်ပြည်ထောင်စုကသာ သူတို့အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင် သူ့ရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ယာယီရပ်ဆိုင်းထားမယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်က သူ့နိုင်ငံအကြောင်း သူသိသလို အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ဟာ တကယ်ပဲ စစ်ရေးအရ သူ့နိုင်ငံကို အရေးယူ တိုက်ခိုက်လာနိုင်တဲ့သူလို့ သူ ယူဆယုံကြည်လာလို့လား။ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကလေးဟာ တကယ်ပဲ အသိတရားကပ်လာ တွေးခေါ်စဉ်းစားလာနိုင်လို့လား။ အဲဒီလိုဆိုရင်တော့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးသာမက ကမ္ဘာတဝန်း ငြိမ်းချမ်းရေးအတွက်ပါ အကောင်းဘက်ကို ပြောင်းလဲလာတဲ့ သဘောလို့ ယူဆရမှာပါ။ ဝမ်းသာရမယ့်ကိစ္စပါ။ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အပြောတခုကတော့ ဖြစ်နိုင်တဲ့ တိုးတက်မှုတခု ဖြစ်ပေမယ့် ကင်ဂျုံအန်း၊ သူ့ဇနီးနဲ့ ညီမတို့ တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲဟာ မှားယွင်းတဲ့ မျှော်လင့်ချက်တခု ဖြစ်သွားနိုင်တယ်လို့လည်း ပြောထားပြန်တော့ အမေရိကန်ပြည်ထောင်စုဘက်က မြောက်ကိုရီးယားခေါင်းဆောင်လေးရဲ့ အပြောကို စိတ်မချသေးဘူး ဆိုတာကိုတော့ တွေ့နေရပါတယ်။ နောက် မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချေအတင် စကားများပြီး ကော်မရှင်က ချက်ချင်း နုတ်ထွက်သွားခဲ့တဲ့ အမေရိကန်သံတမန် ဘီလ်ရစ်ချတ်ဆန်ကလည်း သူ့နိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေကို မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ ယုံကြည်လို့မရတဲ့အကြောင်း၊ သူက “သူတို့ကို ယုံလို့ မရပါဘူး၊ ဒါပေမယ့် ခင်ဗျားတို့ဟာ ခင်ဗျားတို့ အကောင်းဆုံး လုပ်နိုင်တာကိုပဲ လုပ်ရမှာပါပဲ လို့ ကျနော် ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့သလို… “သူတို့မှာ နျူကလီးယားလက်နက်တွေ ရှိတယ်။ ဒုံးကျည်တွေ ရှိတယ်။ သူတို့ဟာ တောင်ကိုရီးယား၊ ဂျပန်နဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေကို ခြိမ်းခြောက်နေကြတာ ဖြစ်တယ်” လို့လည်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးမှတ်ချက်ကတော့ “ကျနော်ထင်ပါတယ်။ ကင်ဂျုံအန်းဟာ ကြိုတင်ပြောဖို့ သိပ်ခက်ခဲပါတယ်။ သူနဲ့  အပေးအယူလုပ်ဖို့လည်း သိပ်ခက်ပါတယ်။ ဒါပေမယ့် သူ့မှာ ပွဲသိမ်းကစားကွက် ရှိနေတယ်။ သူ့ရဲ့ ပွဲသိမ်းကစားကွက်ဟာ သူ့အနေနဲ့ အပေးအယူလုပ်ဖို့ အဆင်သင့်ပဲ ဆိုတာလည်း ဖြစ်နိုင်ပါတယ်” တဲ့။ ငြိမ်းချမ်းရေးကတော့ ကြိုတင်ပြောဆိုဖို့ အလွန်ခက်ခဲတဲ့ အခြေအနေမှာ ရှိနေဆဲပဲ ဖြစ်ပါတယ်။    ။
3 years Ago

July 10, 2017

တစစ ပိုလို့ဆူပွက်လာတဲ့ မြောက်ကိုရီးယားဒုံးကျည်ကိစ္စ

  ဇူလိုင်လ ၄ ရက်နေ့ အင်္ဂါနေ့က မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ဟွာဆောင်း-၁၄ ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်လိုက်တဲ့ ကိစ္စဟာ နိုင်ငံတကာမှာ အတော်ကြီး လှုပ်ရှားရိုက်ခတ်သွားခဲ့ပါတယ်။ တကယ်တော့ မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ ပထမဆုံး နျူကလီးယားဗုံးကို ၂၀၀၆ ခုနှစ်ကတည်းက စမ်းသပ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်းမှာ နျူကလီးယားဗုံးကို သယ်ဆောင်သွားနိုင်မယ့် ဒုံးကျည်တွေကို ဆက်တိုက်လိုလို စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်အစီအစဉ်ဟာ အစပိုင်းမှာကတည်းက စနစ်တကျ တိုးတက်လာခဲ့ပြီး ကင်ဂျုံအန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ထူးထူးခြားခြား တိုးတက်လာတာ တွေ့ရပါတယ်။ မကြာခဏ အမှားအယွင်းတွေဖြစ်ခဲ့ပေမယ့် ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားဟာ နျူကလီးယားဒုံးကျည် ပစ်လွှတ်နိုင်တဲ့ အရည်အသွေးတွေကို အောင်မြင်ရယူနိုင်မယ်ဆိုတာကို သဘောတူလက်ခံခဲ့ကြပါတယ်။ ဇွန်လ ၄ ရက်နေ့ အင်္ဂါနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဟွာဆောင်း-၁၄ ဒုံးကျည်ဟာ ပျံသန်းချိန် ၃၇ မိနစ်အတွင်းမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၄၁ မိုင်အမြင့်ကနေ ခရီးအကွာအဝေး မိုင် ၅၈၀ အထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေးအဖွဲ့က ဒုံးကျည်ကာကွယ်ရေးဆိုင်ရာ အကြီးတန်းအဖွဲ့ဝင်နဲ့ မြောက်ကိုရီးယား ကာကွယ်စောင့်ရှောက်ရေးအုပ်စု ‘၃၈ မြောက်’ ရဲ့ ဆန်းစစ်ဝေဖန်သူ မိုက်ခဲလ် အဲလ်လာမင်းကတော့ “ကျနော်ကတော့ ဒီစမ်းသပ်မှုကို သီတင်းပတ်ကုန်အထိကို အံ့သြစရာတခုလို့ မခေါ်ခဲ့ပါဘူးဗျာ၊ ဘာလို့ဆိုတော့ သူတို့မှာက အတိအလင်း ဖော်ပြပြီးဖြစ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တခု ဖန်တီးဖို့ ရည်မှန်းချက်တခု ရှိပြီးသားပဲလေ။ ဒီစမ်းသပ်မှုဟာ ကာလရှည်ကြာရှိခဲ့ပြီးဖြစ်တဲ့ လုပ်ငန်းစဉ်တခုရဲ့ အစိတ်အပိုင်းတခုဖြစ်သလို ကျနော်ကတော့ နောက်ထပ်စမ်းသပ်မှုတွေကို တွေ့မြင်ရလိမ့်ဦးမယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရအဖွဲ့က မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည် တခုကို ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ နောက် ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတခုကို ဂျပန်ပင်လယ်ပြင်ထဲမှာ ပြုလုပ်ခဲ့တဲ့အတွက် ဒုံးကျည်စမ်းသပ်မှုတွေကို လျှော့ချဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောင်းဆိုနေတဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေနဲ့ သဘောထားကွဲလွဲစရာ တုံ့ပြန်မှုတခုလို့ ပြောရမှာပါပဲ။ ဒီအချိန်မှာပဲ မြောက်ကိုရီးယားကလည်း နျူကလီးယားလက်နက်နဲ့ ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့တနေရာရာကို ပစ်ခတ်နိုင်ရေး ရည်မှန်းချက်ကို ထပ်တလဲလဲ ပြောဆို ဆောင်ရွက်နေခဲ့ပါတယ်။ အင်္ဂါနေ့က မြောက်ကိုရီးယားနိုင်ငံရဲ့ အောင်မြင်တဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုဟာ ဧပြီလအတွင်းက စမ်းသပ်ပစ်ခတ်မှု အပါအဝင် မအောင်မြင်တဲ့ တသီတတန်း စမ်းသပ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ထပ်ပြီး ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ ဒီတကြိမ်ပစ်ခတ်ရာမှာ အလွန့်အလွန် မတ်စောက်တဲ့ ဝေဟင်လမ်းကြောင်းနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပေမယ့် ကျွမ်းကျင်သူတွေကတော့ သူ့ရဲ့ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်၊ အကွာအဝေးနဲ့ ပျံသန်းချိန်တွေအရ ဟွာဆောင်း-၁၄ ဒုံးကျည်ဟာ အကွာအဝေးတာ ၄၀၃၉ မိုင် ဒါမှမဟုတ် ဒီထက်ပိုဝေးဝေး ရောက်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ အမေရိကန် အလတ်စကာပြည်နယ်နဲ့ ဟာဝိုင်ရီအထိ၊ နောက် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံကို အန္တရာယ်ပေးနိုင်မှာဖြစ်သလို ရုရှားနိုင်ငံ မော်စကိုလို ပစ်မှတ်မျိုးတွေအထိ ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ ယူဆရပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှုကို ခြေရာခံလိုက်တဲ့အခါ အထူးစိန်ခေါ်မှုတခုအဖြစ် သတ်မှတ်လို့ ရတယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။ ဒီ ဟွာဆောင်-၁၄ ဒုံးကျည်ကို သူ့ရဲ့ စစ်ရေးပြအခမ်းအနားမှာ အရင်က ထုတ်ပြပြီးဖြစ်ပေမယ့် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ “ကျနော်တို့ အရင်က မမြင်ဖူးခဲ့ဘူး” လို့ ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ကြပါတယ်။ အဲဒါက မြောက်ကိုရီးယား အင်ဂျင်နီယာတွေဟာ အဲဒီစစ်ရေးပြအခမ်းအနားမှာ လူထုကို ထုတ်ပြလိုက်ကတည်းက ဒီဒုံးကျည်ကို သင့်တော်ကောင်းမွန်အောင် လုပ်ထားနိုင်ခဲ့ပြီးဖြစ်တယ် ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆန်းစစ်ဝေဖန်သူတွေက ဒီဒုံးကျည်ဟာ အလေးချိန်ဘယ်လောက်ကို သယ်ဆောင်နိုင်တယ်၊ လေထုလွှာထဲ ပြန်ဝင်ရောက်အောင် ဘယ်လို ကိုင်တွယ်ထိန်းချုပ်ထားတယ်၊ ပစ်မှတ်ကို တခါတည်း သတ်မှတ်ပစ်ခတ်နိုင်သလား၊ ပစ်မှတ်ကို တကယ်ပဲ ရောက်နိုင်သလား ဆိုတာတွေကိုတော့ အသေအချာ မပြောနိုင်ကြသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့က မြောက်ကိုရီးယားရဲ့ အရည်အချင်းကို လျှော့မတွက်ကြဖို့၊ အထူးသဖြင့် ပစ်မှတ်ချိန်တဲ့နည်းပညာ၊ ဒုံးကျည်ထဲမှာ ထည့်သွင်းနေရာချလို့ရတဲ့အထိ ထိပ်ဖူးတွေကို သေးငယ်အောင် တည်ဆောက်တဲ့ နည်းပညာရပ်တွေမှာ ဖြစ်တယ်လို့ သတိပေးထားခဲ့ပါတယ်။ တကယ်လည်း မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်ဖွံ့ဖြိုးတိုးတက်မှုဟာ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပါတယ်။ အခုအချိန်မှာတော့ မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုနဲ့ တခြား ကျန်တဲ့ ကမ္ဘာ့နေရာ တော်တော်များများကို ခြိမ်းခြောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ပိုင်ဆိုင်ဖို့ နှစ်နည်းနည်းတော့ လိုလိမ့်ဦးမယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် အင်္ဂါနေ့က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုအပြီး ဗုဒ္ဓဟူးနေ့မှာ အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲပြီး ဒုံးကျည်ပစ်ခတ်စစ်ရေး လေ့ကျင့်မှုတခု ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားကို စစ်ရေးနဲ့ တုံ့ပြန်ကောင်း တုံ့ပြန်နိုင်တယ်ဆိုတာကို အရိပ်အမြွက် ပြသခဲ့သလို မြောက်ကိုရီးယားနဲ့ စီးပွားရေးလုပ်ကိုင်တဲ့နိုင်ငံ ဘယ်နိုင်ငံကိုမဆို ကုလသမဂ္ဂရဲ့ ပိုမိုကျယ်ပြန့်တဲ့ အရေးယူဒဏ်ခတ်မှု ပြုလုပ်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဇူလုင်လ ၄ ရက် ဒုံးကျည်ပစ်ခတ် စမ်းသပ်မှုဟာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက်နေ့ ဖြစ်နေတဲ့အတွက် ကင်ဂျုံအန်းက သူ့နိုင်ငံရဲ့ဒုံးကျည်ကို အမေရိကန်နိုင်ငံအတွက် လက်ဆောင်တခုအဖြစ် ဖော်ပြပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို ပြစ်တင်ပြောဆိုခဲ့ပြီး ကုလသမဂ္ဂက ပိုမိုကျယ်ပြန့်တဲ့ အရေးယူဒဏ်ခတ်မှု ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားရဲ့ အရေးကြီးတဲ့ စီးပွားဘက်ဖြစ်တဲ့ တရုတ်နိုင်ငံကို အရေးယူ ပိတ်ဆို့ဖို့ ရည်ရွယ်တယ်လို့လည်း ယူဆရပါတယ်။ တကယ်တော့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်-တရုတ် ကုန်သွယ်ရေးဆက်ဆံမှုကို တိုးတက်အောင်လုပ်ပြီး ကိုရီးယားပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ပါဝင်ကူညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ပင်ကို တွန်းအားပေးချင်ခဲ့သလို တရုတ်က ဒီထက်ပိုပြီး ကူညီဆောင်ရွက်မှု မလုပ်ဘူးဆိုရင်တော့ နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံမှုဟာ ပိုပြီး ဆိုးဝါးသွားနိုင်တယ်လို့လည်း ခြိမ်းခြောက်ချင်တဲ့သဘော ရှိပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီ ဟေလီ ကတော့ “မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးလုပ်တာကို ခွင့်ပြုထား၊ အားပေးအားမြှောက်လုပ်နေတဲ့ နိုင်ငံတွေရှိပါတယ်။ တကယ်လို့ အဲဒီနိုင်ငံတွေက အမေရိကန်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ကုန်သွယ်ရေးဆက်ဆံမှု လုပ်ချင်တယ်ဆိုရင်တော့ အဲဒီလိုဖြစ်မှာမဟုတ်ပါဘူး” လို့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ အရေးပေါ် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ မိစ်ဟေလီက “ကျမတို့က မြောက်ကိုရီးယားနိုင်ငံ တခုတည်းကို သီးခြားခွဲကြည့်မှာ မဟုတ်ပါဘူး။ ဒီဥပဒေချိုးဖောက်တဲ့ နိုင်ငံနဲ့ စီးပွားရေးလုပ်နေတဲ့ နိုင်ငံတွေကိုလည်း ကြည့်မှာဖြစ်ပါတယ်” လို့ တင်းမာတော့မယ့် အမေရိကန်နိုင်ငံရဲ့ အနေအထားကို ပြောဆိုရင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ မိစ်ဟေလီက တရုတ်နိုင်ငံကို တသီးတခြား ခြိမ်းခြောက်ပြောဆိုတာမျိုးတော့ မလုပ်ခဲ့ပေမယ့် သူက မြောက်ကိုရီးယားနိုင်ငံရဲ့ ကုန်သွယ်ရေး ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံနဲ့ လုပ်ဆောင်နေတာဖြစ်လို့ “ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုက တရုတ်နိုင်ငံအပေါ်မှာပဲ ဝန်ပိသွားမှာပါပဲ” လို့လည်း ပြောကြားခဲ့ပါတယ်။ တကယ်တော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုတွေအတွက် သောကရောက်နေ၊ ဒေါသဖြစ်နေတဲ့ နိုင်ငံဟာ အမေရိကန် တနိုင်ငံတည်း မဟုတ်ပါဘူး။ သူနဲ့ကပ်ရက် တောင်ကိုရီးယားနိုင်ငံနဲ့ သူ့နိုင်ငံပင်လယ်ပြင်ထဲအထိ ကျရောက်နေတဲ့ ဒုံးကျည်တွေရဲ့ အန္တရာယ်အတွက် စိတ်ဆိုးဒေါသဖြစ် ကန့်ကွက်ပြစ်တင်နေရတဲ့ ဂျပန်နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီအတွက် မြောက်ကိုရီးယားက ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး နျူကလီးယား စမ်းသပ်မှုတွေ၊ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်တဲ့အခါတိုင်း အမေရိကန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံနဲ့ရော ဂျပန်နိုင်ငံနဲ့ပါ ဆွေးနွေးတိုင်ပင်ရလေ့ ရှိပါတယ်။ သိပ်မကြာခင်က မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ စစ်ဖြစ်တော့မယ့် အဆင့်အထိ ဖြစ်သွားခဲ့ရတဲ့ အခြေအနေကို စာဖတ်သူတွေ သတိရကြပါလိမ့်ဦးမယ်။ အဲဒီအခြေအနေဟာ ကမ္ဘာစစ်တခုဖြစ်ဖို့အထိ အခြေအနေ မရောက်နိုင်ဘူး ဆိုတာတောင်မှ ဒေသစစ်တော့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲဒီအချိန်မှာတော့ တရုတ်နိုင်ငံကပါ မြောက်ကိုရီးယားနိုင်ငံကို သတိပေး ဟန့်တားပေးခဲ့တာကို တွေ့ရပါတယ်။ ခု ဇူလိုင်လ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ဒုံးကျည် ဖြစ်တယ်ဆိုရင် စမ်းသပ်ပစ်ခတ်မှုဟာ အောင်မြင်သွားတယ်လို့ ဆိုတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ခံရလေ့ရှိတဲ့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကတော့ အနည်းဆုံး စိတ်အနှောင့်အယှက်ဖြစ်ကြရမှာ ဖြစ်သလို ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းစေချင်ကြမှာပါပဲ။ ကုလသမဂ္ဂအဖွဲ့ကြီးက အရင်ကထက် ပိုပြီး ကျယ်ပြန့်ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ လုပ်ခဲ့ရင်ရော မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တကယ်တန်း ရပ်ဆိုင်းပါ့မလား။ မရပ်ဆိုင်းခဲ့ရင် အရေးယူ ဒဏ်ခတ်မှုဒဏ်ကို ခံကြရမယ့် မြောက်ကိုရီးယား ပြည်သူတွေရဲ့ ဒုက္ခက သေးပါ့မလား။ ဒီအခြေအနေကို ကုလသမဂ္ဂအဖွဲ့ကြီးက ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာ ခေါင်းဆောင်တွေက တတ်နိုင်သမျှ ဝိုင်းဝန်းစဉ်းစား ကူညီဆောင်ရွက်ပေးကြဖို့ လိုပါလိမ့်မယ်။ ကမ္ဘာပေါ်က ဒေသတခုက ပြဿနာဟာ ကမ္ဘာတဝှမ်းလုံးရဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ ပြဿနာဟာ ငယ်ရာက ကြီးလာတာနဲ့အမျှ ကမ္ဘာတဝှမ်းလုံးကို တနည်းနည်းနဲ့ ရိုက်ခတ်လာတတ်တဲ့သဘောကို ကျနော်တို့ သတိထားကြဖို့ လိုအပ်မှာဖြစ်တဲ့အကြောင်း။  ။ စိုးနေလင်း
4 years Ago
More News
Up