စိုးရိမ်ရေမှတ်

September 22, 2021

ကန့်ဘလူမြို့နယ်ထဲက ပေကြီးဆည် စိုးရိမ်ရေမှတ်ရောက်ရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေကြီးရွာနဲ့ ဖုတ်ကုန်းရွာကြားမှာရှိတဲ့ ပေကြီးဆည်ဟာ မိုးရွာသွန်းမှုများပြားတာကြောင့် ဆည်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ် ရောက်ရှိနေတာကြောင့် ဆည်အောက်က ကျေးရွာ ၅ ရွာကျော်က ဒေသခံတွေ ရေကြီးနစ်မြုပ်မှုအန္တရာယ် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “စက်တင်ဘာ ၁၉/၂၀ ရက်မှာ မိုးကြီးကြီး ထပ်ရွာလိုက်တော့ ဆည်ရေက တော်တော်တက်လာတယ်။ အခုစိုးရိမ်ရေမှတ်အထိရောက်နေပြီ၊ တချို့နေရာတွေဆိုရင် ရေကျော်တဲ့နေရာ ကျော်နေတာပေါ့။  ဆည်ကျိုးကြမယ်ဆိုရင် ဆူးတပ်၊ ဆင်နင်း၊ မန်ကျီးကုန်းရွာတွေက တော်တော်လေး စိုးရိမ်ရတယ်၊ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်” လို့ ပြောပါတယ်။

မန်ကျီးကုန်း၊ ဖုတ်ကုန်း၊ ဆူးတပ်၊ ဆင်နင်း၊ သရက်ကန်ကြီး၊ မင်းယာတော စတဲ့ ကျေးရွာတွေဟာ ရေကြီးနစ်မြုပ်မှုနဲ့ ရင်ဆိုင်ရနိုင်ပြီး လယ်ယာမြေဧက ငါးထောင်ခန့်အထိ ပျက်စီးနိုင်သလို လူနဲ့တိရစ္ဆာန်တွေရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အရင်က ဆည်မြောင်းဝန်ထမ်းတွေ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆည်စောင့်ဖို့ စစ်သားတွေ ရောက်လာကြကာ ဆည်ဘောင်ပြုပြင်ခြင်းမရှိတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က ဆည်အောက်ကရွာသူရွာသားတွေကို မိုက်နဲ့ခေါ်ပြီး ဆည်ဘောင်ထပ် လုပ်အားပေးခိုင်းနေတယ်လို့ သိရပါတယ်။

ပေကြီးကုန်းဆည်ကို ၂၀၀၇/၂၀၀၈ ခုနှစ်ခန့်က တည်ဆောက်ခဲ့တာဖြစ်ပြီး၊ မိုးရွာ‌ရေစုဆောင်းတဲ့ တဖက်ဆည်အမျိုးအစားဖြစ်ကာ အခုလို ဆည်ရေများပြားပြီး စိုးရိမ်ရေမှတ်ရောက်တာ ဒီတကြိမ်ပဲရှိသေးတာလို့ သိရပါတယ်။

4 months Ago

August 29, 2021

မုံရွာတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်နီးလာသဖြင့် သဲအိတ်များကာရံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် နီးလာတဲ့အတွက် ကမ်းနားလမ်းမှာ သြဂုတ် ၂၉ ရက်က သဲအိတ်တွေ စီထပ်ကာရံနေတယ်လို့ မုံရွာမြို့နည်စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။

မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်ရေဟာ ဒီမနက်ပိုင်းက မြစ်ရေမှတ် ၉၆၃ စင်တီမီတာ ရောက်နေပြီး စိုးရိမ်ရေမှတ်ရောက်ရှိဖို့  ၁ ပေကျော် (၃၇စင်တီမီတာ)လောက်သာ လိုတော့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့နယ်စည်ပင်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး  ကမ်းနားလမ်း ဇက်ကူးတို့ဆိပ်နဲ့  Denko ဆီဆိုင်အနီးတို့မှာ  သဲအိတ် ၁၀၀၀ စီထပ်ကာရံနေတာပါ။

ဒါ့အပြင် မုံရွာမြို့ရှိ ညောင်ကိုင်းအင်းရေတံခါး၊ ငါးပေါက်တွဲရေတံခါး၊ ဆည်ပေါက်တွဲရေတံခါးတို့ကိုလည်း ကွင်းဆင်းစစ်ဆေးနေတယ်လို့ သိပါတယ်။ 

Photo - မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့

5 months Ago
More News
Up