ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မတ်လ ၈ ရက်မနက်က သတင်းယူရင်း ဖမ်းဆီးခံရတဲ့ Eastern Review အယ်ဒီတာချုပ်ကို ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
သတင်းယူနေရင်း အဖမ်းခံထားရတဲ့ Eastern Review အယ်ဒီတာချုပ် စိုင်းဇင်ဒီဒီဇုံကို သတင်းသမားမှန်ကန်ကြောင်း တောင်ကြီးမြို့သတင်းသမားတွေက အတည်ပြုပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှ နေ့ခင်းပိုင်းမှာ ပြန်လည်လွှတ်ပေးလိုက်တာပါ။
ဖမ်းဆီးခံရစဉ်မှာ ရိုက်နှက်ခံရတာမရှိသလို အတင်းအဓမ္မစစ်ဆေးတာတွေလည်း မကြုံခဲ့ဘူးလို့ အဖမ်းခံရသူကပြောပါတယ်။
တောင်ကြီးမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က ရပ်ကွက်ထဲအထိ အကြမ်းဖက် လိုက်လံဖြိုခွဲနေပေမဲ့ ပြည်သူတွေကတော့ ဆက်လက်ဆန္ဒပြနေကြပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးအခြေစိုက် Eastern Review အရှေ့ပိုင်းရီဗျူးသတင်းဌာန ထူထောင်သူနဲ့ Hsenpai ရှမ်းသတင်းဌာန တာဝန်ခံအယ်ဒီတာ စိုင်းဇင်ဒီဒီဇုံဟာ တောင်ကြီးမြို့ လမ်းမကြီးပေါ်မှာ တာဝန်အရ သတင်းယူနေစဉ် သပိတ်ဖြိုခွင်းရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။
ဒီကနေ့ နေ့ခင်း ၁၂ နာရီလောက်က တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် အနောက်မြို့ပတ်လမ်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေကို ပိတ်ဆို့ဝိုင်းရံထားနေစဉ် စိုင်းဇင်ဒီဒီဇုံက အဝေးကနေ ဓာတ်ပုံရိုက်တာကို လာဖမ်းသွားတာလို့ တောင်ကြီးဒေသခံ စိုင်းဦးက ဒီဗွီဘီကို ပြောပါတယ်။
“လုံခြုံရေးတပ်ဖွဲ့တွေက အနောက်မြို့ပတ်လမ်းက ပိတ်ဆို့နေတာကို သူက အဝေးကနေပဲ ဓာတ်ပုံရိုက်နေတာပါခင်ဗျ။ အဲဒါကို လာဖမ်းသွားတာပါ၊ လမ်းမကြီးပေါ်မှာပါ။ ကျနော်တို့ တွေ့ရတဲ့ထိတော့ ရဲစခန်းကိုတော့ မခေါ်သွားသေးဘူး။ လုံခြုံရေးတပ်ဖွဲ့တွေ ကားလာရပ်ထား တဲ့ နေရာမှာ ထိန်းသိမ်းထားတယ်။ သူ့ကိုပြန်လွှတ်ပေးဖို့ သတင်းဌာနတာဝန်ရှိသူတွေရော အသိမိတ်ဆွေတွေပါ သွားပြီးတော့ တောင်းဆိုနေကြပါတယ်။ ပြန်လွတ်လာဖို့ မျှော်လင့်နေပါတယ်ခင်ဗျ။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ လွတ်မြောက်ရေးအတွက် လိုက်လံဆောင်ရွက်နေတဲ့ Hsenpai ရှမ်းသတင်းဌာန အယ်ဒီတာချုပ် ဟိဏ်းကာယန်းက ဒီဗွီဘီကို ခုလို ပြောပါတယ်။
“Eastern Review သတင်းဌာန တည်ထောင်သူနဲ့ Hsenpai တာဝန်ခံအယ်ဒီတာ စိုင်းဇင်ဒီဒီဇုံကို သပိတ်ဖြိုခွင်းရေးအဖွဲ့တွေ ဖမ်းလိုက်တာဟာ မီဒီယာကိုပါ ရန်ဘက်သဘောထားလိုက်တာပဲ၊ ဒါဟာ လုံးဝ ဥပဒေမဲ့ ကျင့်ဝတ်မဲ့ စော်ကားမှုပဲ။ တရားဥပဒေစိုးမိုးရေး လုပ်ရမည့်လူတွေကိုယ်တိုင် တရားမဲ့ကျူးလွန်နေတာကို လုံးဝကန့်ကွက်တယ်။ အပြစ်မဲ့သတင်းသမားကို ချက်ချင်း ပြန်လွှတ်ပေးပါ။ လူထုအုံကြွမှု လူငယ်ထုရဲ့ သည်းခံနိုင်မှုတွေ ဒိထက်အရှိန်မတက်ခင် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အလေးအနက် တောင်းဆိုပါတယ်။”
တောင်ကြီးမှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြမှု နေ့စဉ်လိုရှိနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း မျက်ရည်ယိုဗုံးနဲ့ ပစ်ပေါက်တာ ရာဘာကျည်တွေနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။
သပိတ်စစ်ကြောင်းက လူစုကွဲသွားရင် ရပ်ကွက်ထဲကလူနေအိမ်တွေထဲ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေရှိနေပြီး ခုတပတ်ထဲမှာ အနည်းဆုံး လူ ၅၀ လောက် ဖမ်းဆီးခံထားရပါတယ်။