စိုက်ပျိုးရေ အခက်ကြုံနေ

August 10, 2019

ရွှေဘိုခရိုင်အတွင်း မိုးမရွာ၍ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေ အခက်ကြုံနေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းက ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ တန့်ဆည်နဲ့ ဒီပဲယင်းမြို့နယ်တွေက မိုးစပါးစိုက်လယ်သမားတွေဟာ အခုချိန်အထိ မိုးမရွာသွန်းသေးတာကြောင့် စိုက်ပျိုးရေအတွက် အခက်အခဲကြုံတွေ့နေကြပါတယ်။ သြဂုတ်လလယ်ပိုင်း လယ်စိုက်ချိန်ရောက်နေပြီဖြစ်ပေမယ့် စိုက်ပျိုးရေ အလုံအလောက်မရရှိတာကြောင့် လယ်သမားတွေဟာ လက်ရိုက်ပိုက်တွင်းတူးပြီး လောလောဆယ် အခက်အခဲ ဖြေရှင်နေကြရတယ်လို့ ဝက်လက်မြို့နယ် လယ်သမား ဦးဝင်းမြိုင်က ပြောပါတယ်။ ရွှေဘိုခရိုင်အတွင်းက လယ်ဧက ၄ သိန်းလောက်ဟာ သဖန်းဆိပ်ရေလှောင်တမံက ရေကို အဓိကအားထားနေရတာဖြစ်ပြီး သဖန်းဆိပ်ရေလှောင်တမံရဲ့ ရေဝင်ဧရိယာတွေမှာလည်း မိုးရွာသွန်းမှု နည်းပါးနေလို့ တမံရေအမှတ် တောက်လျှောက်ကျဆင်းနေတယ်လို့ သဖန်းဆိပ်တမံ ထိန်းသိမ်းရေးဦးစီးအရာရှိ ဦးသက်ဝေထွန်းကပြောပါတယ်။  လယ်ဧက ၅ သိန်းလောက် ရေပေးဝေဖို့ လျာထားခဲ့ပေမဲ့ လောလောဆယ် မိုးအခြေအနေအရ ဧက အပြည့်အဝ ရေပေးဝေနိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။ ခရိုင်ဆည်မြောင်းဦစီးဌာနအနေနဲ့ သက်ဆိုင်ရာမြို့နယ်ဆည်မြောင်းဌာန တွေနဲ့ချိတ်ဆက်ပြီး လယ်သမားတွေကို ရေအသုံးချမှု စနစ်တကျရှိစေဖို့ အသိပညာပေး လုပ်ငန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ တိုင်းနဲ့ပြည်နယ် ၃ ခုက မြို့နယ် ၁၂ ခုတို့မှာတော့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ ၁၉၉၇/၉၈ ခုနှစ်တွေတုန်းကလည်း စစ်ကိုင်းတိုင်း မြို့နယ်အချို့မှာ အခုလို မိုးခေါင်တာမျိုး ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အောင်စံလင်း
2 years Ago
Up