စိုက်ခင်း

June 17, 2020

တိုက်ကြီးမြို့နယ်ရှိ စိုက်ခင်းနှင့်နေအိမ်များကို တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီး (ရုပ်သံ)

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စုမှာ တောဆင် တစ်ကောင် ဇွန် ၁၂ ရက်နေ့ကစတင်ပြီး နေ့စဉ် အိမ်တွေကို ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့ ဦးစိုးမြင့်က “၁၂ ရက်ည ၁၂ နာရီကျော်အချိန်က ဝင်လာတယ်။ အိမ်အကာတွေကို ဖျက်ဆီးပြီး တဲမှာရှိတာတွေကို စားသောက်ဖျက်ဆီးသွားတယ်။ မောင်းထုက်လိုက်တော့ ဘေးနားက ခြံကိုဝင်သွားပြီး အိမ်ကိုပါ ဖျက်ဆီးသွားတယ်။ ခြံထဲမှာမနေရဲလို့ ရွာထဲမှာ ပြန်နေရတယ်။ ဒီမနက်  (၁၆ ရက်နေ့) ၈ နာရီ လောက်တခါပြန်ဝင်လာတယ်။ အိမ်အကာတွေဖျက်ဆီးပြီး အထဲက ပစ္စည်းတွေကို မွှေနှောက်သွားတယ်” လို့ ပြောပါတယ်။ ညဘက်အချိန်တွေမှာ ဝင်နေတာကြောင့် လူတွေအတွက်အန္တရာယ်ရှိနေတယ်လို့ နေအိမ်ဖျက်ဆီးခံရတဲ့ ဦးသန်းထွန်းက ပြောပါတယ်။  “အရင်နှစ်တွေထက် ဒီနှစ်ပိုင်းပိုဆိုးလာပြီး လူတွေကိုပါ အန္တရာယ်ပေးလာတဲ့အတွက် စိုးရိမ်နေရပြီး ဆင်တွေကြောင့် လူသေဆုံးတာတွေနဲ့ ထိခိုက်တာတွေပါရှိနေတယ်။ ဒါကြောင့်ဆင်တွေကို ထိန်းသိမ်းပေးစေချင်တယ်။” ဇွန် ၁၂ ရက်နေ့က (ဒေသခေါ်)ဂျစ်ကားအမည်ရှိ အဲဒီတောဆင်ဟာ လိမ္မော်ခြံကျေးရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၃ လုံး ဖျက်ဆီးခဲ့ပါတယ်။ ဒီနောက် ကျေးရွာအနီးအနားမှာပဲ ဆက်နေပြီး ဇွန်လ ၁၆ ရက်နေ့မှာ ထပ်မံဝင်ရောက်ပြီး ဆင်စခန်းကျေးရွာအုပ်စုက နေအိမ် ၁ လုံးနဲ့ ပိုက်လုံးစုကျေးရွာက နေအိမ် ၁ လုံးကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောပါတယ်။ “ဆင်က နေအိမ်တွေ ဖျက်ဆီးခဲ့ပြီး ကျေးရွာအနီးအနားမှာ ဆက်နေတာကြောင့် ရွာသားတွေနဲ့ မောင်းထုတ်နေရတယ်။ သစ်တောဦးစီးဌာနကို လာရောက်မောင်းပေးဖို့ အကူအညီတောင်းခံထားပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့ မိသားစုဝင်တွေအတွက် မြို့နယ်အုပ်ချူပ်ရေးမှူးရုံးကို တင်ပြထားပါတယ်။” တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းတွေကြောင့် နှစ်စဉ် စပါး၊ ကြံနဲ့ အခြားစိုက်ခင်း ဧက ထောင်ချီ ဖျက်ဆီးခံနေရတာပါ။ ကျေးရွာတွေထဲဝင်ရောက်ပြီး နေအိမ်တွေကို ဖျက်ဆီးပြီး အစားအသောက်ရှာဖွေစားသောက်ကာ လူတွေကိုလည်း အန္တရာယ်ပေးတာတွေ ဖြစ်ပေါ်နေပါတယ်။  နှစ်စဉ် တောဆင်ရိုင်းကြောင့် လူသေဆုံးတာတွေ ရှိသလို့ ဒေသခံတောင်သူတွေလည်း လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ မေသွယ်
11 months Ago

March 5, 2020

ဟွန်ဒူးရပ်စ်တွင် ကိုကင်းထုတ်လုပ်သည့်စိုက်ခင်းနှင့် ဓာတ်ခွဲခန်းတွေ့ရှိ

ဟွန်ဒူးရပ်စ်နိုင်ငံ ကိုလွန်ဒေသမှာ  ကိုကာစိုက်ခင်းတခုနဲ့ ကိုကင်းထုတ်လုပ်တဲ့ ယာယီ ဓာတ်ခွဲခန်းတခုကို အာဏာပိုင်တွေက မတ် ၃ ရက်မှာ ရှာတွေ့ခဲ့ပါတယ်။ အာဏာပိုင်တွေ ပြောကြားချက်အရ ကိုကာပင်ပေါင်း ၂၅၀၀ လောက်နဲ့ ကိုကင်း ၁၀ ကီလိုကို သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။ မူးယစ်တိုက်ဖျက်ရေးအဖွဲ့အကြီးအကဲက ရဲတပ်ဖွဲ့ဟာ ကိုကာစိုက်ခင်းတွေကို ဖျက်ဆီးနေပြီး ကိုကာပင်တွေဟာ အမြင့် ၁ မီတာခွဲလောက်အထိ ရှိတယ်လို့ ပြောပါတယ်။  မူးယစ်ကုန်သည်တွေဟာ မက္ကဆီကိုနဲ့အမေရိကန်ဆီ မူးယစ်ဆေး ပို့ဆောင်ရာမှာ ဟွန်ဒူးရပ်စ်ဟာ နာမည်ကြီး ကြားခံနိုင်ငံတခု ဖြစ်နေပါတယ်။  ၂၀၁၈ ဧပြီလတုန်းကလည်း ဟွန်ဒူးရပ်စ်အာဏာပိုင်တွေဟာ တယ်ဂူစီဂါလာပါဒေသ အရှေ့ပိုင်း  တောင်ထူထပ်ရာ နေရာမှာ ၇၀ ဒသမ ၄ ဧက အကျယ်အဝန်းရှိတဲ့ ကိုကာစိုက်ကင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ 
1 year Ago
Up