စိမ့်တော

August 10, 2021

ဘရာဇီးတွင် တောမီးကြောင့် စိမ့်တောဟက်တာ ၁,၀၀၀ ခန့် မီးလောင်ကျွမ်း

ဘရာဇီးနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး စိမ့်မြေဒေသမှာ ၂ ရက် ဆက်တောမီးလောင်လို့ စိမ့်တော ဟက်တာ ၁,၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ သုတေသီတယောက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက သြဂုတ် ၁၀ ရက်မှာ ဖော်ပြထားပါတယ်။

သြဂုတ် ၇ ရက်မှာ စတင်လောင်ကျွမ်းတဲ့ မီးဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှု ဖြစ်ပြီး အခြေအနေကို ထိန်းချုပ်က ပိုခက်လာနေတယ်လို့ အမေဇုံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအဖွဲ့အစည်းရဲ့ သိပ္ပံဆိုင်ရာညွှန်မှူး အေနီအလန်ကာက ပြောပါတယ်။

လာမယ့် ဆယ်စုနှစ် နည်းနည်းအတွင်း ဘရာဇီးမှာ အပူချိန် ၄ ဒီဂရီ ဆဲလ်စီးယပ်စ်ကနေ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်လာနိုင်တယ်လို့လည်း သူက ထောက်ပြပါတယ်။ အမေဇုံသစ်တောမှာ လောင်တဲ့ မီးတွေဟာ များသောအားဖြင့် လူကြောင့်ဖြစ်တာ များပါတယ်။

သဘာဝအလျောက် တောမီးလောင်တာ အလွန်အမင်း ရှားပါတယ်။ ယေဘုယျအားဖြင့် သစ်ထုတ်သမားတွေက အဖိုးတန်သစ်ပင်တွေကို တရားမဝင် ခုတ်လှဲသလို မြေကျူးကျော်သူတွေကလည်း ကျွဲ၊ နွားတွေအတွက် မြေရှင်းဖို့ မီးရှို့ကြပါတယ်။

သမားရိုးကျ စိုက်ပျိုးရေးအတွက်လည်း သစ်တောကို မီးရှို့တဲ့နည်းကို သုံးကြပါသေးတယ်။ ပူပြင်းတဲ့ရာသီဥတုကြောင့် မီးက ထိန်းမရဘဲ လောင်တဲ့နှုန်းကို ပိုတိုးစေပါတယ်။

တောမီးနဲ့ သစ်တောပြုန်းတီးမှု ကာကွယ်ရေးအတွက် ကြိုတင်သတိထားတဲ့အနေနဲ့ ဇူလိုင်လမှာ ဘရာဇီးသမ္မတက နိုင်ငံအတွင်း လေဟာပြင် မီးရှို့မှုကို ရက် ၁၂၀ တားမြစ်ပိတ်ပင်ခဲ့ပြီး စစ်တပ်ကို တပ်ချထားခဲ့ရပါတယ်။

4 months Ago
Up