ဗာတီကန်စီးတီးရှိ စိန့်ပီတာရင်ပြင်မှာ ဧပြီ ၁၀ ရက်က ကျင်းပတဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ Good Friday ဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဦးဆောင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် စိန့်ပီတာရင်ပြင်မှာ ဧည့်ပရိသတ်ကင်းမဲ့နေပြီး ပုပ်ရဟန်းမင်းကြီးဟာ ဆုတောင်းပွဲတက်ရောက်တဲ့ အကျဉ်းသားနဲ့ ထိခိုက်နစ်နာသူတွေရဲ့ ဝမ်းနည်း စကားတွေကို ကြားနာခဲ့ပါတယ်။
ဒီဆုတောင်းပွဲဟာ ခရစ်တော်ရဲ့ နောက်ဆုံးအချိန်ကို အောက်မေ့သတိရ ကျင်းပတာဖြစ်ပြီး ၁၉၆၄ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါလ်က ခေတ်သစ်အစဉ်အလာကို ပြန်အသက်သွင်းပြီး နောက်ပိုင်း ပထမဆုံးအကြိမ် စီတန်းလှည့်လည်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။
ဆုတောင်းပွဲ ပါဝင်ဆင်နွှဲသူ ၁၀ ယောက်မှာ တဝက်က အီတလီအကျဉ်းထောင် အကျဉ်းသားတွေဖြစ်ပြီး ကျန်တဝက်ကတော့ ဗာတီကန် ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ကြပါတယ်။
အဲဒီနောက် ပါဝင်ဆင်နွှဲသူတွေက ကားစင်တင် ခရစ်တော် ရုပ်တုရှေ့မှာ ဝတ်ပြုဆုတောင်းခဲ့ပါတယ်။
အဲဒီ သစ်သားကားစင် ခရစ်တော်ရုပ်တုကို ပုံမှန်အားဖြင့် ရောမဘုရားကျောင်းမှာ ထားရှိပြိး အထူးအခါသမယတွေမှာ ဗာတီကန်ကို ဆောင်ယူလေ့ရှိပါတယ်။
၁၅၂၂ ခုနှစ် ရောမမြို့ ပလိပ်ရောဂါကပ်ဆိုက်ချိန် အဲဒီခရစ်တော်ရုပ်တုကို ဆောင်ယူပြီး မြို့ထဲမှာ ၁၆ ရက် လှည့်လည်ခဲ့ပြီးနောက် ကပ်ရောဂါ လျော့ကျသွားခဲ့တယ်လို့ အစဉ်အလာတွေ အရ သိရပါတယ်။
11 months Ago