စိတ်ကြွရူးသွပ်ဆေး

A d v e r t i s e m e n t With Us

December 28, 2020

လွိုင်ကော်မြို့နယ်၌ ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးရမိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။  မိုးနဲဘက်မှ လွိုင်ကော်ဘက်သို့ မူးယစ်ဆေးဝါး ပမာဏအများအပြား သယ်ဆောင်လာမယ့်သတင်းအရ  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က  ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီမှာ SKAT အမျိုးအစားမော်တော်ယာဉ်ရောက်ရှိလာလို့ အဆိုပါယာဉ်ကို  လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် မနက် ၄ နာရီခွဲအချိန် လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ လွယ်တမူကျေးရွာအနီး ကြိုတင်စောင့်ဆိုင်းနေတဲ့ ပိတ်ဆို့ရေး အဖွဲ့နဲ့ ပူးပေါင်းပြီး  တားဆီးစစ်ဆေးခဲ့တာလို့ဆိုပါတယ်။ ယာဉ်မောင်း ထွန်းနိုင်(ခ)မောင်စိ မောင်းနှင်ပြီး ခွန်းမာချယ်သိန်း လိုက်ပါလာတဲ့ အဆိုပါ မော်တော်ယာဉ်ကို အသေးစိတ်ရှာဖွေရာ ယာဉ်ရဲ့ ကိုယ်ထည်ကြမ်းခင်း အောက်မှာ အံဝှက်ပြုလုပ်ထည့်သွင်းသယ်ဆောင်လာတဲ့ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၀၅၀,၀၅၅ ပြား သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ  ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သို့ သယ်ဆောင်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့လည်း ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။  အဆိုပါ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း  ထွန်းနိုင်(ခ)မောင်စိ(၄၅)နှစ်နဲ့ ယာဉ်ပေါ်လိုက်ပါလာတဲ့ ခွန်းမာချယ်သိန်း (၃၃)နှစ်တို့ကို အမှုဖွင့်အရေးယူထားပါတယ်။ ဓာတ်ပုံ- MOHA
2 months Ago

December 19, 2020

တာချီလိတ်နှင့် မိုးကုတ်တွင် ၂ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

တာချီလိတ်မြို့နယ်နဲ့ မိုးကုတ်မြို့နယ်တို့မှာ ငွေကျပ် ၂ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှာ သတင်းအရ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၊ လွယ်စီတုံကျေးရွာ၊ လောကဓမ္မ ဘုန်းကြီးကျောင်းလမ်းမှာ ယန်းခေါင်ကျေးရွာဘက်မှ လောကဓမ္မကျေးရွာဘက်ကို အားဝေ မောင်းနှင်လာတဲ့ မော်တော်ယာဉ်နဲ့ လီကောင်း(ခ)အားချာ မောင်းနှင်ပြီး အားဂျွေ့ လိုက်ပါလာတဲ့ မော်တော်ယာဉ်တို့ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် လီကောင်း(ခ)အားချာမှာ ယာဉ်ပေါ်ကနေ ခုန်ချထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ အားဝေ နဲ့ အားဂျွေ့ တို့အား ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၅၀ ကီလိုနဲ့အတူ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရအရေးယူထားကြောင်းနဲ့ သိမ်းဆည်းရမိတဲ့ အိုက်စ်မူးယစ်ဆေးတွေအား ကျိုင်းတုံကနေ တာချီလိတ်ကို သယ်ဆောင်လာတာလို့ ဖော်ပြထားပါတယ်။ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာလည်း ဒီဇင်ဘာ ၁၅ ရက်နေ့က ငွေကျပ် ၁.၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီ အချိန်က မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်မှာ မိုင်းရယ်ဘက်ကနေ မိုးကုတ်ဘက် ဆန်းကျော်ဦး မောင်းနှင်လာတဲ့ ISUZU ၆ ဘီး ယာဉ်အား ရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်မှာ အံဝှက်ပြုလုပ်ထားပြီး ထည့်သွင်းသယ်ဆောင်လာတဲ့ ငွေကျပ် ၁ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၂၇ ဒသမ ၃၅ ကီလိုကို သိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့ ဘိန်းဖြူတွေကို မိုင်းရယ်က မိုးကုတ်ကို တာဝန်ခံသယ်ဆောင်လာတဲ့ ဆန်းမင်းနိုင် မောင်းနှင်ပြီး စိုင်းမင်းသူ လိုက်ပါလာတဲ့ AD VAN အမျိုးအစား မော်တော်ယာဉ်ကိုလည်း ညနေ ၆ နာရီလောက် မိုးကုတ်မြို့၊ ကင်းချောင်းရေတံခွန်ရှေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဆန်းကျော်ဦး၊ ဆန်းမင်းနိုင်၊ စိုင်းမင်းသူတို့အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း၊ စိုင်းမင်းသူဟာ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂,၀၀၀ ပြားနဲ့ ဘိန်းဖြူ သုည ဒသမ ၂ ကီလို ဖမ်းဆီးရမိတဲ့အမှုက ဆေးဝါးသယ်ဆောင်သူ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - ရဲဇာနည်
3 months Ago
More News
Up