စိတ်ကြွဆေး၅သန်း

September 16, 2021

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွ ဆေး ၅ သန်းခန့်ဖမ်းမိ၊ မူးယစ်ဆေးသယ်သူ အသေဖမ်းမိ

မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ စက်တင်ဘာ ၁၆ ရက် ဒီကနေ့မနက် ၃ နာရီလောက်က မူးယစ်ဆေးဝါးသယ်ဆောင်သူနဲ့  မူးယစ်ရဲတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုရှိခဲ့ပြီး မူးယစ်ဆေးသယ်ဆောင်သူဘက်က ၁ ဦးကို အသေ ၊ ၂ ဦးကိုအရှင်ဖမ်းမိကာ သူတို့နဲ့အတူ စိတ်ကြွ ဆေးအလုံးရေ ၅ သန်းလောက်  ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။

ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ် ထာ့ဒွန်းအုပ်စုမှာ နေထိုင်သူ နိုင်းယာဆိ မိုင်ကျာ ( အသက် ၄၄ နှစ် ) ဟာ တဘက်နိုင်ငံမှ မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းသို့ သယ်ဆောင်ပေးနေကြောင်း  သတင်းရလို့ ထောက်လှမ်းရေးကနောက်ယောင်ခံလိုက်နေခဲ့ကြောင်း၊ ဒီမနက် ၃ နာရီလောက်မှာတော့ နယ်မြေခံရဲနဲ့ မူးယစ်ရဲတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့ဟာ မဲ့အိုင်းမြို့နယ် ထာ့ဒွန်းအုပ်စု ပါကွီကျေးရွာမှာ နယ်စပ်ဘက်ကနေ နယ်လှည့်စစ်ဆေးစောင့်ဆိုင်းနေစဉ်  ကား ၂ စီးကိုတွေ့ရှိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အဆိုပါကား ၂ စီးမှာ ငွေရောင်တိုယိုတာဟိုင်းလပ်စ်ကားက အရှေ့ကနေလမ်းပြ အဖြစ်မောင်းနှင်ပြီး  အနောက်မှာ မစ်ဆူဘီရှီအဖြူရောင်ကားက ရှေ့ဆင့်နောက်ဆင့်လိုက်လာကြောင်း၊ တာဝန်ရှိသူတွေက အရှေ့ကကားကို စစ်ဆေးဖို့  ရပ်တံ့ဖို့အမိန့်ပေးစဉ် ကားထဲကနေ သေနတ်နဲ့ စပစ်လို့ ရဲတွေက ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

အရှေ့ကကားမှာ မောင်းပြီးထွက်ပြေးသွားပေမဲ့ တစ်နေရာမှာယာဉ်မတော်တဆဖြစ်ပြီး လမ်းဘေးရှိခြုံထဲထိုးကျသွားကြောင်း ၊ သွားရောက်စစ်ဆေးရာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ ၁ ဦးသာတွေ့ရှိပြီး ယာဉ်မောင်းကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူမှာ  ရဲကနောက်ယောက်ခံလိုက်နေတဲ့ နိုင်းယာဆိ မိုင်ကျာ ( အသက် ၄၄ နှစ် ) ဆိုသူဖြစ်ပြီး နောက်ထပ်ကားတစ်စီးပေါ်မှာတော့ မြွေရေခွံအိတ်ပေါင်း ၂၇ လုံးပါရှိကာ အထဲမှာ စိတ်ကြွဆေးပြားပေါင်း ၅ သန်းခန့်ပါရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။ 

မူးယစ်ဆေးပါ ဒုတိယကားပေါ်ကနေ ချင်းရိုင်းခရိုင် ဝိန်းပါပေါက်မှာနေထိုင်သူ နိုင်းပိုဆေး ( ၄၇ နှစ် ) နဲ့ မဲ့အိုင်းမြို့နယ် ထာ့ဒွန်းအုပ်စုမှာ နေထိုင်သူ နိုင်းလောဆာ ( ၂၉ နှစ် ) တို့ကိုလည်းကောင်း ၊ လမ်းပြကားပေါ်ကနေ အော်တိုမစ်တစ်သေနတ် ၁ လက် နဲ့ တယ်လီဖုံး ၁ လုံးကိုလည်းကောင်း သိမ်းဆည်းရမိပါတယ်။

ဒီမှုနဲ့ ပတ်သက်လို့ အဆင့်၁ အပြင်းစားမူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိမှုအပြင် တာဝန်ရှိဝန်ထမ်းတွေကို တမင်သေစေလိုတဲ့ရည်ရွယ်ချက်နဲ့ ပစ်ခတ်မှုတွေနဲ့ပါ အရေး ယူသွားမယ်လို့ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။  

REF: Chiangmainews 

2 years Ago
Up