စိတ်ကျန်းမာရေးမကောင်းသည့် မြန်မာအမျိုးသမီး

August 17, 2020

စိတ်ကျန်းမာရေးမကောင်းသည့် မြန်မာအမျိုးသမီး ၁ ဦး တရုတ်နိုင်ငံတွင် အခက်အခဲကြုံနေ

တရုတ်နိုင်ငံထဲမှာ ရောက်နေတဲ့ မြန်မာအမျိုးသမီးဦးဟာ စိတ်ကျန်းမာရေးအခြေအနေ ကြောင့် ဘယ်သူဘယ်ဝါ မစိစစ်နိုင်ဘဲ သိရှိသူတွေအနေနဲ့ အကြောင်းကြားပေးဖို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အကူအညီတောင်းထားပါတယ်။ တရုတ်နိုင်ငံ ကျန်ရှီးပြည်နယ်၊ ဖန်းချောင်မြို့မှာ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသမီးတယောက်ကို ဇူလိုင် ၉ ရက်က ဖန်းချောင်မြို့ ပြည်ဝင်ပြည်ထွက် စီမံခန့်ခွဲရေးဌာနက တွေ့ခဲ့တာပါ။ သူ့မှာ နာမည်၊ လိပ်စာ၊ နိုင်ငံသားအထောက်အထား တခုမှ မပါဘဲ စိတ်ကျန်းမာရေး အခြေအနေကြောင့် ဖန်းချောင်မြို့ ဆေးရုံမှာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ စကားပြန်က တဆင့်မေးမြန်းရာမှာတော့ မြန်မာစကား နည်းနည်းပြောတတ်တာကြောင့် မြန်မာနိုင်ငံသားလို့ ယူဆပြီး မြန်မာသံရုံးက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း နာမည်ကိုတော့ မဖြေနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် မြန်မာသံရုံးတာဝန်ရှိသူတွေအနေနဲ့ လူကိုယ်တိုင်သွားနိုင်ဖို့ အကန့်အသတ်ဖြစ်နေပြီး ဖုန်းနဲ့ပဲ အကြိမ်ကြိမ်မေးခဲ့ရာမှာလည်း မကွေးတိုင်းကလာတယ်၊ မူဆယ်က လာတယ်လို့ ဖြေကြားနေတယ်လို့ ဆိုပါတယ်။ ဒီအမျိုးသမီးကို သိရှိသူ၊ သူနဲ့ပတ်သက်တဲ့ သတင်းအချက်တွေ သိရှိသူတွေအနေနဲ့ ပေကျင်းမြို့ မြန်မာသံရုံးဖုန်း +၈၆ ၀၁၀ ၆၅၃ ၂၄ ၅၅၄ နဲ့ +၈၆ ၁၃၂၆ ၀၁၁ ၃၈၉၉ တို့ကို ဆက်သွယ်ပေးဖို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
3 years Ago
Up