စိတ်ကြွဆေးများ ခါးတွင်စည်းနှောင်လာသူကို ချင်းရိုင်းလေဆိပ်တွင် ဖမ်းမိ

May 9, 2017

စိတ်ကြွဆေးများ ခါးတွင်စည်းနှောင်လာသူကို ချင်းရိုင်းလေဆိပ်တွင် ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ့်ဖလုံမြို့နယ်ရှိ ချင်းရိုင်းလေဆိပ်မှာ စိတ်ကြွဆေးတွေ ခန္ဓာကိုယ်နဲ့ချည်ပြီး ယူဆောင်လာတဲ့ အမျိုးသားတဦးကို ဖမ်းဆီးရမိတယ်လို့  လေဆိပ်အာဏာပိုင်တွေရဲ့ အပြောကို ကိုးကားပြီး မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ ညနေပိုင်းက ချင်းရိုင်းလေဆိပ် လုံခြုံရေးတာဝန်ရှိသူတွေဟာ အဝင်ပေါက်ကနေပြီး ခရီးသည်တွေကို ရှာဖွေစစ်ဆေးစဉ် အမျိုးသားတဦးမှ အစစ်မခံဘဲ ခရီးသည်တွေကြား လစ်ထွက်သွားတဲ့အတွက် သူ့ကို ရှာဖွေခေါ်ဆောင်လာပြီး စစ်ဆေးရာ ခါးမှာ အထုပ် ၂ ထုပ် စည်းနှောင်လာတာ တွေ့ရကြောင်း၊ အထုပ်ထဲမှာ Y1 တံဆိပ်ပါ စိတ်ကြွဆေးအလုံးရေ စုစုပေါင်း တသောင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ လေဆိပ်လုံခြုံရေး အရာရှိတဦးက ပြောပါတယ်။ မူးယစ်ဆေးသယ်ဆောင်လာသူမှာ အသက် ၄၆ နှစ်ရွယ်ရှိ နိုင်းဝိချိုင်း အမ်းဘိုး ဝမ်း ဆိုသူဖြစ်ပြီး ညနေ ၆ နာရီ ၂၅ မိနစ်မှာ DD 88723 လေယာဉ်နဲ့ ဘန်ကောက်ကိုထွက်ခွာဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။ အဲဒီတနေ့တည်းမှာပဲ ချင်းရိုင်းခရိုင်မှာ နောက်ထပ် စိတ်ကြွဆေး အလုံးပေါင်း ၂ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်မူးယစ်ရဲတပ်ဖွဲ့ အရာရှိတွေက မေလ ၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ အဲဒီစိတ်ကြွဆေး ၂ သိန်းကိုတော့ မယ်ဆိုင်မြို့နယ် ကော်ချန့်ရပ်ကွက်ထဲမှာ ဖမ်းမိခဲ့တာဖြစ်ကြောင်း၊ ဒီမတိုင်ခင်က နယ်မြေထဲ မူးယစ်ဆေးဝါး သယ်ဆောင်လာမယ့်သတင်း ကြိုတင်ရထားချက်အရ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းစဉ် မသင်္ကာဖွယ်ကားတစီး မောင်းနှင်လာပြီး စစ်ဆေးရေးဂိတ်မှာ အစစ်မခံဘဲ မောင်းပြေးသွားကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေက အဲဒီကားနောက် လိုက်လံဖမ်းဆီးစဉ် အဲဒီကားဟာ ထာ့ဆာလားရပ်ကွက်ရှိ ဆောက်လက်စ တိုက်အိမ်တအိမ်ရဲ့ အိမ်ဝင်းတံခါးကို ဝင်တိုက်မိပြီး ရပ်သွားကာ ကားပေါ်ပါလာတဲ့ လူ ၂ ဦးကို ကြယ်ငါးလုံးနဲ့ ကိုးသုံးလုံးတံဆိပ်ပါ စိတ်ကြွဆေး ၂ သိန်းနဲ့အတူ ဖမ်းမိခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
4 years Ago
Up