နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဂိုဏ်းတွေဟာ အရှေ့တောင် အာရှဒေသမှာ ထုတ်လုပ်ထားတဲ့ မက်သာဖက်တာမင်း စိတ်ကြွဆေး ပမာဏ အများအပြားကို ကုန်ကူးနေကြပြီး တနှစ်ကို ၆၁ ဘီလီယံ ကျော် ရရှိနေတယ်လို့ ဇူလိုင် ၁၈ ရက် ကုလသမဂ္ဂမှာ ဖော်ပြပါတယ်။
စိတ်ကြွဆေးအတွက် အာရှပစိဖိတ်ဒေသတွင်း ဈေးကွက်တန်ဖိုးအရ ရရှိငွေဟာ အမေရိကန်ဒေါ်လာ ၃၀.၃ ဘီလျံကနေ ၆၁.၄ ဘီလျံဖိုးထိ ရှိနေတယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးရုံး (UNODC) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစီရင်ခံစာထုတ်ပြန်တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ခန့်မှန်းခြေကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဘီလျံဖိုး ရှိခဲ့ပြီးနောက်ပိုင်း စိတ်ကြွဆေးကုန်သွယ်မှု ပိုမိုများပြားလာခဲ့တာပါ။
ဒါဟာ အဂတိလိုက်စားမှု အားကောင်းကောင်း ကူးစက်လာတာ၊ ဥပဒေ စိုးမိုးမှု အားနည်းတာနဲ့ နယ်စပ်ထိန်းချုပ်မှု လျော့ရဲတာတွေရဲ့ အားကောင်းတဲ့ လက္ခဏာပဲလို့ ကုလက ပြောပါတယ်။
အာဏာပိုင်တွေက စိတ်ကြွဆေးတွေ ဖမ်းဆီးနေပေမယ့် ထုတ်လုပ်မှုနဲ့ ဈေးနှုန်းအပေါ် သက်ရောက်မှု မရှိဘူးလို့လည်း ကုလသမဂ္ဂ မူးယစ်တိုက်ဖျက်ရေးဌာန UNODC ရဲ့ ဒေသတွင်း ကိုယ်စားလှယ် ဂျေရမီ ဒေါက်ကလပ်စ်က ပြောပါတယ်။
အုပ်စုဖွဲ့ ရာဇဝတ်အုပ်စုတွေဟာ ကုန်စည်နဲ့ ဆေးဝါးအတုတွေ၊ လူကုန်ကူးမှုတွေနဲ့ သစ်မှောင်ခိုနဲ့ သားရိုင်းတိရစ္ဆာန် မှောင်ခို ကုန်ကူးမှုတွေကို တိုးလုပ်နေတယ်လို့လည်း UNODC ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ဒါ့အပြင် မက်သာအဖက်တမင်း စိတ်ကြွဆေးတွေကို လူလတ်တန်းစားတွေ ကြားမှာ အသုံးများပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမှာ စက်မှုလုပ်ငန်းအဆင့် ဓာတ်ခွဲခန်းတွေနဲ့ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ မကာအိုနဲ့ တရုတ်နိုင်ငံတို့က ငွေကြေးကြွယ်ဝသူတွေက ငွေကြေးပံ့ပိုးပြီး ထိုင်ဝမ်ပညာရှင်တွေက ဆေးဝါးဖော်စပ်ကာ မြန်မာနိုင်ငံက မက်သာအဖက်တမင်း စိတ်ကြွဆေးထုတ်လုပ်သူတွေက ဂျပန်နဲ့ နယူးဇီလန်တွေအထိ မူးယစ်ဆေး ကုန်ကူးနေကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ နိုင်ငံတ၀န်း ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားတွေ မကြာခဏ ဖမ်းဆီးရမိနေတာပါ။
4 years Ago