စိစစ်ဆဲဟုဆို

January 8, 2018

ယာဉ်အစီးရေ ၅၀၀ ဖြင့် ပြေးဆွဲမည့် ယာဉ်လိုင်း ၉ လိုင်းကို စိစစ်ဆဲဟုဆို

လူထုမိတ်ဆွေ အမည်နဲ့ ပြေးဆွဲမယ့် ယာဉ်အစီးရေ ၅၀၀ ကို စိစစ်ဆဲပဲ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောထားပါတယ်။ မက်စ်မြန်မာကုမ္ပဏီက ဝယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် Foton အမျိုးအစား ယာဉ်အစီး ၅၀၀ နဲ့ ယာဉ်လိုင်း ၉ လိုင်း တိုးချဲ့ပြေးဆွဲဖို့ YRTA ကို ဒီဇင်ဘာလအတွင်းက တင်ပြထားတာပါ။ အဲဒီတင်ပြထားမှုနဲ့ပတ်သက်လို့ “သူတို့ တင်ထားတာ ၉ လိုင်း ရှိတယ်။ ဒါပေမယ့် ဆရာတို့ ပြန်စစ်တုန်းပဲ ရှိတယ်လို့” ဒေါက်တာမောင်အောင်က ပြောပါတယ်။ လူထုမိတ်ဆွေ အမည်နဲ့ ပြေးဆွဲမယ့် ယာဉ်လိုင်း ၉ လိုင်းကို စိစစ်ဆဲဖြစ်ပြီး YBPC ကုမ္ပဏီအနေနဲ့ ယာဉ်လိုင်းအသစ် ၂ လိုင်းကို စတင်ပြေးဆွဲနေပြီး မကြာခင်မှာ သာကေတဘက်ကနေ YBS (၇၂) ယာဉ်လိုင်း ထပ်မံပြေးဆွဲမယ်လို့ ပြောပါတယ်။ ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာလည်း လိုင်း ၃ လိုင်း တိုးချဲ့ပြေးဆွဲဖို့ မကြာခင် ကြေညာသွားမယ်လို့ ဒေါက်တာမောင်အောင်က ဇန်နဝါရီ ၃ ရက်နေ့က ပြောဆိုခဲ့တာပါ။ လူထုမေတ္တာ အမည်နဲ့ ပြေးဆွဲမယ့် ယာဉ်လိုင်းတွေကို ရွှေပြည်သာ၊ လှော်ကား၊ မင်္ဂလာဒုံဘက်ကို အဓိကပြေးဆွဲမယ်လို့ သိရပါတယ်။ အဲဒီယာဉ်လိုင်း ၉ လိုင်းကို ပြေးဆွဲဖို့ YRTA ကို ဒီဇင်ဘာက တင်ပြထားပြီး ယာဉ်လုပ်ငန်းအဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ပြေးဆွဲဖို့ အချိန် ၂ လနီးပါးလောက် ကြာနိုင်တယ်လို့ တာဝန်ခံ ပြေးဆွဲမယ့် Power Eleven ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတရုတ်လေးက ဒီဗွီဘီကို ပြောပါတယ်။
3 years Ago
Up