စာကြည့်တိုက်

January 28, 2019

စာအုပ်အငှားဆိုင်များ အစနဲ့ အဆုံးသတ် နိဂုံး (သုတကဖေး)

အချို့ဖြစ်စဉ်တွေက ခေတ်ကာလ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခဲ့သလို အချို့သော ဖြစ်စဉ်တွေဟာလည်း ခေတ်ကာလပြဋ္ဌာန်းချက်ကြောင့် တိမ်မြုပ်ပျောက်ကွယ်တာတွေလည်း ရှိပါတယ်။ ဒီလိုပါပဲ။ မြန်မာနိုင်ငံရဲ့ စာအုပ်အငှားဆိုင်လေးတွေဟာလည်း ခေတ်ကာလ လိုအပ်ချက်ကြောင့် ပေါ်ထွက်လာခဲ့ရသလို ခေတ်ရဲ့ပြဋ္ဌာန်းချက်ကို မလွန်နိုင်တဲ့အတွက်လည်း တိမ်မြုပ်ပျောက်ကွယ်ခဲ့ရတာတွေ ရှိတယ်။ ဥပမာပြရင်.. စာအုပ်အငှားဆိုင်တွေ ပေါ်လာခြင်းနဲ့ ပျောက်ကွယ်သွားခြင်းမှာ ဒီသဘောကို တွေ့ရပါတယ်။ အကြောင်းခံတွေ ရှာကြည့်တော့…. စာကြည့်တိုက်များပျက်သုဉ်းခြင်း ဒီအကြောင်းပြောဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ စာကြည့်တိုက်အစကို ပြောရမှာပါ။ ပုဂံခေတ်က ရှိခဲ့ဖူးတဲ့ အနော်ရထာ စာကြည့်တိုက်တို့ ဘုရင်စာကြည့်တိုက်တို့ကို ခနထား။ ဒါတွေက အခွင့်ထူးခံတွေနဲ့ မင်းညီမင်းသား မှူးမတ်တွေပဲ အသုံးပြုခွင့်ရတာ။ သာမန်လူတွေ ကြည့်ခွင့်မရခဲ့ဘူး။ ဒါပေမယ့် ကိုလိုနီခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဘားနပ်စာကြည့်တိုက်ကတော့ အခမဲ့ဖြစ်လို့ လူတိုင်းကြည့်ခွင့်ရတဲ့ စာကြည့်တိုက်ပေါ့။ ပထမဆုံး ကိုလိုနီခေတ်မှာ ပေါ်ခဲ့တဲ့ စာကြည့်တိုက်လည်း ဖြစ်ခဲ့တယ်။ ၁၈၈၃ ခုနှစ်မှာ ဖွင့်ခဲ့တာ။ ဖွင့်ခဲ့တဲ့နေရာက အခု ဗိုလ်ချုပ်လမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ။ စဖွင့်ချိန်ကစပြီး ၁၉၃၃ ခုနှစ်အထိ စာကြည့်တိုက်ငယ်ပေါင်း ၁၈၆ အထိရှိတယ်။ အဲ့ဒီအထဲက အစိုးရအထောက်အပံ့ခံက ၁၄၆ ခု ရှိတယ်လို့ဆိုတယ်။ လွတ်လပ်ရေးခေတ် ဖဆပလခေတ်အထိဆိုရင် မြန်မာတနိုင်ငံလုံး စာကြည့်တိုက်ငယ်ပေါင်း ၁၅၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျေးလက်စာကြည့်တိုက်တွေ မပါသေးဘူး။ အဲ့ဒါ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်အထိ ရှိခဲ့တဲ့ စာကြည့်တိုက်တွေပါ။ ကျေးလက်စာကြည့်တိုက်တွေပါဆိုရင် ၃၀၀၀ ကျော်ခန့် ရှိခဲ့တယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉၆၄ ခုနှစ်ထဲမှာ “အသင်းအဖွဲ့များ ဖျက်သိမ်းရေးဥပဒေ" ပြဋ္ဌာန်းခဲ့တယ်။ အဲ့ဒီဥပဒေနဲ့အတူ စာကြည့်တိုက်တွေလည်း ဖျက်သိမ်းပေးခဲ့ရပါတယ်။ အဲ့ဒီနှစ်ထဲမှာပဲ “စာကြည့်တိုက် ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်ရေးဥပဒေ” ဆိုပြီး ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေအရ စာကြည့်တိုက်တွေ မှတ်ပုံတင်ကြရတယ်။ စာအုပ်စာရင်းတွေပါ တင်ရတယ်။ စာပေစိစစ်ရေးအဖွဲ့ဆိုတာ အဲ့ဒီကတည်းက ပေါ်လာတာ။ အချို့စာအုပ်တွေကို စိစစ်ရေးက ခွင့်မပြုလို့ဆိုပြီး သိမ်းယူခြင်းခံကြရတယ်။ ဒီဥပဒေရဲ့ တင်းကျပ်မှုတွေကြောင့် စာကြည့်တိုက်အချို့ ပိတ်သိမ်းလိုက်ကြတယ်။ သံရုံးစာကြည့်တိုက်တွေဆိုရင် “နိုင်ငံခြားကြီးကြပ်သည့် မည်သည့်စာကြည့်တိုက်မျှ မရှိစေရ” ဆိုတဲ့ အမိန့်နဲ့အတူ ပိတ်သိမ်းလိုက်ကြတယ်။ ပညာရေးကဏ္ဍ ဒီလိုအချိန်မှာပဲ ပညာရေးဘက်မှာလည်း ပြဿနာတရပ် ဖြစ်ပေါ်ခဲ့တယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကျောင်းသားနဲ့ စစ်အာဏာရှင်တို့ရဲ့ ပဋိပက္ခ အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့လို့ ကျောင်းတွေပိတ်လိုက်တယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာဦးသော်ကောင်း ပြောခဲ့တာက “၁၉၆၄ ခုနှစ် ကျောင်းပြန်ဖွင့်တော့ သင်ကြားရေးမဏ္ဍိုင်က အင်္ဂလိပ်လို မဟုတ်တော့ဘူး။ မြန်မာလိုဖြစ်သွားပြီ။ ကျောင်းသားကလည်း တဖြည်းဖြည်း စာကြည့်တိုက်နဲ့ ဝေးသွားတယ်။ ပြဋ္ဌာန်းချက်တွေကို မြန်မာလိုရေးပြီး ထုတ်လာတာကိုး။ နိုင်ငံခြားစာအုပ်တွေကို ပုဂ္ဂလိက တင်သွင်းခွင့် မပြုတော့ဘူး။ ကုန်သွယ်ရေး (၉) ကနေ မှာယူတင်သွင်းရတယ်။ ဒီမှာလည်း စာပေစိစစ်ရေးက ခွင့်ပြုတဲ့ စာအုပ်ကိုပဲ မှာရတယ်။ စာအုပ်ထုပ် ရောက်လာပြီဆိုရင်လည်း စိစစ်ရေးဖြစ်တဲ့ ထောက်လှမ်းရေးက ဖွင့်စစ်ပြီး ကန့်သတ်ထားတဲ့စာအုပ် ဖြစ်တယ်ဆိုပြီး သိမ်းလိုက်တယ်။ နောက်ပိုင်း ကုန်သွယ်ရေး (၉) ကလည်း ငွေမရှိလို့ မမှာနိုင်တော့ဘူး။ ဒီကစလို့ စာကြည့်တိုက်တွေ ပျက်သုဉ်းသွားခဲ့တာပဲ” လို့ ရှင်းပြခဲ့ဖူးတယ်။ ဒီလိုအခြေအနေမှာ စာဖတ်သူတွေအတွက် အခက်အခဲတွေ ကြုံလာခဲ့တယ်။ ကျောင်းစာကြည့်တိုက်များကလည်း ကျောင်းသားလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့သလို ကျောင်းသားများ၊ လူငယ်များလည်း စာကြည့်တိုက်နဲ့ တဖြည်းဖြည်း ဝေးကွာလာခဲ့ပါတော့တယ်။ ရပ်ကွက်စာကြည့်သင်းတွေလည်း ပိတ်သိမ်းလိုက်ကြပြီ။ အဲ့ဒီလို အခြေအနေမှာ လေ့လာလိုသူ လူငယ်လူကြီးအပေါင်း အခက်တွေ့နေချိန်မှာ အင်္ဂလိပ်စာအုပ် ဝတ္ထုအငှားဆိုင်လေးတခု မောင်ထော်လေးလမ်းမှာ ပေါ်ခဲ့တယ်။ နောက်တော့ မြေနီကုန်းမှာ ကိုစောလွင်ဆိုသူရဲ့ အင်္ဂလိပ်ဝတ္ထု စာအုပ်အငှားဆိုင်လေးတွေ ပေါ်လာသလို ၁၉၆၈ ခုနှစ်လောက်က တာမွေမှာ ငြိမ်းချမ်းရေးအမည်နဲ့ အငှားဆိုင်တခု ထွက်ပေါ်လာပြန်တယ်။ သူကတော့ ထုတ်ဝေသူလည်းဖြစ်၊ စာအုပ်အရောင်းဆိုင်အဖြစ် ဖွင့်ရာက အငှားဆိုင်အဖြစ်ပါ လုပ်ခဲ့တာ။ ဆရာလင်းယုန်မောင်မောင်ရဲ့ ဆိုင်လေးပါ။ ဒါ ရန်ကုန်ရဲ့ စာအုပ်အငှားဆိုင် အစပြုရာ အခြေအနေပါ။ တနည်းပြောရရင် ခေတ်ကာလ လိုအပ်ချက်နဲ့ ထွက်ပေါ်လာခြင်းလို့ပဲ ဆိုရမှာပါ။ စာအုပ်အငှားဆိုင်ကျယ်ပြန့်လာခြင်း စာအုပ်အငှားဆိုင် ပေါ်လာတာက စာကြည့်တိုက်ယဉ်ကျေးမှု ပျက်သုဉ်းသွားလို့ပါပဲ။ စာအုပ်ဆိုင်ယဉ်ကျေးမှု ကျယ်ပြန့်လာတာက နိုင်ငံရေးစနစ်ကြောင့်လို့ပဲ ပြောရမှာပါ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စီးပွားရေးလုပ်ငန်း အားလုံးကို အစိုးရက ပြည်သူပိုင်သိမ်းခဲ့တယ်။ လွတ်လပ်စွာ ကုန်သွယ်ခွင့် မရတော့ဘူး။ ဒီတော့ တရားဝင်ကုန်သွယ်ခွင့် မရရင် တရားမဝင် ကုန်သွယ်မှုဆိုတာ ပေါ်လာမြဲပဲ။ မှောင်ခိုစီးပွားရေးတွေ ကျယ်ပြန့်လာတယ်။ ထိုင်းနိုင်ငံနဲ့ မှောင်ခိုစီးပွားရေးလုပ်ရာမှာ မော်လမြိုင်ဟာ အချက်အချာကျတယ်။ ကုန်ကူးသူအားလုံးဟာ သင်္ဘောဆိပ်၊ ကားဂိတ်နဲ့ ဘူတာရုံတွေမှာ စုပြုံလာတော့ မြို့နေ ပညာတတ် ကျောင်းသားလေးတွေက ဘူတာရုံမှာရှိတဲ့ ခရီးသည်တွေကို ကာတွန်းစာအုပ်လေးတွေ ငှားလာတာက စတာပဲ။ အထူးသဖြင့် မော်လမြိုင်နဲ့ မုတ္တမတွေမှာပေါ့။ အဲ့ဒီကတဆင့် ရထားခရီးစဉ်တွေတလျှောက် ရထားပေါ်မှာ လိုက်ပါရင်း အငှားလုပ်ငန်းတွေ တိုးချဲ့လာကြတယ်။ ဒါတွေကို မြင်တွေ့ရာက ရန်ကုန်မှာ ၁၉၇၀ ခုနှစ်လောက်မှာ ဈေးတွေ၊ ဘူတာရုံတွေမှာ စာအုပ်အငှားဆိုင်လေးတွေ ဖွင့်လာတယ်။ ဈေးဆိုတော့ အချိန်အကန့်အသတ် ရှိလေတော့ ရုံးဝန်ထမ်းတွေအတွက် အဆင်မပြေရာက ရပ်ကွက်ထဲမှာ အငှားဆိုင်လေးတွေ အစီအရီ ပေါ်လာတော့တာပါပဲ။ ၁၉၇၂ ခုနှစ်ထဲမှာဆိုရင် လှည်းတန်းရပ်မှာ အငှားဆိုင်ပေါင်း ရာကျော်ရှိတယ်။ လှည်းတန်းဟာ စာအုပ်အငှားဆိုင် အများဆုံးလို့ မောင်ခင်မင်(ဓနုဖြူ) က ပြောတာကို မှတ်သားရဖူးတယ်။ အခုတော့ အဲ့ဒီအငှားဆိုင်လေးတွေဟာ တဖြည်းဖြည်းချင်း ပျောက်ကွယ်နေပါပြီ။ ဒါကလည်း ခေတ်ရဲ့ပြဋ္ဌာန်းချက်ပါပဲ။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ သိသိသာသာ လျော့နည်းလာခဲ့တာပါ။ လူထုဆက်သွယ်ရေး မီဒီယာရဲ့ အလှည့်အပြောင်းလည်း ပါမှာပါ။ ဖေ့စ်ဘွတ်ခ်ပေါ်လာတာ၊ အီလက်ထရောနစ် နည်းပညာနဲ့ စာကြည့်တိုက်တွေ အလျှိုအလျှို ပေါ်လာတာတွေကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ ခေတ်စနစ် အပြောင်းအလဲကလည်း ဒီမိုကရေစီကို မရောက်သေးပေမယ့် ဦးတည်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခေတ်စနစ်ရဲ့ အပြောင်းအလဲကြားမှာ စာအုပ်အငှားဆိုင်လေးတွေ တရွေ့ရွေ့ခြင်း လျော့ပါးလာတာကို တွေ့နေရတယ်။ ပေါ်ထွက်လာတဲ့ ရပ်ကွက်/ကျေးလက် စာကြည့်တိုက်ငယ်လေးတွေက လူထုလိုအပ်ချက် မဖြည့်ဆည်းနိုင်ခဲ့ရင်တော့ ဆိုင်လေးတွေ လျော့ပါးသွားပေမယ့် လုံးဝ ချုပ်ငြိမ်းသွာမယ်လို့တော့ မဆိုနိုင်သေးကြောင်းပါခင်ဗျာ။ ဆရာဋ္ဌေး
2 years Ago
Up