စားသောက်ဆိုင်တွင်း အမျိုးသမီးတဦး၏အိတ်ကို အတင့်ရဲရဲခိုးယူသည့် နိုင်ငံခြားသား ၃ ဦးရုပ်သံ ပျံ့နှံ့

March 28, 2017

စားသောက်ဆိုင်တွင်း အမျိုးသမီးတဦး၏အိတ်ကို အတင့်ရဲရဲခိုးယူသည့် နိုင်ငံခြားသား ၃ ဦးရုပ်သံ ပျံ့နှံ့

ထိုင်းနိုင်ငံမှ စားသောက်ဆိုင်တဆိုင်အတွင်း ကျောချင်းကပ်စားပွဲမှ အမျိုးသမီးတဦးရဲ့ လက်ကိုင်ဆလင်းဘက်အိတ်ကို အတင့်ရဲရဲ ခိုးယူခဲ့တဲ့ နိုင်ငံခြားသား ၃ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ အဲဒီစားသောက်ဆိုင်ရဲ့အမည်ကို ဖော်ပြမထားခဲ့ပေမယ့် ဒါဟာ နိုင်ငံခြားသားတွေ မကြာခဏ သွားလေ့ရှိကြတဲ့ ပတ္တယားမြို့မှ ဆိုင်တဆိုင်ဖြစ်တယ်လို့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီနိုင်ငံခြားသား ၃ ဦးဟာ ကပ်လျက်ခုံရဲ့ နောက်ကျောဘက်မှာ ထိုင်နေခဲ့ကြကာ အမျိုးသမီးရဲ့အိတ်ကို အတင့်ရဲရဲ ပူးပေါင်းအလစ်သုတ်ကာ ဆိုင်ထဲမှ ထွက်သွားခဲ့ကြတာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာဖြစ်ခဲ့ပြီး လစာထုတ်ရက်လည်း မဟုတ်သေးတာမို့ အိတ်ထဲမှာ အေတီအမ်ကတ်တွေနဲ့ ဘတ်ငွေ ၁၀၀၀ သာ ပါသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ခိုးယူခံရတဲ့ အမျိုးသမီးဟာ ဒီအဖြစ်အပျက်ကို စီစီတီဗွီမှတ်တမ်းနဲ့တကွ ပတ္တယားရဲစခန်းကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီအဖြစ်အပျက်အပေါ် အင်တာနက်အသုံးပြုသူတွေက စိတ်ဆိုး ဒေါသထွက်နေကြပြီး ဒီနိုင်ငံခြားသားတွေကို အမြန်ဆုံးဖမ်းမိနိုင်ဖို့ တောင်းဆိုနေကြပါတယ်။
5 years Ago
Up