စားသောက်ဆိုင်

February 3, 2019

စားသောက်ဆိုင် ပစ္စည်းပို့ဝန်ထမ်းများနှင့် စကားလက်ဆုံကျခဲ့သည့် တရုတ်သမ္မတ

ဖေဖော်ဝါလ ၁ ရက်နေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဘေဂျင်းမြို့ရှိ  စားသောက်ဆိုင်ငယ်လေး တခုကို လျှပ်တပြက် သွားရောက်ခဲ့ပြီး ပစ္စည်းပို့ဆောင်ရေး ၀န်ထမ်းတွေနဲ့ စကားလက်ဆုံကျခဲ့ပါတယ်။ ဒါဟာ တရုတ်နှစ်သစ်ကူးအကြို သမ္မတရှီရဲ့ လျှပ်တပြက် အလည်အပတ် ခရီးဖြစ်ပုံရပါတယ်။ နိုင်ငံပိုင် ရုပ်သံက မြို့နေပြည်သူတွေနဲ့ သမ္မတ ရှီ  မုန့်အတူ လုပ်နေပုံတွေ၊ စားသောက်ဆိုင် တခုအတွင်း သမ္မတ ရှီ ၀င်ရောက်မေးမြန်းပုံတွေကို ပြသခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ရှီဟာ ဘေဂျင်းမြို့က ပစ္စည်းပို့ဝန်ထမ်းတွေနဲ့ စကားပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ  အခုလိုမျိုး ထိပ်တန်းနိုင်ငံရေး သမားတွေနဲ့ အများပြည်သူတွေ အနီးကပ်ထိတွေ့ ဆက်ဆံတာဟာ တွေ့ရမြင်ရခဲပြီး  ခေါင်းဆောင်လုပ်သူတွေရဲ့ မွေးနေ့မွေးရက်တွေနဲ့ မိသားစု နောက်ခံ သမိုင်းကို လျှို့ဝှက်ထားလေ့ရှိပါတယ်။ သီတင်းတပတ်ကြာတဲ့ တရုတ်နှစ်သစ်ကူးအားလပ်ရက်ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စတင်ပြီး တရုတ်လူနာပြက္ခဒိန်မှာ အရေးအကြီးဆုံးဖြစ်ပါတယ်။ အဲဒီအခါသမယမှာ သန်းနဲ့ချီတဲ့ တရုတ်ပြည်သူတွေဟာ မွေးရပ်မြေကို ပြန်ပြီး မိသားစုနဲ့အတူ နှစ်သစ်ကူးပွဲ ဆင်နွှဲကြပါတယ်။
2 years Ago

February 2, 2019

ဆန်းပြားသည့် ပြင်ဆင်ပုံကြောင့် ဝေဖန်ခံနေရသည့် သြစတြေးလျ စားသောက်ဆိုင်

သြစတြေးလျနိုင်ငံက အသင့်စားစားသောက်ဆိုင်တဆိုင်ဟာ သူများနဲ့မတူတဲ့ ဆိုင်နာမည်ပေးပုံ၊ အစားအသောက် ပြင်ဆင်ပုံတွေကြောင့် လူအများရဲ့ အာရုံစိုက်စရာ တခုဖြစ်နေတယ်လို့ ဇန်န၀ါရီ ၃၁ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီဆိုင်ဟာ မဲလ်ဘုန်းမြို့မှာရှိပြီး ဆိုင်နာမည်ကတော့ Pablo’s Escoburgers ဖြစ်ပါတယ်။ ဆိုင်နာမည်က နာမည်ကျော် ကိုလံဘီယာ မူးယစ်ရာဇာကြီး ပါဘလို အက်စ်ကိုဘားရဲ့ နာမည်ကို အစွဲပြုထားတာ ဖြစ်ပြီး ဒီနာမည်က လူတွေရဲ့ ဝေဖန်ရှုတ်ချစရာ ဖြစ်လို့နေပါတယ်။ ဒီဆိုင်ဟာ ဆိုင်နာမည်တင်မဟုတ်ဘဲ အစားအစာ ပြင်ဆင်ပုံကလည်း သူများတွေထက် ပိုမိုထူးခြားပါတယ်။ ဆိုင်ကဘာဂါတွေပေါ်မှာ အဖြူရောင်အမှုန့်တွေကို အတန်းလိုက်ဖြူးကာ ဘေးမှာ ဒေါ်လာ ၁၀၀ တန် တရွက်ကို လိပ်ထားတဲ့ ပုံစံပြင်ဆင်ထားတာကြောင့် ပြော စရာကိစ္စကြီးတခုဖြစ်လို့နေပါတယ်။ ဒီဘာဂါပုံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က လူမှုကွန်ရက်ပေါ် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ဒီကိစ္စဟာ လူမှုကွန်ရက်မှာ ငြင်းခုန်စရာ အကြောင်းအရာ တခုအဖြစ် ရှိခဲ့ပါတယ်။ အမှန်တကယ်က ဘာဂါပေါ်မှာ ကြက်သွန်ဖြူမှုန့်ဖြူးထားတာဖြစ်ပြီး လိပ်ထားတဲ့ ဒေါ်လာ ၁၀၀ တန်ကလည်း အတုသာ ဖြစ်ပေမယ့် သူ့ပုံစံက ကိုကင်းရှုဖို့ အသင့်ပြင်ထားတဲ့ ပုံစံဖြစ်တယ်လို့ လူအချို့က ယူဆထားပြီး ဒီကိစ္စကိုဝေဖန်နေတာပဲဖြစ်ပါတယ်။ “တနေ့နေ့ တချိန်ချိန် ခင်ဗျား ကိုလံဘီယာ နိုင်ငံသားတယောက်နဲ့ စကားပြောဖြစ်ခဲ့ရင် ခင်ဗျားစားသောက်ဆိုင်က ဘယ်လောက်အထိ လူတွေအပေါ် စိတ်ဒုက္ခဖြစ်စေလဲဆိုတာ ခင်ဗျားသိလာပါလိမ့်မယ်” လို့ လူမှုကွန်ရက်အသုံးပြုသူတဦးက ဆိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ တခြားတဦးကတော့ “ဒါဟာ ရယ်စရာ ကိစ္စတခုမဟုတ်ဘူးဆိုတာကို ခင်ဗျားတို့ လူတွေကို ကျနော်ဘယ်လိုရှင်းပြရမလဲ၊ ဦးနှောက်သုံးပါ မိတ်ဆွေ” လို့လည်း ရေးသားဝေဖန်ထားတာ တွေ့ရပါတယ်။ Pablo’s Escoburgers ဆိုင်ရဲ့ အပြုအမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ များစွာထွက်ပေါ်နေပြီး ဆိုင်ရဲ့ ပိုင်ရှင် မတ်စ်က “ဒီဆိုင်ဟာ အက်စ်ကိုဘားရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးတဲ့ နေရာမဟုတ်ကြောင်း၊ အက်စ်ကိုဘားကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ကိုလံဘီယာပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ကြောင်း” ပြန်လည်ရှင်းလင်းထားပါတယ်။ ဒါ့အပြင် မတ်စ်က သူ့ဆိုင်ဟာ ဘာဂါရောင်းချတဲ့ဆိုင်တခုသာဖြစ်ပြီး ဘယ်သူ့အပေါ်ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိတာကြောင့် ဆိုင်နာမည်ကို ပြောင်းလဲဖို့ ဆန္ဒမရှိဘူးလို့ အခိုင်အမာပြောပါတယ်။ မတ်စ်ရဲ့ဆိုင်အပြင်အဆင်ဟာ ဝေဖန်မှုရှုတ်ချမှုနဲ့ ရင်ဆိုင်နေရပေမယ့် တဖက်မှာတော့ သူတို့လုပ်ရပ်ဟာ လူတချို့ရဲ့ သဘောကျနှစ်သက်မှုကိုလည်း ရရှိနေပါတယ်။ “အရမ်းကိုဆွဲဆောင်မှုရှိတဲ့ အပြင်အဆင်နဲ့ ဆန်းပြားတဲ့ မားကတ်တင်း” လို့ Pablo’s Escoburgers ဆိုင်ကို နှစ်သက်သူအချို့က ဝင်ရောက်မှတ်ချက်ပေးနေကြပါတယ်။
2 years Ago
Up