မကွေးတိုင်းဒေသကြီး ခရိုင် ၅ ခုမှာ တနှစ်အတွင်း စားသုံးရန်မသင့်တဲ့ သက်တမ်းလွန် ပစ္စည်း ၁၁ဝဝဝ ကျော် သိမ်းဆည်းဖျက်ဆီးခဲ့တယ်လို့ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးက “၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍနှစ်မှာ မကွေးတိုင်းဒေသကြီးအတွင်းက သက်တမ်းလွန်ကုန်ပစ္စည်း အမျိုးအစားပေါင်း ၁ဝဝဝ၊ အရေအတွက် ၁၁၁၆၂ ခု၊ တန်ဖိုးအားဖြင့် သိန်း ၃ဝ ကျော်ဖိုးခန့် သိမ်းဆည်းခဲ့ပြီး၊ ကွင်းဆင်းစစ်ဆေးတဲ့ ကြိမ်ရေပေါင်းက ၃၂၇ ကြိမ်ရှိပါတယ်။ မီးရှို့ဖျက်ဆီးတာက ၁၅ ကြိမ်ရှိပါတယ်။ ခရိုင်တွေမှာ ခွဲပြီးဖျက်ဆီးရတာက စားသုံးရန်မသင့်တဲ့ သက်တမ်းလွန်ပစ္စည်းတွေကို ဖျက်ဆီးတာကို ခရိုင်တွေမှာရှိတဲ့ ပြည်သူတွေကို သိရှိစေချင်လို့ဖြစ်တယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိမှာ ၂ဝ၁၄ စားသုံးသူအကာကွယ်ပေးရေး ဥပဒေကို ကျင့်သုံနေပြီး ပြင်ဆင်တဲ့ ဥပဒေမှာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ အချက် ၈ ချက်ကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
ဘေးဥပဒ် အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်မှု၊ ရွေးချယ်နိုင်ခြင်းနှင့် ဝန်ခံကတိပြုမှု၊ အာမခံနိုင်မှုတို့အတိုင်း ရရှိနိုင်ခြင်း၊ သတင်းအချက်အလက်ပြည်စုံစွာ ရရှိနိုင်စေခြင်းနှင့် နစ်နာဆုံးရှုံးမှုတို့အတွက် တင်ပြတိုင်တန်းကြားနာစေမှု၊ သင်ယူလေ့လာနိုင်စေမှုနဲ့ မျှတသောဆက်ဆံရေးနဲ့ ဝန်ဆောင်မှုတို့ ရရှိနိုင်စေမှု၊ ကောင်းမွန်သောပတ်ဝန်းကျင်ရှိမှုတို့ ဖြစ်ပါတယ်။
မကွေးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးအောင်စိုးက "မကွေးမြို့ ဈေး ၅ ဈေး အပြင် ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးလက်တွေမှာ ရောင်းချနေတဲ စားသောက်ကုန်တွေကို ဗုဒ္ဓဟူးနေ့တိုင်း ကွင်းဆင်းစစ်ဆေးမှုတွေလုပ်တယ်။ ကြုံတွေ့နေရတဲ့ အခက်ခဲကတော့ ညွှန်ကြားချက်အတိုင် ၂ဝ၁၄ ဥပဒေနဲ့ အရေးယူမယ်ဆိုရင် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူက လိုက်ပါပြောင်းလဲမှု အားနည်းနေတယ်။ ရောင်းချနေတဲ ပစ္စည်းတွေက ထုတ်ကုန်လုံခြုံ စိတ်ချမှုမရှိတဲ့ အပိုင်းမှာအများကြီးတွေ့နေရတယ်။ မကွေမြို့က ဆိုင်တော်တော်များများတော့ လိုက်လုပ်နေပါတယ်။ အသိပညာပေးတာတွေ လုပ်ပေမယ့် လိုက်နာဆောင်ရွက်မှု အားနည်းနေပါတယ်” လို့ ပြောပါတယ်။
အဆိုပါ စားသုံးသူ အကာကွယ်ပေးရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်အမှတ် ၁ဝ/၂ဝ၁၄ နဲ့ ၂ဝ၁၄ခုနှစ် မတ် ၁၄ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး အသစ်ထပ်မံ ဖြည့်စွက် ရေးဆွဲပြီး လွှတ်တော်ကို တင်ပြထားတယ်လို့လည်း မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနက သိရပါတယ်။
သတင်း-မင်းထီး
5 years Ago