စားသောက်ဆိုင်များ ပြန်ဖွင့်

December 3, 2020

Stay at Home အမိန့်ထုတ်မထားသည့် မြို့နယ်များ၌ စားသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ပြုမည်

နေပြည်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေရှိ Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေမှာ စစ်ဆေးဆောင်ရွက်ပြီး A အဆင့် သတ်မှတ်ခံရတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို မနက်ဖြန် ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။  နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ဗဟိုကော်မတီကတော့ ညွှန်ကြားချက်လာပြီ၊ နေပြည်တော်ကောင်စီကလည်း မကြာခင် ဆိုင်ထိုင်စားသောက်ခွင့် ညွှန်ကြားချက်ထွက်ပါ့မယ်။  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ တစ်နိုင်ငံလုံးသဘော ညွှန်ကြားချက်ထဲမှာ ပါပါတယ်”လို့ ပြောပါတယ်။  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေမှာ ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာစံသတ်မှတ်ချက် A အဆင့်နဲ့ ကိုက်ညီပြီး ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်တဲ့ ဆိုင် ၈၀၁၇ ဆိုင်ရှိတယ်လို့ သိရပါတယ်။  နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ A အဆင့်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဆိုင် ၃၅၀ လောက်ရှိပြီး သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဆိုင်တွေအနေနဲ့ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး တင်ပြလာမယ်ဆိုရင် ဖွင့်လှစ်ခွင့်ပေးသွားမယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
7 months Ago

June 3, 2020

ပြင်သစ်တွင် လော့ဒေါင်းရုပ်သိမ်းပြီးနောက် စားသောက်ဆိုင်များ ပြန်ဖွင့်

ပြင်သစ်နိုင်ငံ နိတ်စ်မြို့က စားသောက်ဆိုင်တစ်ဆိုင်ဟာ လော့ဒေါင်းအစီအမံတွေ ရုပ်သိမ်းတာနဲ့တပြိုင်နက် ညသန်းခေါင်အချိန် ဇွန် ၂ ရက်မှာ ဆိုင်ပြန်ဖွင့်ခဲ့ပါတယ်။   “ပရီဇွန်း-ဒီဘူးဖယ်” ဆိုတဲ့ အသားကင်ဆိုင်ကို သီတင်း ၁၁ ပတ်ကြာ ပိတ်ထားခဲ့ပြီး ပြန်ဖွင့်ချိန်မှာတော့ လော့ဒေါင်းအလွန် ပထမဆုံး အပြင်ထွက်စားတဲ့ အတွေ့ကြုံကို တောင့်တနေသူ  ဧည့်သည် ၁၀၀ ဝန်းကျင် လာရောက် စားသောက်ခဲ့ပါတယ်။ ပုံမှန်တော့ အဲဒီအကင်ဆိုင်ဟာ သန်းခေါင်ယံမတိုင်မီ ပိတ်လေ့ရှိပြီး နောက်တစ်နေ့ နေ့လယ်စာ စားချိန်မှ ပြန်ဖွင့်တာပါ။ ဒါ့ပေမဲ့ လော့ဒေါင်း ဖြေလျှော့တာကို ကြိုဆိုတဲ့အနေနဲ့ ဆိုင်မန်နေဂျာတွေက သန်းခေါင်ယံ အထူးဖွင့်ပွဲလေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။  ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ကျဆင်းတာနဲ့အတူ ဇွန် ၂ ရက်ကစပြီး စားသောက်ဆိုင်တွေနဲ့ ဘားတွေကို ပြန်ဖွင့်တာ၊ ကမ်းခြေမှာ နေပူဆာလှုံတာ ပြန်လုပ်တာနဲ့   ကီလိုမီတာ ၁၀၀ ခရီးသွားလာခွင့် တားမြစ်ချက် ရုပ်သိမ်းတာတွေကို အစိုးရက လုပ်ဆောင်ခဲ့ပါတယ်။ ဒီအကင်ဆိုင်လေးရဲ့ စားပွဲခုံတွေကို လေဝင်လေထွက်ကောင်းစေဖို့ လမ်းပေါ်မှာ ခင်းခဲ့ပါတယ်။ စားပွဲထိုးတွေဟာ နှာခေါင်းစည်းတွေ တပ်ထားပြီး ဧည့်သည်တွေ ပြန်သွားတိုင်း  စားပွဲတွေကို ပိုးသတ်ဆေးဖျန်းပါတယ်။ နောက်ပြီး လက်သန့်ဆေးရည်တွေကိုလည်း လူသွားလူလာများတဲ့ နေရာတွေမှာ  ထားရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up