စားသောက်ဆိုင်များ

August 30, 2020

မွန်ပြည်နယ်အတွင်း စားသောက်ဆိုင်များကို စနစ်တကျမကိုင်တွယ်နိုင်ပါက ဝန်ထမ်းများကို အရေးယူမည်

မွန်ပြည်နယ်အတွင်းမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေ၊ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်ကို စနစ်တကျ မကိုင်တွယ်နိုင်ပါက ဝန်ထမ်းတွေကိုလည်း အရေးယူသွားမယ်လို့ သိရပါတယ်။ ကိုဗစ်ကာလ မွန်ပြည်နယ်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေ၊ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်ကို မော်လမြိုင်မှာ ကိုဗစ်ရောဂါပိုး ပြန်လည်တွေ့ရှိပြီးနောက် အရေးယူမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။ ကိုဗစ်ကာလမှာ စည်းကမ်းမလိုက်နာတဲ့ စျေးရောင်းချသူတွေနဲ့ Mask မတပ်တဲ့သူကို စနစ်တကျ ထိန်းချုပ်ဖို့နဲ့ အရေးယူတာတွေ လုပ်ဆောင်ဖို့လည်း ပါဝင်ပါတယ်။ အဲလို လုပ်ဆောင်ရာမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေကို စနစ်တကျ မကိုင်တွယ်နိုင်ရင် ဝန်ထမ်းတွေကိုပါ အရေးယူသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေကို စနစ်တကျ မကိုင်တွယ်နိုင်တဲ့ ဝန်ထမ်းတွေကိုတော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ရာထူးတိုး ဆိုင်းငံ့တာအပြင် ရာထူး လျှော့ချတာတွေလည်း လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်း ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေမှာ Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့ စျေးဆိုင်တွေကို ပထမအကြိမ် စစ်ဆေးတွေ့ရှိရင် ဆိုင် ၅ ရက်ပိတ်တာ၊ ဒုတိယအကြိမ် ၁၀ ရက် ပိတ်တာ၊ တတိယအကြိမ် အပြီးပိတ်တာတွေ လုပ်ဆောင်သွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ ဒါအပြင် စျေးတွေမှာ mask မတပ်တဲ့သူတွေကို ဒဏ်ငွေကျပ် ၃၀၀၀ နှုန်း ဒဏ်ရိုက်တာတွေ လုပ်ဆောင်ဖို့လည်း ညွှန်ကြားထားပါတယ်။ မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ကာလတုန်းက Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့ ဆိုင်တွေကို ပထမအကြိမ် စစ်ဆေးတွေ့ရှိရင် ဆိုင် ၃ ရက်ပိတ်တာ၊ ဒုတိယအကြိမ် ၁၀ ရက် ပိတ်တာတွေကိုပဲ လုပ်ဆောင်နိုင်ခဲ့တာပါ။  ဇော်လွင်ထွဋ်
8 months Ago

July 5, 2020

ချောက်မြို့တွင် ပြန်ဖွင့်ခွင့်ပြုထားသည့် စားသောက်ဆိုင်များကို ရှောင်တခင်စစ်ဆေး

မကွေးတိုင်း၊ ချောက်မြို့မှာ ကိုဗစ်-၁၉ ကာလ ပြန်လည်ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ဇူလိုင် ၄ ရက်နေ့က ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စည်းကမ်းလိုက်နာမှု အားနည်းနေသေးတယ်လို့ မြို့နယ်စည်ပင်သာယာအဖွဲ့အမှုဆောင်အရာရှိ ဦးနေမန်းက ပြောပါတယ်။ “အဓိက ဆိုင်ပိုင်ရှင်တွေက Mask မတပ်ဘူး၊ Face shield မတပ်ဘူး၊ Apron မဝတ်ထားဘူး၊ ဆိုင်ထိုင်တဲ့ လူတော်တော်များများကလည်း နှာခေါင်းစည်း တပ်မထားဘူး၊ အဲဒါတွေ ဖြစ်နေတာ။ စည်းရုံးဆောင်ရွက်ရဖို့ အနေအထားဖြစ်နေတယ်။”  ချောက်မြို့နယ် ကျန်းမာရေးအဖွဲ့မှ ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူဝင်ကြီးကြပ်ရေးဦးစီးဌာနတို့ ပူပေါင်းထားတဲ့ စစ်ဆေးရေးအဖွဲ့က ချောက်မြို့ရှိ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ၈၀ ကျော်ထဲက ဆိုင် ၃၀ ကို ပထမအကြိမ် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ တပတ် တကြိမ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ စည်းကမ်းမလိုက်နာတဲ့ ဆိုင်တွေကို နှစ်ကြိမ် သတိပေးအဆင့် ဆောင်ရွက်မှာဖြစ်ပြီး တတိယအကြိမ်မှာတော့ ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ပါဆယ်စနစ်သာ ခွင့်ပြုခဲ့တဲ့ ဆိုင်တွေကို ကျန်းမာရေးလမ်းညွှန်မှုအရ အပူချိန်တိုင်းတာ၊ Mask တပ်တာ၊ လက်ဆေးရည်ထားဖို့ အပါအဝင် ရောင်းချသူ လိုက်နာဖို့ အချက် ၁၁ ချက်၊ ဆိုင်မှာ ပြင်ဆင်ထားဖို့ အချက် ၁၁ ချက်နဲ့ စားသုံးသူလိုက်နာဖို့ အချက် ၅ တို့နဲ့  ဇွန်လဆန်းပိုင်းက ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။ ကိုလင်း(ချောက်)
10 months Ago
More News
Up