စားဝတ်နေရေး အခက်ကြုံ

A d v e r t i s e m e n t With Us

December 7, 2020

ကိုဗစ်ကာလကြာရှည်လာသဖြင့် လွိုင်ကော်သုံးဘီးမောင်းသူများ စားဝတ်နေရေး အခက်ကြုံ

ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကြောင့်  ကယားပြည်နယ်အတွင်း ဝင်ထွက်သွားလာမှု ကန့်သတ်ထားတာ လနဲ့ချီရှိလာတာကြောင့် လုပ်ကိုင်ငန်းအဆင်မပြေမှုတွေ လူတိုင်းလိုလို ကြုံတွေ့နေရပါတယ်။ ပြည်နယ်တွင်း သယ်ယူပို့ဆောင်ရေး လုပ်နေတဲ့ သုံးဘီးမောင်းသမားတွေလည်း ကိုဗစ်ကာလာ ကန့်သတ်ချက်တွေကြောင့် အရင်ကလို ဝင်ငွေမရှိကြတော့ဘဲ စားဝတ်နေရေး ကျပ်တည်းလာနေကြပါတယ်။ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး (တောင်) ဈေးမှာ သုံးဘီးမောင်းတဲ့ ကိုကျော်က “သုံးဘီးသမားကလည်း လူတယောက်တက်မှ ပိုက်ဆံ တစ်ထောင်ရတာလေ။ တရက်ကို လေးငါးခြောက်ထောင်လောက်ပဲရတာ။ လေးငါးခြောက်ထောင်တောင် ဒါလူတိုင်းရတာ မဟုတ်ဘူး။ အဲဒီလေးငါးခြောက်တောင်က ဆီဖိုး တစ်တောင်နှစ်ထောင်နုတ်လိုက်ရင် ပိုက်ဆံ သုံးလေးထောင်လောက်ပဲ ကျန်တယ်။ ဆို‌တော့ ဒီသုံးလေးတောင်က စားဝတ်နေရေး ဖြေရှင်းဖို့က အဆင်မပြေဘူး။ အခုက ရက်ကနေလ၊ လကနေ နှစ်ဖြစ်လာပြီဆိုတော့ စားဝတ်နေရေး တအားခက်ခဲလာပြီ။ ဒီလိုပဲ ကြာနေဦးမယ်ဆိုရင် စားဝတ်နေရေးက ဒီထက်ပိုပြီး ခက်ခဲလာနိုင်တယ်” လို့ ပြောပါတယ်။ လွိုင်ကော်မြို့နယ်မှာ  သုံးဘီးအစီးရေ ၃၀၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။ အရင် ကိုဗစ်ဖြစ်ခင်က တရက်ကို တစ်သောင်းခွဲလောက်ဝင်ငွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တချို့လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာကြောင့်လည်း သုံးဘီးမောင်းသူတွေ ပစ္စည်းတင်မရတော့ဘဲ အခက်အခဲတွေ ဖြစ်လာနေကြတာလို့ ကိုကျော်က ပြောပါတယ်။ ဒါ့အပြင် ပြည်နယ်တွင်း ကားတွေပိတ်၊ အလည်ပတ်နေရာတွေ ပိတ်ထားတာကြောင့် ခရီးသွားဧည့်သည် မလာတော့တဲ့အတွက် ဝင်ငွေလျော့နည်းသွားတာလို့ သုံးဘီးယာဉ်မောင်း ကိုဝင်းမင်းစိုးက ပြောပါတယ်။ “ကျနော်သုံးဘီးမောင်းတာ ၇ နှစ်နီးပါးလောက်ရှိပြီ။ အရင်ပျမ်းမျှ အတိုင်းအတာမျိုးနဲ့ဆိုရင် တရက်ကို ဝင်ငွေက ကျနော်တို့ဆိုရင် ၂ သောင်း၊ ၂ သောင်းခွဲလောက်တော့ရတယ်။ အခုနောက်ပိုင်း ကိုဗစ် အခြေအနနဲ့ ဖြစ်လာတာက တနှစ်နီးပါးလောက်ရှိနေပြီဗျာ။ ဝင်ငွေက ပုံမှန်မရှိတော့ဘူး။ တစ်သောင်းရတဲ့ ရက်ဆိုတာ နည်းသွားပြီပေါ့နော်။ အဓိက ခရီးသွားဧည့်သည်တွေ မလာတာ ပါတယ်ဗျာ။ ဒီလမ်းတွေ စပိတ်တယ်၊ ကားတွေစပိတ်ပြီဆိုကတည်းက ခရီးသွားဧည့်သည်တွေ မရှိတော့ဘူး။ မရှိတော့ ကျနော်တို့ဆီက ဈေးသည်တွေလည်း မရောင်းရဘူး။ ရက်ကန်းအလုပ်တွေလည်း နားရတယ်။ ကိုယ်တွေလည်း ရက်ကန်းစင်နဲ့ ချိန်ထားတာ၊ သူတို့တွေရဲ့ ပစ္စည်းတွေ ဘာပို့ညာပို့က ကျနော်တို့ မရတော့ဘူး။ ” သုံးဘီးယာဉ်မောင်းတွေ ဒီလိုစားဝတ်နေရေး ကျပ်တည်းလာနေမယ့် နိုင်ငံတော်က ပေးတဲ့ ကိုဗစ်ထောက်ပံ့ငွေ မရကြသလို တခြားအကူအညီတွေလည်း မရကြဘူးလို့ ဆိုပါတယ်။ “ရပ်ကွက်က သူတို့ထောက်ပံ့မယ်ဆိုတော့ ကျနော်တို့ သုံးဘီးသမားတွေမပါဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ခေါင်းစဉ်တပ်တယ်၊ သုံးဘီးပိုင်လို့၊ ဆိုင်ကယ်ပိုင်လို့၊ ကားပိုင်လို့ဆိုပြီး တပ်လာတယ်။ တကယ်တမ်း ကျနော်တို့က သုံးဘီးပဲပိုင်တာလေ။ ကျနော်တို့ အလုပ်မှမရှိတာ။ အလုပ်မရှိတော့ ဒီထောက်ပံ့ကြေးက ကျနော်တို့မရခဲ့ဘူး။ ဆန်လည်းမရဘူး။ ဆီလည်းမရဘူး။” လို့ ကိုဝင်းမင်းစိုးက ပြောပါတယ်။ ဒါ့ကြောင့် တာဝန်ရှိသူအနေနဲ့ တကယ် ခက်ခဲနေတဲ့သူတွေကို သေချာစိစစ်ပြိး အကူအညီတွေပေးဖို့နဲ့ နိုင်ငံသားတိုင်း တယောက်ချင်းစီကို ထောက်ပံ့ပေးဖို့ သုံးဘီးသမားတွေက တောင်းဆိုထားပါတယ်။ 
3 months Ago

October 28, 2020

မြစ်ကြီးနားမျက်မမြင်ကျောင်း၌ ကိုဗစ်ကာလ စားဝတ်နေရေး အခက်ကြုံနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာရှိတဲ့ မျက်မမြင်ကျောင်းမှာ  ကိုဗစ်-၁၉ ကာလ ကျောင်းသားနဲ့ ကျောင်းဝန်ထမ်း ၁၀၀ ကျော်အတွက် စားဝတ်နေရေး ခက်ခဲနေတယ်လို့ မျက်မမြင်ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ ကိုဗစ်ကာလမှာ လာရောက်လှူဒါန်းတဲ့သူ မလာတော့တဲ့ အတွက် ကျောင်းသားနဲ့ ဝန်ထမ်းတွေဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေတာပါ။  မျက်မမြင်ကျောင်းအုပ်ဆရာကြီး ဦးလမုန်ကန်ဖန်က "ခါတိုင်းလာနေတဲ့ အလှူရှင်တွေလည်း မလာတော့ဘူး။ ကိုယ့်ခြေထောက်ကိုယ်ရပ်တည် နေရတော့ စားဝတ်နေရေး အခက်အခဲ ရှိတယ်။ အရင်ကတော့ခရီးသွား လာသူများတဲ့အတွက် ပြည်တွင်းအလှူရှင်အတော် အများလာတယ်။ မြစ်ကြီးနားက လာလှူတဲ့သူတွေလည်း သိပ်မရှိတော့ဘူး။” လို့ပြောပါတယ်။ အလှူရှင်မရှိသည့်အခါ လူတစ်ဦးလျှင် တစ်နေ့ ကျပ် ၈၀၀ နှုန်း ကျွေးမွေးပြီး အလှူရှင်ရှိတဲ့ အခါဆိုရင်တော့ တစ်နေ့ကို ကျပ် ၁၅၀၀ နှုန်း အသားဟင်းနဲ့ ကျွေးမွေးကာ  အခု ကိုဗစ်ကာလမှာ အလှူရှင်မရှိတော့တဲ့အတွက် ကျောင်းသူကျောင်းသားနဲ့ ဝန်ထမ်းတွေကို  အသီးအရွက်တွေနဲ့သာ ကျွေးမွေးခဲ့ရကြောင်း  မျက်မမြင်ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ မျက်မမြင်ကျောင်းအနေနဲ့ ကိုဗစ်ကာလ အစိုးရကျောင်းများနည်းတူ ပိတ်ထားတဲ့အတွက်  မိဘတွေထံ ပြန်သွားတဲ့ကျောင်းသားတွေလည်းရှိပြီး မပြန်နိုင်တဲ့ ကျောင်းသားတွေအတွက် အနှိပ်ပညာနဲ့ တခြားလက်မှုပညာတွေလည်း ဆက်လက် သင်ကြားပေးနေတယ်လို့ မြစ်ကြီးနား မျက်မမြင်ကျောင်းထံက သိရပါတယ်။ ကချင်ပြည်နယ်မှာ တစ်ကျောင်းတည်းသာရှိတဲ့ မြစ်ကြီးနား မျက်မမြင်ကျောင်းကို ၁၉၈၁ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အစိုးရဘတ်ဂျက် နိုင်ငံတကာအလှူရှင်တွေမပါပဲ ပြည်တွင်း အလှူရှင်တွေနဲ့သာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ သတင်း - ထူးထူး(ဗိုလ်ကလေး)
4 months Ago
More News
Up