စားဝတ်နေရေးအခက်ကြုံ

December 17, 2020

ကိုဗစ်ကာလကြာရှည်လာသဖြင့် ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်သူများ စားဝတ်နေရေးအခက်ကြုံ

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကေတီဗွီ၊ စင်တင်တေးဂီတနဲ့ တခြားဖျော်ဖြေရေး လုပ်ငန်းတွေကို တိုင်းအစိုးရ အစီအစဉ်နဲ့  မေလကစတင်ကာ ယာယီပိတ်ခိုင်းထားခဲ့ပါတယ်။ ပိတ်ရက်ကြာရှည်လာတဲ့အတွက် ကေတီဗွီအပါအဝင် ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ပြီး အသက်မွေးရတဲ့ လူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ကေတီဗွီဆိုင်ပိတ်လိုက်ရတဲ့ ရက်တွေကြာလာတော့ အရင်က အလုပ်သမားတွေကို စားဝတ်နေရေးပြေလည်အောင် ထောက်ပံ့ပေးနိုင်ပေမယ့် ခုတော့ မထောက်ပံ့ပေးနိုင်ဘူးလို့ လုပ်ငန်းရှင်အများစု ကပြောပါတယ်။ ကေတီဗွီဆိုင်ပိုင်ရှင် ကိုအောင်ကျော်သူ က “ပထမလှိုင်းပြီးတော့ ကြားထဲမှာ ၂ လလောက် ပြန်ဖွင့်လိုက်ရတယ်။ ခုအဲ့တာလေးနဲ့ ထိုင်စားနေ ရတာပါ။ အစပိုင်းကတော့ အလုပ်သမားတွေကို ထောက်ပံ့နိုင်သေးတယ်။ ခုတော့ ကျနော်တို့ ကိုယ်တိုင် စားဝတ်နေရေးအခက်အခဲရှိလာတော့ သူတို့ကို လောက်ငှအောင် မထောက်ပံ့နိုင်တော့ပါဘူး”လို့ ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများလာလို့ စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ကာ မြို့နယ် ၃ မြို့နယ်ကို Stay at Home အမိန့်ထုတ်ပြန်ပြီး ရောဂါထိန်း ချုပ်နိုင်ရေး ကြိုးစားခဲ့ပြီး ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့ သတ်မှတ်ခဲ့ပေမယ့် ဒီဇင်ဘာ လမှစတင်ကာ Stay at Home မဟုတ်တဲ့ ကျန်တဲ့မြို့နယ်တွေက အေ အဆင့်ရတဲ့ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်ပြုပေးခဲ့ပါတယ်။ ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ ကေတီဗွီ၊ စင်တင်နဲ့ တခြားဖျော်ဖြေရေးလုပ်ငန်းတွေ ပြန် ဖွင့်ခွင့်မရရှိသေးသလို ပိတ်ထားရတဲ့ကာလကြာရှည်လာတာကြောင့် မိမိဇာတိနေရပ်မပြန် နိုင်တဲ့ အလုပ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲတွေရှိလာတယ်လို့ ပြောပါတယ်။ ကေတီဗွီအလုပ်သမတဦးက “ကိုဗစ်ကြောင့်ရပ်လိုက်ရတော့ ဝင်ငွေမရှိတော့ မိသားစုလည်း မထောက်ပံ့နိုင်တော့ပါဘူး ညီမတို့ကိုယ်တိုင်လည်း ဟင်းမပါပဲ ထမင်းစားရတဲ့နေ့တွေရှိပါတယ်။ နေရပ်ပြန်အလုပ်လုပ်ဖို့အတွက်က ဟိုမှာလည်း ကိုဗစ်ကာလ အလုပ်ကရှားတော့ ဒီမှာပဲ ဒုက္ခခံပြီး ဆက်နေရတာပါ”လို့ပြောပါတယ်။ ကိုဗစ်ကာလမတိုင်ခင် ဆိုင်ဖွင့်စဉ်အချိန်တုန်းက တစ်နေ့ကို ဝင်ငွေ ကျပ် ၁၀,၀၀၀ ကျော်  ရရှိကာ အိမ်ကို တစ်လ ကျပ် ၃ သိန်းခွဲကျော် ပြန်ထောက်ပံ့နိုင်သလို ကိုဗစ်ကြောင့် ပိတ်လိုက်ရတဲ့ နောက်ပိုင်း အိမ်ကိုမထောက်ပံ့နိုင်တော့တဲ့အပြင် အဆောင်ခနဲ့ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးဖျော်ဖြေရေးလုပ်ငန်းတွေ ကာလကြာရှည်ပိတ်ထားရလို့ စားဝတ်နေရေးအခက်အခဲ တွေရှိလာတာကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိနိုင်ဖို့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေက မျှော်လင့်နေကြပါတယ်။ ဧရာဝတီတိုင်းမှာ ကိုဗစ်ကာလ ဆိုင်ခိုးဖွင့်လို့ အမှုဖွင့် အရေးယူထားတဲ့ ကေတီဗွီဆိုင် ၂ ဆိုင်နဲ့ ပြည်တန်ဆာဆိုင် ၁ ဆိုင်ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
5 months Ago

October 3, 2020

စားဝတ်နေရေး အခက်ကြုံနေသည့် လပွတ္တာက အိမ်ခြေ ၁၀၀၀ ကျော်အား အဖြူရောင်ဧရာဝတီ အဖွဲ့ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ ကိုဗစ်ကာလ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အိမ်ခြေ ၁၀၀၀ ကျော်ကို အဖြူရောင်ဧရာဝတီအဖွဲ့က မျှဝေခြင်းအစီစဉ်နဲ့ လိုက်လံ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ လပွတ္တာမြို့ပေါ်က ရပ်ကွက်တွေကို စက်တင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး ရပ်ကွက်ထဲက အစိုးရရဲ့ ထောက်ပံ့ပေးတဲ့ စားသုံးကုန်တွေ မရတဲ့ အိမ်ထောင်စုတွေကို အဓိကထားပြီး ဆန်နဲ့ နှာခေါင်းစည်းတွေ ထောက်ပံ့ပေးခဲ့တာလို့ အဖြူရောင်ဧရာဝတီအဖွဲ့ဝင် ကိုစိုးသီဟမင်းက DVB ကို ပြောပါတယ်။ “အဓိက အစိုးရရဲ့ ထောက်ပံ့မှုမရတဲ့သူတွေကို ဝေဖြစ်တာပါ၊ ခုဆို မြို့ပေါ်ရပ်ကွက် ၅ ခုလောက် ပြီးပါပြီ။ အားလုံးကို ဆန် ၁ ပြည်နဲ့ နှာခေါင်းစည်းတွေ အိမ်ထောင်စုတိုင်းကို ပေးတာပါ၊ တချို့ ဆို ဆန်ရတော့ မျက်ရည်ဝဲတဲ့သူတွေတောင်ရှိတယ်။” အဖြူရောင်ဧရာဝတီအဖွဲ့ဟာ လပွတ္တာမြို့အခြေစိုက် သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး ကိုဗစ်ကာလ စားဝတ်နေရေး အခက်အခဲရှိနေတဲ့ အိမ်ထောင်စုတွေကို အဖွဲ့ရဲ့ ဘတ်ဂျက်နဲ့ စေတနာရှင်အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ ပူးပေါင်းပြီး ခုလို လိုက်လံပေးဝေနေတာလို့ ဆိုပါတယ်။ စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၂ ရက်နေ့ထိ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၁၃၀၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း လပွတ္တာမြို့နယ်အတွင်းက ကျေးရွာတွေကိုပါ သွားရောက်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေသူတွေကို ထောက်ပံ့ပေးသွားမယ်လို့ အဆိုပါအဖွဲ့က သိရပါတယ်။ လပွတ္တာမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၁၁ ယောက်ထိ ရှိနေပြီး ဆေးရုံဆင်းခွင့်ရသူ ၂ ဦးနဲ့ အသွားအလာကန့်သတ်ထားတဲ့ နေရာ ၁ နေရာရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်) 
7 months Ago
Up