စားပွဲထိုးမျောက်လိမ္မာလေးများနှင့် ဝန်ဆောင်မှုပေးသည့် ထူးခြားအံ့ဖွယ်စားသောက်ဆိုင်

August 10, 2017

စားပွဲထိုးမျောက်လိမ္မာလေးများနှင့် ဝန်ဆောင်မှုပေးသည့် ထူးခြားအံ့ဖွယ်စားသောက်ဆိုင် (ရုပ်သံ)

စားသောက်ဆိုင်တွေ၊ ဘားတွေမှာ ဝန်ဆောင်မှုပေးရတဲ့ စားပွဲထိုးတွေရဲ့ လုပ်ငန်းတာဝန်ဟာ ထင်သလောက်တော့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ဒီအလုပ်ကို လူတွေအစား မျောက်လိမ္မာလေးတွေနဲ့ ထူးခြားဆန်းပြားစွာ ဝန်ဆောင်မှုပေးနေတဲ့ စားသောက်ဆိုင်တဆိုင်ကတော့ ရှိနေခဲ့ပါပြီ။ ကာရာဘူကီရာ တာဘန် အမည်ရတဲ့ စားသောက်ဆိုင်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်း၊ အပ်ဆန်နိုမီယမြို့မှာ တည်ရှိတဲ့ တခြားသော ရိုးရာ ဂျပန်စားသောက်ဆိုင်တွေလိုပဲ ဖြစ်ပေမယ့် ထူးခြားမှုကတော့ စားပွဲထိုးတွေက မျောက်လိမ္မာကလေးတွေ ဖြစ်နေတာပါပဲ။ ဒီဆိုင်ဟာ လူစားပွဲထိုးတွေနေရာမှာ မျောက်လိမ္မာလေးတွေနဲ့ အစားထိုး အသုံးပြု ဝန်ဆောင်မှုပေးခဲ့တာ ၂၉ နှစ်လောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဖူကူချန်း အမည်ရတဲ့ မျောက်လိမ္မာ စားပွဲထိုးမလေးရဲ့ ချစ်စဖွယ် ဝန်ဆောင်မှုပေးနေပုံတွေကို တွေ့မြင်ကြရမှာပါ။ သူ့ကို ဝတ်ဆင်ပေးထားပုံကလည်း စားပွဲထိုးမိန်းကလေးတွေရဲ့ ဝတ်စုံအတိုင်း ဆင်ယင်ပေးထားတာမို့ ချစ်စရာသွင်ပြင်နဲ့ သွက်သွက်လက်လက် လှုပ်ရှားနေတာဟာ တကယ့်ကို ထူးခြားနေပါတယ်။ ဧည့်သည်စားပွဲဝိုင်းတွေဆီ သောက်စရာ ဘီယာနဲ့ လက်သုတ်ပုဝါတွေ၊ စားစရာတွေကို ယူဆောင်ပေးနေပုံဟာ ကျွမ်းကျင်လှပါတယ်။ လက်ရှိမှာတော့ ဒီဆိုင်ဟာ လာရောက်စားသုံးသူတွေကိုသာမက တခြားသော ကမ္ဘာလှည့်ခရီးသည်တွေကိုပါ ဆွဲဆောင်နိုင်တဲ့ အံ့ဖွယ်စားသောက်ဆိုင်တဆိုင် ဖြစ်နေခဲ့ပါတယ်။
4 years Ago
Up