စားနပ်ရိက္ခာ ထောက်ပံ့

August 12, 2021

မြန်မာနိုင်ငံသား ၁၂ သိန်းခွဲကို စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ဟု WFP ကြေညာ

မြန်မာနိုင်ငံရဲ့ မြို့ပြဒေသတွေနဲ့ ကျေးလက်ဒေသတွေက ပြည်သူ ၁၂ သိန်းခွဲအတွက် ၂၀၂၁ ခုနှစ်အတွင်း   စားနပ်ရိက္ခာ၊ ငွေသားနဲ့အာဟာရ အထောက်အပံ့တွေ ပေးအပ်ထောက်ပံ့နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ပါတယ်။

WFP ဟာ မြို့ပြစားနပ်ရိက္ခာ အထောက်အပံ့စီမံချက်တစ်ခုကို မေလမှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး အခုသြဂုတ်လအထိ ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တို့က ထိခိုက်လွယ်သူ လူဦးရေပေါင်း  ၆၅၀,၀၀၀ အတွက် တိုက်ရိုက်ကူညီပံ့ပိုး ပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ထောက်ပံ့တာကတော့ မိခင်တွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့လည်း ဆိုပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာ စတီဖင်အန်ဒါဆန်က  “မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုဟာ ပိုမိုတိုးများလာသလို ပိုဆိုးရွားလာတာကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ ရန်ကုန်မြို့တစ်ဝိုက်က ပျံကျရပ်ကွက်တွေမှာ နေထိုင်တဲ့ အိမ်ထောင်စု ၉၀ ရာခိုင်နှုန်း နီးပါးဟာ ငွေချေးယူပြီး အစားအစာဝယ်ယူနေကြရပါတယ်။ သူတို့ ဝင်ငွေဟာလည်း တော်တော်လေးကို ကျဆင်းသွားပါတယ်။”လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

ပြီးတော့ မကြာသေးခင်က နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေမငြိမ်သက်မှုတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူ လူပေါင်း ၁၇,၅၀၀ ကိုလည်း ထောက်ပံ့ကူညီနိုင်ခဲ့ပြီး  နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူတွေကို အခုသြဂုတ်လထဲမှာ တိုးချဲ့ကူညီသွားဖို့လုပ်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အသက်ကယ်ဆယ်ရေးလုပ်ငန်း တွေကို ဆက်လုပ်နိုင်ဖို့ အခုလကစပြီး  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အထိ ကြားကာလ အရေးပေါ် ရန်ပုံငွေလိုအပ်ချက် အမေရိကန်ဒေါ်လာ ၈၆ သန်းရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

2 months Ago

September 30, 2020

ကိုဗစ်ကာလ နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့

ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကာလ ရန်ကုန်တိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်း  ၅၀၄ ယောက်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမိသားစုက စားနပ်ရိက္ခာတွေ ထောက်ပံ့ ကူညီခဲ့ပါတယ်။ ဒီလှူဒါန်းမှုကိုတော့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တဖွဲ့ဖြစ်တဲ့ We Love Yangon အဖွဲ့မှတဆင့် လှူဒါန်းခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တဦးချင်းစီအတွက် ဆန် ၆ ပြည်၊ နေကြာဆီ ၅၀ ကျပ်သား ၂ ဘူး၊ ခေါက်ဆွဲခြောက်အထုပ် ၃၀ ပါ  ၁ ဖာ၊ ကော်ဖီမစ် ၃၀ ပါ အထုပ် ကြီး ၁ ထုပ်တို့ပါဝင်တဲ့ တန်ဖိုး ၂၃,၀၀၀ ကျပ်ကျသင့်တဲ့ Package တွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူနဲ့ပတ်သက်ပြီး  We Love Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ် မှတဆင့် မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ မျှဝေထားပါတယ်။ အလှူလက်ခံရရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်တွေမှာ နေထိုင်ကြသူတွေဖြစ်ကြပြီး  တခြားပြည်နယ်နဲ့ တိုင်းတွေမှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ ပါဝင်ခြင်းမရှိပါဘူး။ 
1 year Ago
More News
Up