စားနပ်ရိက္ခာပြတ်လပ်

September 1, 2021

ဆော့လော်မြို့နယ်၊ လန်ဆယ်လာချင်တွင် ဒေသခံပြည်သူများ ဆေးဝါးနှင့်စားနပ်ရိက္ခာ ပြတ်လပ်

ကချင်ပြည်နယ်အတွင်းရှိ ဆော့လော်မြို့နယ်၊ လန်ဆယ်လာချင်အုပ်စုမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေက မိုးတွင်းကာလ လမ်းပိတ်နေတဲ့အတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ လန်ဆယ်လာချင်အုပ်စုမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံ ကိုမြင့်ဦးဆန်းက “အုပ်စုတကြောလုံးမှာ ကျန်းမာရေးဆေး‌ပေးခန်း တစ်ခုမှမရှိရတဲ့အထဲ လမ်းကလည်း ပိတ်တာကြာတော့ စားနပ်ရိက္ခာ ပြတ်လပ်နေကြပြီ။ စားစရာနည်းနည်း စုထားတဲ့သူတွေတောင် ဝေစားမျှစားလုပ်ကြတော့ မကျန်တော့ဘူး။ တာ၀န်ရှိတဲ့ သက်ဆိုင်ရာ လူကြီးမင်းတွေအနေနဲ့ အမြန်ဆုံးနည်းနဲ့ လမ်းပြင်ပေးပြီးတော့ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော်တို့ဒေသခံတွေ အကူညီမရရင် ကိုဗစ်ရောဂါကြောင့် မသေရဘဲနဲ့ ငတ်ပြီး သေနိုင်ခြေများပါတယ်” လို့ ပြောပါတယ်။

ဆော့လော်မြို့နယ်၊ လန်ဆယ်လာချင်အုပ်စုမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “ကျမတို့ဒေသမှာ ဆေးဝါ းလုံးဝပြတ်သွားတဲ့အတွက် ဆေးဝယ်ဖို့ မြစ်ကြီးနားကို ဇူလိုင်လမှာ ဆင်းခဲ့တာပါ။ ဒါပေမဲ့ တံတားတွေကျိုး မြေပြိုပြီး လမ်းလုံးဝပိတ်သွားတဲ့အတွက် ကျမတို့ ဒေသကို မပြန်နိုင်သေးပါဘူး။ အခု ကျမတို့ဒေသမှာ ဆေးဝါးတွေမကဘဲ စားနပ်ရိက္ခာတွေလည်း လုံးဝပြတ်လပ်သွားပြီလို့ ကြားရတဲ့အတွက် အင်မတန် စိတ်ပူပန်သောကရောက်နေပါတယ်။ ကျမတို့ အခုလိုချင်တာက ပိတ်ဆို့နေတဲ့လမ်းတွေကို အမြန်ဆုံးရှင်းဖို့ပါပဲ” လို့ ပြောပါတယ်။

ဆော့လော်မြို့နယ်၊ လန်ဆယ်လာချင်ကျေးရွာအုပ်စုမှာ ရွာပေါင်း ၁၃ ရွာရှိပြီးတော့ အိမ်ခြေ ၂၇၁ နဲ့ ‌လူဦးရေ ၁၇၉၂ ဦးလောက် နေထိုင်ကြပါတယ်။ 

ပြီးခဲ့တဲ့နှစ်တွေမှာ စားနပ်ရိက္ခာတွေကို တရုတ်ပြည်နဲ့ မြစ်ကြီးနားဘက်ကနေ ဝယ်ယူ စားသုံးခဲ့ကြ‌ပေမယ် အခုနှစ်မှာတော့ သုံးချောင်းဆုံနဲ့လာအိုလော်ကြားမှာ တံတားကျိုး၊ မြေပြိုပြီးလမ်းပိတ်နေတဲ့အတွက် မြစ်ကြီးနားဘက်ကို သွားလို့မရတဲ့အပြင် ကိုဗစ်-၁၉ ကြောင့် တရုတ်ပြည်ဂိတ်တွေလည်း ပိတ်ထားတဲ့အတွက် ဒုက္ခရောက်နေရတာလို့ သိရပါတယ်။

5 months Ago

August 15, 2021

လူဦးရေ ၄၀၀ ကျော်ရှိသည့် ငတရံစစ်ဘေးရှောင်စခန်း ရိက္ခာပြတ်လပ်

စစ်ရှောင် ၄၀၀ ကျော်နေထိုင်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကြားက ငတရံ စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ ၁ ပတ်အတွင်း စားနပ်ရိက္ခာပြတ်လပ်သွားတာကြောင့် ဆန်နဲ့မျှစ်ကိုရောပြီး ဆန်ပြုတ်သောက်နေရတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဘေးရှောင်စခန်းဟာ မိုးတွင်းသွားလာရခက်ခဲပြီး ကူညီပေးသူတွေ ရောက်ရှိမှုနည်းပါးသလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုမရှိတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေရပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

“လက်ရှိအနေအထားကတော့ သူတို့က တောင်ပေါ်တက်လိုက် မျှစ်လေးချိုးလိုက်၊ ကဒက်ဥ တူးလိုက်၊ အဲဒီလိုမျိုး စားနေကြတာ။ အခုက သူတို့ သွားရေးလာရေးမှာ မိုးကြီးတယ်၊ ရေကြီးတယ်ဆိုတဲ့အခါကျတော့ သွားလို့လာလို့လည်း အဆင်မပြေဘူး၊ ဝါးတွေဘာတွေသွားခုတ်တယ်ဆိုရင်လည်း ကိုဗစ်ကာလနဲ့ ဝယ်မဲ့သူကမရှိတော့ ဘယ်လိုမှ သူတို့ အဆင်မပြေဘူး။ ဘယ်လောက်အထိ အဆင်မပြေဘူးဆိုရင် တစ်မိသားစု ဆန်နို့ဆီဘူး ၄ ဘူးစားတယ်ဆိုရင် အခု ၂ ဘူးပဲ စားရတယ်၊ တချို့ဆိုရင် မျှစ်နဲ့ ဆန်ကိုရောပြီးတော့ ဆန်ပြုတ်ကျိုသောက်နေကြရတယ်လို့ သူတို့က ပြောတယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်ရတယ်၊ အဲဒါကြောင့် သူတို့ကို အရေးပေါ်ကူညီပေးဖို့လိုအပ်နေတာပေါ့။”

အဆိုပါစစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ပလက်ဝမြို့နယ်ရှိကျေးရွာတွေနဲ့ ကျောက်တော်မြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင် ၄၄၀ ကျော်နဲ့ မိသားစု ၁၀၀ ကျော် ခိုလှုံနေထိုင်နေကြတာလို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်တွေကို အစိုးရက တရားဝင် အသိအမှတ်မပြုထားတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကို မရရှိဘဲ ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်နေကြရပြီး လက်ရှိ ကိုဗစ်ကာကာလမှာ ရှာဖွေစားသောက်ဖို့ အခက်အခဲ ကြုံနေကြတာလို့ သိရပါတယ်။

5 months Ago
More News
Up