စားနပ်ရိက္ခာ

June 22, 2022

ရုရှားက စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးပြုနေဟု အမေရိကန်ဝေဖန်

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်း ကောက်ပဲသီးနှံ ပြည်ပတင်ပို့မှုကို ပိတ်ဆို့ရင်း စားနပ်ရိက္ခာကို လက်နက်အဖြစ် သုံးနေတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရ ဂျွန်ကာဘီက သတင်းထောက်တွေကို ဇွန် ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီကောက်ပဲသီးနှံတွေကို ဘယ်လိုပြည်ပထုတ်မလဲဆိုတဲ့ နည်းလမ်းတွေကို စစ်ဆေးနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော်ခဲ့လို့ ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းကနေ ကောက်ပဲသီးနှံတင်ပို့မှု ရပ်သွားခဲ့ရတာပါ။ ဒါကြောင့် တကမ္ဘာလုံး စားနပ်ရိက္ခာ ပြတ်လပ်ခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားအစိုးရကတော့ ဒီအကျပ်အတည်းအတွက် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုကို အပြစ်တင်ထားပါတယ်။

ကုလသမဂ္ဂကတော့ ထွက်ပေါက် စင်္ကြံလမ်းအတွက် သဘောတူပေးဖို့ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ဝင် တူရကီနဲ့ ပင်လယ်အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ရုရှား၊ ယူကရိန်း နှစ်ဖက်စလုံးကို မေတ္တာရပ်ခံထားပါတယ်။

3 days Ago

June 2, 2022

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းဖြစ်နိုင်ဟု ကုလပြော

ရုရှား-ယူကရိန်း ပဋိပက္ခဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အပြင်းထန်ဆုံး ထိခိုက်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကို ဦးတည်သွားနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စတော့ဟုမ်းမှာ ဇွန် ၁ ရက်က သတိပေးခဲ့ပါတယ်။ 

ဂူတာရက်စ်ဟာ ဆွီဒင်ဝန်ကြီးချုပ် မာဒါလီနာ အန်ဒါဆန်နဲ့ တွေ့ဆုံခဲ့ပြီး ဥရောပရှိ လုံခြုံရေးအခြေအနေ၊ ကပ်ရောဂါဘေးမှ ပြန်လည်ထူထောင်ရေးနဲ့ အစိမ်းရောင် အကူးအပြောင်း စတာတွေကို ဆွေးနွေးခဲ့ပါတယ်။

အစိမ်းရောင်အကူးအပြောင်းဆိုတာဟာ ဘယ်သူ၊ ဘယ်ဒေသမှ နောက်ကျကျန်ရစ်ခြင်း မရှိစေရဆိုပြီး အရင်းအမြစ်တွေသက်သာပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးဆီကို အရောက်သွားနေတဲ့ ဖွံ့ဖြိုးရေးမဟာဗျူဟာအသစ် ဖြစ်ပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံရဲ့ မြေဩဇာနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်တာ မရှိရင် စားနပ်ရိက္ခာ အကျပ်အတည်းကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ကြောင်းနဲ့ ယူကရိန်းရဲ့ စားသောက်ကုန်ထုတ်လုပ်မှုဟာ ကမ္ဘာ့ဈေးကွက်ကို ထပ်မံရောက်ရှိလာနိုင်ကြောင်း ဂူတာရက်စ်က ပြောပါတယ်။

ပဋိပက္ခကြောင့် ပိုဆိုးရွားလာနိုင်တဲ့ စားနပ်ရိက္ခာ အကျပ်အတည်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အန္တရာယ်အများဆုံးဖြစ်စေပြီး ဒါကို တန်ပြန်နိုင်မယ့် မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေ ချကြဖို့လည်း ဂူတာရက်စ်က တောင်းဆိုပါတယ်။

ယူကရိန်းအကျပ်အတည်းကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှု ရှိနိုင်ပြီး အာဖရိကတဝန်း စားနပ်ရိက္ခာ၊ စွမ်းအင်နဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်ဆိုတာကို ပြီးခဲ့တဲ့ သူ့ရဲ့ ဆီနီဂေါနိုင်ငံ ခရီးစဉ်အတွင်းမှာ ဂူတာရက်စ်က သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ အဆိုအရ ရုရှားဟာ ကမ္ဘာ့ ဂျုံတင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး ယူကရိန်းက ကမ္ဘာ့ ပဉ္စမမြောက် ဂျုံတင်ပို့ရောင်းချတဲ့နိုင်ငံ ဖြစ်ပါတယ်။ 

သူတို့ဟာ ကမ္ဘာ့မုယောစပါး ထောက်ပံ့မှု ၁၉ ရာခိုင်နှုန်း၊ ဂျုံ ၁၄ ရာခိုင်နှုန်းနဲ့ ပြောင်း ၄ ရာခိုင်နှုန်းကို ပံ့ပိုးပေးပြီး ကမ္ဘာလုံးဆိုင်ရာ သီးနှံတင်ပို့မှုရဲ့ သုံးပုံတပုံကျော်ကို ထောက်ပံ့ပေးထားတာပါ။

ဥရောပရဲ့ ပေါင်မုန့်ခြင်းတောင်းလို့ နာမည်ကြီးတဲ့ ယူကရိန်းမှာ တိုက်ပွဲတွေကြောင့် ဂျုံနဲ့ ကောက်နှံတွေကို လနဲ့ချီ မရိတ်သိမ်းရသေးတဲ့အပြင် ပြောင်းနဲ့ နေကြာတို့ကိုလည်း စိုက်ပျိုးဖို့ မပြင်ဆင်ထားခဲ့ရသေးပါဘူး။ ယူကရိန်းရဲ့ ကောက်နှံထုတ်လုပ်မှုဟာ လက်ရှိရာသီမှာ ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ ဓာတ်မြေသြဇာထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်းရှိတဲ့ ရုရှားနိုင်ငံကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေအရ ရုရှားမြေသြဇာတင်ပို့မှုအပေါ် ကန့်သတ်ချက်တွေကြောင့် ကမ္ဘာ့မြေသြဇာဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့တာပါ။ 

ဒါ့ကြောင့် ဘရာဇီး၊ အမေရိကန်နဲ့ တခြား စိုက်ပျိုးရေးနိုင်ငံကြီးတွေက လယ်သမားတွေကို သူတို့ရဲ့ ဓာတ်မြေသြဇာ အသုံးပြုမှုကို လျှော့ချဖို့ တွန်းအားပေးထားပါတယ်။

3 weeks Ago
More News
Up