စာရေးဆရာသောင်းဝေဦး

July 20, 2019

စာရေးဆရာသောင်းဝေဦး၏ တောင်းပန်မှု ဒေါ်ထုမေ လက်ခံ

ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တယောက်ကို အေအေ ဒုစစ်ဦးစီးချုပ်ရဲ့ ဇနီးလို့ဆိုပြီး အချက်အလက်မှားယွင်းဖော်ပြခဲ့မှုနဲ့ပတ်သက်ပြီး စာအုပ်ထုတ်ဝေခဲ့တဲ့ စာရေးဆရာသောင်းဝေဦးက ပြန်လည်တောင်းပန်လိုက်ပါတယ်။ အငြိမ်းစားဗိုလ်မှူးကြီးတယောက်ဖြစ်တဲ့ စာရေးဆရာသောင်းဝေဦးရဲ့ “ရခိုင်ပြည်နယ် အတွင်းမှ AA တို့တိုက်ခဲ့သော တိုက်ပွဲများနှင့် AA သမိုင်းကြောင်းသိကောင်းစရာများ” စာအုပ်မှာ အေအေ ဒုစစ်ဦးစီးချုပ်ရဲ့ဇနီးဟာ အမတ်ဖြစ်နေခြင်းဆိုပြီး ဒေါက်တာညိုထွန်းအောင်နဲ့ ဒေါ်ထုမေတို့ ပင်လုံညီလာခံမှာ အမှတ်တရတွဲရိုက်ခဲ့ကြတဲ့ ပုံကိုအသုံးပြုပြီး မမှန်မကန်ဖော်ပြခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဇွန်လ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စာရေးဆရာသောင်းဝေဦးက ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာနှစ်စောင်ဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံတို့ကနေတဆင့် တောင်းပန်လိုက်တာဖြစ်ပါတယ်။ ဒေါ်ထုမေက “စာရေးဆရာကတော့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကနေ တဆင့် တောင်းပန်ပေးမယ့်ပေါ့နော်၊ အဲ့လိုပြောပါတယ်။ ဒါပေမယ့် အဲ့ဒီရေးထားတဲ့စာနဲ ပတ်သက်ပြီးတော့ ကျမဘက်က ကျေနပ်လောက်တဲ့ အတိုင်းအတာထိ မရှိခဲ့ပါဘူး။ ဒါကြောင့်မို့လို့ မြန်မာသတင်းစာကနေ တောင်းပန်ပြီးမှ ကျေနပ်လောက်မယ်လို့ ကျမပြန်ပြီး ရေးပေးလိုက်ပါတယ်။ အဲ့ဒါနဲ့ စာရေးဆရာက တောင်းပန်လိုက်တဲ့အတွက် ကျအနေနဲ့ လက်ခံလိုက်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ တောင်းပန်ချက်ထဲမှာတော့ ကာယကံရှင်ရဲ့ ဓာတ်ပုံကို ခွင့်ပြုချက်မတောင်းဘဲ စီးပွားဖြစ်ထုတ်ဝေတဲ့ စာအုပ်မှာ အသုံးပြုမိခဲ့ကြောင်း၊ စာမျက်နှာ ၆၄ မှာ အဲဒီဓာတ်ပုံကို ရည်ညွှန်းကာ ဒေါက်တာညိုထွန်းအောင်ရဲ့ဇနီးဟာ အမတ်ဖြစ်နေခြင်းလို့ အချက်အလက်မှားယွင်း ဖော်ပြခဲ့ကြောင်း ဖြန့်ချိခဲ့ပြီး စာအုပ်တွေမှာလည်း အချက်အလက်တွေ မှန်ကန်မှုမရှိကြောင်းနဲ့ နောက်ထပ်ရိုက်နှိပ်ဖြန့်ဝေမှုတွေ ထပ်လုပ်တော့မှာမဟုတ်ကြောင်း ဝန်ခံကတိပြုထားတာ တွေ့ရပါတယ်။
2 years Ago
Up