စာပေဗိမာန်

August 26, 2017

စာပေဗိမာန် နှစ် ၇၀ ပြည့် အခမ်းအနား ကျင်းပ

စာပေဗိမာန် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မှာရှိတဲ့ စာပေဗိမာန်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားကို တက်ရောက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာနိုင်ငံ ဘာသာပြန်အသင်းကြီးကနေ ပြောင်းလဲ ပေါ်ပေါက်လာတဲ့ စာပေဗိမာန်ဟာ နိုင်ငံရေးစာပေတွေကို နိုးကြားတက်ကြွလာပြီး နိုင်ငံရေး အတက်ပညာတွေ တက်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ စာအုပ်တိုက်ကြီးဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီအခမ်းအနားကို စာပေလောက နာမည်ကြီး စာရေးဆရာတွေ၊ အယ်ဒီတာတွေ၊ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
4 years Ago

ဖာနီဗယ်၊ ဆိုရန်တိုဗီလာနှင့် စာပေဗိမာန်

၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ဆိုရန်တိုဗီလာ အဆောက်အဦ (ယခု ကြေးနန်းနှင့် ဆက်သွယ်ရေးရုံး) ၌ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အစည်းအဝေးကို ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်းက တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားရာ “ချက်ချင်းလက်ငင်း ဖြေရှင်းရေး” ရှာကြံရမည့် ကိစ္စရပ်ကြီးရှစ်ခုကို ညွှန်ပြသွားသည်။ ယင်းကိစ္စရပ်ကြီးများတွင်   ပညာရေးသည်လည်း တခုအပါအဝင် ဖြစ်သည်။ မသင်မနေရ ပညာရေး၊ ကောလိပ်ကျောင်း ပညာရေး၊ အသက်မွေးဝမ်းကျောင်း ပညာရေး၊ အထွေထွေ လက်မှုပညာရေး၊ နိုင်ငံရပ်ခြားသို့ ပညာသင်စေလွှတ်ရေးများအပြင် လူထုပညာရေးအတွက် အလွန်အရေးပါသော ဌာနကြီးတခု ဖွင့်လှစ်တည်ထောင်ရန် “လူအများအတွက် အရေးတကြီးလိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေဖို့ကို စိတ်ထဲမှာ စွဲထားရမည်။ ဘာသာပြန်ဌာနကြီးတခုကို ဖွင့်ရမည်” ဟု ပြောသွားသည်။ ယင်းမိန့်ခွန်း ပြောကြားပြီးနောက် တလခွဲအကြာ (၁၉၄၇ ခုနှစ် ဇူလိုင် ၁၉) တွင် ဗိုလ်ချုပ်သည် လုပ်ကြံခံရသည်။ ဗိုလ်ချုပ်ကွယ်လွန်ပြီး တလကျော်အကြာ (သြဂုတ် ၂၆) တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီးကို ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သော ဦးနုက ဦးစီးတည်ထောင်လိုက်သည်။ ဦးနုက အသင်း၏ဥက္ကဋ္ဌတာဝန်ကို ယူပြီး ဦးသန့်ကို အကျိုးဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ပေးလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှု၊ ဦးနု၏ ဦးဆောင်မှု၊ ဦးသန့်၏ စီမံခန့်ခွဲမှုတို့ဖြင့် အကောင်အထည်ပေါ်လာရသော “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး” သည် တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အဘယ်မျှ အရေးပါသနည်း။ ဘာသာပြန်အသင်း၏ အစ ဖာနီဗယ်က စင်စစ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဘာသာပြန်လုပ်ငန်း၏ အရေးပါပုံကို သဘောပေါက် သိမြင်ပြီး စတင်ကြိုးပမ်းခဲ့သူမှာ အင်္ဂလိပ်လူမျိုး ပညာရှင်ကြီး ဖာနီဗယ် (John Sydenham Furnivall) ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုနှင့် ဦးသန့်တို့သည် ယင်းအသိအမြင်ကို ပညာရှင်ကြီး ဖာနီဗယ်ထံမှ အမွေဆက်ခံ ရရှိခဲ့ခြင်းသာ ဖြစ်သည်။ မြန်မာနိုင်ငံသို့ အသက် ၂၅ နှစ်အရွယ် (၁၉၀၃ ခုနှစ်) တွင် ရောက်ရှိလာသော ဆရာကြီးဖာနီဗယ်သည် ဝန်ထမ်းအဖြစ် နှစ်ပေါင်းနှစ်ဆယ် အလုပ်လုပ်ခဲ့သည်။ နောက်ဆုံး ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးအဖြစ် တာဝန်ယူရချိန်တွင် မြေခွန်စနစ် ပြုပြင်ပြောင်းလဲရေးကို ဘုရင်ခံထံ တင်ပြရာ လက်မခံသဖြင့် အလုပ်မှ နုတ်ထွက်ခဲ့သည့် ပညာရှင်ကြီး ဖြစ်သည်။ ဆရာကြီးသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးကို အလွန်စိတ်ဝင်စားသည်။ မည်သို့မည်ပုံ ထူထောင်ရမည်ကို အချိန်နှင့်အမျှ အကြံထုတ်ကာ သူ စွမ်းသမျှ အားထုတ် လုပ်ဆောင်နေခဲ့သူ ဖြစ်သည်။ အနာဂတ်ကို ဖန်တီးလိုလျှင် အတိတ်ကိုလေ့လာရန် လိုအပ်သည်ဟု မြင်သဖြင့် မြန်မာနိုင်ငံသုတေသနအသင်း (Burma Research Society) ကို ၁၉၁၀ ပြည့်နှစ်တွင် ဦးဆောင် တည်ထောင်ခဲ့သည်။ “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်” ဟူသော ဆောင်ပုဒ်ဖြင့် မြန်မာ့အတိတ်ကို တူးဆွ ဖော်ထုတ်ကာ စာတမ်းများရေးသား၍ သုတေသနဂျာနယ်ကို ထုတ်ဝေခဲ့သည်။ အလုပ်မှထွက်ပြီးသည့်နောက်ပိုင်းတွင် Burma Book Club အမည်ဖြင့် စာအုပ်အသင်းတခုကို ထူထောင်ကာ စာအုပ်ဆိုင်ဖွင့်သည်။ စာအုပ်စာပေအကြောင်းကို တင်ပြသည့် The World of Books အင်္ဂလိပ်မဂ္ဂဇင်းကို ထုတ်သည်။ နောက်ပိုင်းတွင် ဂန္ထလောကမဂ္ဂဇင်း အမည်ဖြင့် မြန်မာလို တွဲထုတ်သည်။ မြန်မာပညာတတ်များ၏ မြန်မာ ဆောင်းပါးများနှင့် ဘာသာပြန်များကို ထည့်သွင်းသည်။ ဘာသာပြန်စာပေ ထွန်းကားရန် ဘာသာပြန်ပြိုင်ပွဲ လုပ်ပေးသည်။ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး၏ အကျိုးဆောင်အတွင်းရေးမှူး ဦးသန့်သည် ဂန္ထလောကမဂ္ဂဇင်း၏ ဘာသာပြန်ပြိုင်ပွဲတွင် ဆုရခဲ့သူဖြစ်ပြီး ယင်းမဂ္ဂဇင်းတွင်ပင် “သီလဝ” ကလောင်အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ထို့နောက် ပညာတတ်အသိုင်းအဝိုင်း ကျယ်ပြန့်လာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း (Burma Education Extension Association) ကို ၁၉၂၈ ခုနှစ်တွင် စတင်တည်ထောင်ကာ နိုင်ငံအနှံ့ ပြည်သူ့စာကြည့်တိုက်များ ပေါ်ပေါက်ရေးကို အားထုတ်ခဲ့သည်။ စင်စစ် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့သော ဘာသာပြန်အသင်းကြီးမှာ ဆရာကြီးဖာနီဗယ်၏ ပညာပြန့်ပွားရေးအသင်းကြီးကို ပြန်လည် အသက်သွင်းခြင်းဟု ဆိုသော် ဆိုနိုင်ပါသည်။ မြေအုတ်တို့ ပြိုလေရာ ဆရာကြီးသည် ပဒေသရာဇ်စနစ်အောက်က မြန်မာနိုင်ငံကို မြေအုတ်တို့ဖြင့် ဆောက်ထားသည့် အဆောက်အဦတခုဟု မြင်သည်။ ကမ္ဘာကြီးနှင့် အဆက်ပြတ်နေပြီး ခေတ်သစ်ပညာရပ်တို့ကို လက်လှမ်းမမီ ဖြစ်ခဲ့ရသည့်အတွက် ယင်းမြေအုတ် အဆောက်အဦကို ခိုင်ခံ့အောင် ပြုပြင်တည်ဆောက်နိုင်ခြင်း မရှိသည့် အခြေအနေတွင်  ကိုလိုနီစနစ်ကြောင့် ခေတ်သစ်ကမ္ဘာကြီးနှင့် ထိပ်တိုက်တိုးသည့်အခါ ယင်းမြေအုတ် အဆောက်အဦ ပြိုကျရခြင်း (ဝါ) လွတ်လပ်ရေးဆုံးရှုံးရခြင်း ဖြစ်သည်ဟု သုံးသပ်မိသည်။ ထို့ကြောင့် မြန်မာနိုင်ငံကို လွတ်လပ်သောနိုင်ငံအဖြစ် ပြန်လည်ထူထောင်နိုင်ရန်အတွက် ခေတ်သစ်ပညာရပ်တို့နှင့် မြန်မာပြည်သူလူထုတို့ ရင်းနှီးကျွမ်းဝင်နေရန် လိုအပ်သည်ဟု ဆိုကာ ပညာပြန့်ပွားရေးအသင်းကြီးကို ထူထောင်ပြီး ပြည်သူ့စာကြည့်တိုက်များ ပေါ်ပေါက်အောင် အားထုတ်ခဲ့ခြင်း ဖြစ်သည်။ “မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်ဖြင့် တည်ဆောက်အံ့” ဟူသော ပညာပြန့်ပွားရေးအသင်းကြီး၏ ဆောင်ပုဒ်မှာ နိုင်ငံထူထောင်ရေးကို ရည်ညွှန်းကြောင်း ထင်ရှားပါသည်။ ဆရာကြီးသည် တိုင်းပြည်ထူထောင်ရေးအတွက် အသိပညာအရေးကြီးပုံ၊ အသိပညာသစ်များ ရရှိရေးအတွက် ဘာသာပြန်လုပ်ငန်း အရေးကြီးပုံ၊ ဘာသာပြန်ခြင်းမှ ပေါ်လာမည့် အသိပညာသစ်တို့ကို အများပြည်သူ အလွယ်တကူ ရရှိရေးအတွက် ပြည်သူ့စာအုပ်တိုက်များ အရေးကြီးပုံတို့ကို အခွင့်အရေးရတိုင်း ဟောပြောရေးသားခဲ့ပါသည်။ သို့သော် ဆရာကြီး၏ပညာဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှန်သမျှသည် ဖက်ဆစ်ဂျပန်တို့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော ၁၉၄၂ ခုနှစ်တွင် ပျက်စီးသွားခဲ့သည်။ ဆရာကြီးလည်း အင်္ဂလန်သို့ ပြန်သွားသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသောအဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ကာ ဗြိတိသျှအစိုးရနှင့် လွတ်လပ်ရေးကိစ္စ ဆွေးနွေးပါသည်။ တနှစ်အတွင်း လွတ်လပ်ရေးပေးရန် သဘောတူခဲ့ကြသည်။ ထိုနှစ်ထဲမှာပင် ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဖာနီဗယ်ကို မြန်မာပြည်သို့ ပြန်လာရန် ဖိတ်ခေါ်သည်။ မြန်မာပြည်လွတ်လပ်ရေးရသော် တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် စီမံကိန်း အကြံပေးအရာရှိအဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။ မြေအုတ်တို့ ပြိုလေရာတွင် ကျောက်အုတ်တို့ဖြင့် တည်ဆောက်ရန် ဆရာကြီး၏ အခန်းကဏ္ဍသည် အလွန် အရေးပါလိမ့်မည်ဟု ဗိုလ်ချုပ်က သိမြင်ထားသည်မှာ သေချာသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ဆရာကြီး အားထုတ်ခဲ့သော ပညာဖြင့် နိုင်ငံပြန်လည်ထူထောင်ရေးကို သဘောကြိုက်ညီခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လွတ်လပ်သောဗိမာန်တော် ဗိုလ်ချုပ်အောင်ဆန်းသည် ဆရာကြီးဖာနီဗယ်ကို လွတ်လပ်သောမြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးအတွက် မြန်မာပြည်သို့ ပြန်လာပြီး အကူအညီပေးရန် ဖိတ်ခေါ်ခဲ့သော်လည်း ဆရာကြီးရောက်လာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း မရှိတော့ပေ။ သို့သော် ဆရာကြီး၏တပည့်များ ဖြစ်ကြကုန်သော ဦးနုနှင့် ဦးသန့်တို့က ဗိုလ်ချုပ်၏ စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်နေသည်။ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်တွင် ဘာသာပြန်စာပေအသင်းကို စာပေဗိမာန်ဟု အမည်ပြောင်းလိုက်သည်။ စာပေဗိမာန်က လူထုလက်စွဲကျမ်းသာမက လူထုသိပ္ပံကျမ်းများ၊ စွယ်စုံကျမ်းများအထိ ပြုစုထုတ်ဝေခဲ့သည်။ သုတေသနစာတန်းဖတ်ပွဲများ ကျင်းပပြီး စာပေဆုများ ပေးခဲ့သည်။ စာကြည့်တိုက်သင်တန်းများ၊ သတင်းစာသင်တန်းများ ပေးသည်။ စာပေဗိမာန်စာကြည့်တိုက်များ ထူထောင်သည်။ ဆရာကြီးဖာနီဗယ် အစပြုခဲ့သော ပညာဖြင့် နိုင်ငံထူထောင်ရေး လုပ်ငန်းကြီးကို စာပေဗိမာန်က အားထုတ်ကြိုးပမ်းခဲ့သည်ဟု ဆိုရမည်။ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်ဝန်းကျင်က မြန်မာနိုင်ငံကို ပညာလူ့အဖွဲ့အစည်း တခုဖြစ်အောင် တည်ထောင်ခဲ့သော စာပေဗိမာန်သည် လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့သောအချက်မှာ “ပညာဟူသည် လွတ်လပ်သော အသိဉာဏ်မှသာ ဖူးပွင့်လာနိုင်သည်” ဟူသော အသိအမြင်ကို အုတ်မြစ်ခံထားသောကြောင့် ဖြစ်သည်။ သို့ဖြင့် စာပေဗိမာန်သည် ၁၉၆၃ ခုနှစ်အထိ လွတ်လပ်သော စာပေယဉ်ကျေးမှုဌာနတခု အဖြစ်သာ ရပ်တည်ခဲ့သည်။ အစိုးရနှင့် နိုင်ငံရပ်ခြား အဖွဲ့အစည်းတို့၏ အထောက်အပံ့ကို ယူခဲ့သော်လည်း စာပေဗိမာန်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအရ အစိုးရ၏ လက်အောက်ခံမဟုတ်။ စာပေဗိမာန်၏ စွမ်းဆောင်ချက်တို့သည် အမိန့်အာဏာကြောင့် ဖြစ်လာရသည်မဟုတ်ဘဲ လွတ်လပ်သော ပညာရှင်တို့၏ လွတ်လပ်သော ဖန်တီးမှုတို့ကြောင့်သာ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ကျောက်အုတ်များ ပြိုကျခြင်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်ကား မြန်မာနိုင်ငံကို ပညာလူ့အဖွဲ့အစည်းအဖြစ် ထူထောင်ရန် ကြိုးပမ်းအားထုတ်မှု မှန်သမျှသည် ပျက်စီးခြင်းကပ်ဘေးကြီး သင့်ရလေတော့သည်။ လွတ်လပ်သော မြန်မာနိုင်ငံကို ပညာလူ့အဖွဲ့အစည်းအဖြစ် ထူထောင်ရန် စတင်စိတ်ကူးခဲ့သော ဆရာကြီးဖာနီဗယ်သည် စစ်အာဏာသိမ်းအဖွဲ့၏ အမိန့်ဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ရသည်။ စာပေဗိမာန်ကို ဖွဲ့စည်းတည်ထောင်သော ဝန်ကြီးချုပ်ဦးနုသည် အာဏာသိမ်းသည့်နေ့တွင်ပင် ထိန်းသိမ်းခြင်းခံခဲ့ရသည်။ စာပေဗိမာန်ကို ဦးစီးခဲ့သော ဦးသန့်က ထိုအချိန်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်နေသဖြင့် မြန်မာနိုင်ငံတွင် မရှိတော့။ စစ်အာဏာသိမ်းပြီးနောက် စာပေဗိမာန် အဆောက်အဦလည်း ပြည်သူပိုင် အသိမ်းခံရပြီး စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို စစ်အရာရှိတို့က အပိုင်စီးလိုက်တော့သည်။ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၂ ရက်တွင် စာပေဗိမာန်သည် လွတ်လပ်သောဌာနတခုအဖြစ်မှ စစ်အစိုးရ၏ လက်အောက်ခံဌာနတခုအဖြစ်သို့ ပြောင်းလဲသွားသည်။ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသည့် ရည်မှန်းချက်ဖြင့် ဖြစ်တည်လာခဲ့သော၊ ပညာရှင်၊ ပညာတတ်တို့၏ အသိပညာ အနုပညာ ဖန်တီးမှုများဖြင့် တင့်တယ်ခဲ့သော၊ မြန်မာနိုင်ငံကို ပညာလူ့အဖွဲ့အစည်းကြီးတခုအဖြစ် ထူထောင်ရန် ကြိုးပမ်းအားထုတ်ခဲ့သော စာပေဗိမာန်သည်လည်း အမှောင်ခေတ်ကို ဖြတ်သန်းရင်း မှေးမှိန်သွားခဲ့ရလေသည်။ နောက်ပိုင်းတွင် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော ဆောင်ပုဒ်သည်  စာပေဗိမာန်ထုတ် စာအုပ်များတွင် ဖော်ပြခြင်းပင် မခံရတော့ဘဲ ပျောက်ကွယ်သွားတော့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အစည်းအဝေးကြီးကို ကျင်းပခဲ့သော၊ စာပေဗိမာန်၏ ပညာပြန့်ပွားရေးလုပ်ငန်းအတွက် ဗဟိုဌာနကြီး ဖြစ်ခဲ့သော သမိုင်းဝင် “ဆိုရန်တိုဗီလာ” အဆောက်အဦသည်လည်း ယနေ့အချိန်တွင် ဆက်သွယ်ရေးလုပ်ငန်း ဌာနတခုအဖြစ်သို့ ဘဝပြောင်းသွားလေတော့သည်။           ။
4 years Ago
Up