စာပေထူးချွန်ဆု

March 28, 2018

စာရေးဆရာမ ဂျက်ကလင်း ဝုဒ်ဆန် ကလေးသူငယ်နှင့် လူငယ်လူရွယ် စာပေထူးချွန်ဆု ချီးမြှင့်ခံရ

အမေရိကန်စာရေးဆရာမ ဂျက်ကလင်း ဝုဒ်ဆန် (Jacqueline Woodson) ဟာ ၂၀၁၈ ခုနှစ်အတွက် ကလေးသူငယ်နဲ့ လူငယ်လူရွယ်စာပေ ထူးချွန်ဆု ချီးမြှင့်ခံရပါတယ်။ အက်စ်ထရစ် လင်းဂရန် အထိမ်းအမှတ်ဆု (ALMA) ကို ဆွီဒင်အစိုးရက ၂၀၀၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကလေးသူငယ်နဲ့ လူငယ်လူရွယ် စာပေထူးချွန်ဆုအဖြစ် နှစ်စဉ် ဆွီဒင်ငွေ ခရောင်း ၅ သန်း ချီးမြှင့်တာဖြစ်ပါတယ်။ ဂျက်ကလင်း ဝုဒ်ဆန်ဟာ ဆယ်ကျော်သက်တွေအပြင် ကလေးသူငယ်တွေနဲ့ လူကြီးတွေအတွက် ဝတ္ထု၊ ကဗျာနဲ့ ရုပ်ပုံစာအုပ်တွေ အပါအဝင် စာအုပ်ပေါင်း ၃၀ ကျော် ရေးသားခဲ့ပါတယ်။ ဝုဒ်ဆန်ရဲ့ စာအုပ်တွေကို ဘာသာစကားပေါင်း ၉၀ ကျော် ဘာသာပြန်ဆိုခဲ့ပြီး သူဟာ စွန့်စားခန်းစာအုပ်တွေဖြစ်တဲ့ “ပစ်ပီလောင်းစတော့ကင်း” စာအုပ်တွေနဲ့ ထင်ရှားလာခဲ့တာပါ။ “ဂျက်ကလင်း ဝုဒ်ဆန်က စာဖတ်ပရိသတ်ကို ဘဝမှာ အခြေကျဖို့ ကြိုးပမ်းနေတဲ့ လောကဓံ ကြံ့ကြံ့ခံ လူငယ်တွေအကြောင်း တင်ပြထားတာပါ။ ဒီစာရေးဆရာမဟာ ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွေကို ရေးသားထားတာဖြစ်ပါတယ်။ ဝုဒ်ဆန်ဟာ ဝမ်းနည်းခြင်းနဲ့ မျှော်လင့်ချက်ကြားမှာရှိတဲ့ နေ့စဉ် ပကတိအခြေအနေကို ထူးခြားတဲ့ အရေးစွမ်းရည်နဲ့ အမိအရ ပုံဖော်ခဲ့တာပါ” လို့ ဆုချီးမြှင့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဘိုဝယ် ဝက်စတင်က ပြောခဲ့ပါတယ်။ လာမယ့် မေလ ၂၈ ရက်နေ့ကျရင် ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းမှာ ဆုချီးမြှင့်ပွဲကို တော်ဝင်အခမ်းအနားနဲ့ ကျင်းပမှာဖြစ်ပြီး ဆုရ စာရေးဆရာမ ဂျက်ကလင်း ဝုဒ်ဆန် တက်ရောက်လက်ခံယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
3 years Ago
Up