ရုရှားနိုင်ငံ မြို့တော် မော်စကိုက ရင်ပြင်နီမှာ စာအုပ်ဈေးပွဲတော် ကျင်းပနေလို့ ရာချီတဲ့ မြို့ခံတွေ ဇွန်လ ၆ ရက် က စုပြုံရောက်လာခဲ့ပါတယ်။
မြို့အာဏာပိုင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ထိန်းချုပ်ရေး အတင်းကြပ်ဆုံး ကြပ်မတ်ထားဆဲပါ။
ဝင်ပေါက်မှာ ကိုယ်ပူချိန် စစ်ဆေးသလို ထိုင်ခုံတွေကိုလည်း ၃ ပေခြား စီထားပါတယ်။
မနှစ်က ဒီပွဲကို လူအယောက် ၃ သိန်းလောက် ရောက်လာခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒီနှစ်မှာတော့ လွတ်လပ်တဲ့ ထုတ်ဝေသူတွေဟာ ကျန်းမာရေးဘေးကြောင့် ပွဲတော်မှာ ပါဝင်ဖို့ ငြင်းခဲ့ကြပါတယ်။
မနှစ်က အလားတူအချိန်ထက်စာရင် ဒီနှစ်မှာ အသွားအလာ ကန့်သတ်ချိန်အတွင်း ဝင်ငွေ ၆၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့တယ်လို့ အယ်လ်ပီနာ စာပေထုတ်လုပ်ရေးလုပ်ငန်းရဲ့ ညွှန်ချုပ်က ပြောပါတယ်။
ဇွန် ၁၄ ရက်ထိ မော်စကိုမြို့မှာ အသွားအလာကန့်သတ်ချက် လော့ဒေါင်းအများစုကို ဆက်သတ်မှတ်ထားဆဲဖြစ်ပြီး အကြီးစား လူထုပွဲစဉ်တွေကိုလည်း တားမြစ်ပိတ်ပင်ထားပါတယ်။
ရင်ပြင်နီကတော့ ပြည်ထောင်စုအစိုးရ ထိန်းချုပ်နယ်မြေ ဖြစ်တာကြောင့် ဒီစာအုပ်ပွဲတော်ကို ကျင်းပခွင့်ရတာ ဖြစ်ပါတယ်။
ရုရှားမှာ ဇွန် ၇ ရက်အထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၄ သိန်း ၆ သောင်းနီးပါးရှိပြီး အမေရိကန်နဲ့ ဘရာဇီးပြီးရင် ကမ္ဘာ့ တတိယအများဆုံး ကူးစက်ခံ နိုင်ငံ ဖြစ်နေပါတယ်။
9 months Ago