စာသင်ကျောင်းဝင်းအတွင်

January 26, 2022

ဘားအံတွင် စာသင်ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်က ဘန်ကာများတည်ဆောက်နေ

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီတပ်တွေဟာ စာသင်ကျောင်းဝင်းအတွင်းနဲ့ ကျောင်းဝင်းအနီးတွေမှာ ဘန်ကာ(Bunker)တွေ တည်ဆောက်နေတဲ့အတွက် ကျောင်းတက်နေတဲ့ သားသမီးတွေအတွက် စိုးရိမ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့တပ်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ လူနဲ့ ယာဉ်သွားယာဉ်လာများတဲ့ အထက ၁ ကျောင်းဝင်းထဲက အားကစားရုံဘေးနဲ့ ချစ်လေးလက်ဖက်ရည်ဆိုင်အနီးက ပန်းခြံအတွင်းမှာ ဘန်ကာတွေ တစ်ခုစီတည်ဆောက်ထားသလို ဗိုလ်ချုပ်လမ်းမကြီးဘေးက အထက ၃ ကျောင်းဝင်းထဲမှာလည်း ဘန်ကာ(Bunker)တွေတည်ဆောက်ထားပါတယ်။

ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် ကျောင်းသားမိဘ တစ်ဦးက” အခုလို ကျောင်းဝင်းထဲ ဘန်ကာတွေ တည်ဆောက်တာက ကလေးတွေအတွက် အန္တရာယ်များတယ်။ လုံခြုံရေးအကြောင်းပြပြီး ကလေးတွေကို အကာအကွယ်ယူတာက လုံးဝမဖြစ်သင့်ဘူး။ ကလေးတွေကို အန္တရာယ်တွင်းထဲ ထည့်လိုက်တာနဲ့ တူနေတယ်”လို့ ပြောပါတယ်။

ဘားအံမြို့၊ ပညာရေးဝန်ထမ်းတစ်ဦးက”ကျောင်းဝန်းတွေမှာ ဘန်ကာတွေဆောက်တာက လုံးဝမဖြစ်သင့်ဘူး။ ဆောက်ဖို့လည်း မလိုဘူး။ ကလေးတွေ အေးအေးချမ်းချမ်းပဲ စာသင်နေတယ်လေ။ တစ်ခုခုဖြစ်လာရင် ကလေးတွေကို ဘယ်သူတွေက တာဝန်ယူမှာလဲ။ နိုင်ငံတကာမှာလည်း ပြဋ္ဌာန်းထားတယ်။ စာသင်ကျောင်းတွေ ရွာတွေမှာ စခန်းတည်ဆောက်တာတွေ မပြုလုပ်ဖို့ တားမြစ်ထားတယ်။ ပညာရေးက တာဝန်ရှိတဲ့လူတွေက မသိသလို့ နှုတ်ပိတ်နေကြတယ်”လို့ ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ အထက စာသင်ကျောင်းဝင်းတွေမှာ ဘန်ကာ(Bunker)တွေ တည်ဆောက်သွားဖို့ရှိတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက လုံခြုံရေးအကြောင်းပြချက်နဲ့  လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးပြီး သိမ်းဆည်းတာ၊ ငွေကြေးတောင်းခံတွေ ပြုလုပ်နေသလို ညစဉ်လူငယ်တွေကို ပစ်မှတ်ထားပြီး ဧည့်စာရင်းလိုက်လံစစ်ဆေးရာမှာ အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံနေရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

5 months Ago
Up