စာသင်ကျောင်း

June 1, 2021

လေးမျက်နှာမြို့နယ်က စာသင်ကျောင်း ၂ ကျောင်းရှေ့ ဗုံး ၃ လုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက စာသင်ကျောင်း ၂ ကျောင်းရှေ့ ဗုံး ၃ လုံးပေါက်ကွဲခဲ့ပါတယ်။

လေးမျက်နှာမြို့ အထက်တန်းကျောင်းရှေ့မှာ ၁၁ နာရီခွဲလောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့ပြီး အိုင်သပြုအုပ်စု ကွင်းမ မူလတန်းကျောင်းရှေ့မှာ ဗုံး ၂ လုံးထပ်မံပေါက်ကွဲခဲ့တာလို့ ဒေသခံ တဦးက ပြောပါတယ်။

"ပေါက်တာကတော့ အသံကြားရတဲ့ ရဲနဲ့ စစ်သားက တခြားကျောင်းမှာ ဗုံးတွေ့တယ်ဆိုပြီး သတင်းကြားလို့ သွားတဲ့အချိန်မှာ ဆိုက်ကယ်နဲ့ လာထားသွားတာ ထိခိုက်တာတော့ မရှိပါဘူး''လို့ ပြောပါတယ်။

ရှာဖြူကွင်းကျောင်းရှေ့မှာ မီးခိုးတွေထွက်နေပြီး ဗုံး ၃ လုံးတွေ့တယ်ဆိုပြီး ရဲနဲ့စစ်တပ်က သွားရောက်စစ်ဆေးချိန်မှာ ကျောင်း ၂ ကျောင်းရှေ့မှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကျောင်းလုံခြုံရေးချထားတဲ့ ရဲနဲ့ စစ်တပ်က ကွင်းမ မူလတန်းကျောင်းကို ရောက်ရှိ စစ်ဆေးနေသလို မြို့ပေါ်လုံခြုံရေးလည်း တင်းကျပ်ထားပါတယ်။

2 weeks Ago

May 19, 2021

မူဆယ်မြို့နယ်တွင် စာသင်ကျောင်းများ ပြန်ဖွင့်ရန် အကြမ်းဖက်စစ်အုပ်စုက ပြင်ဆင်

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်ရှိ အခြေခံပညာ ကျောင်းတွေကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းနဲ့ အညီ ပြန်ဖွင့်နိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးဌာနက ကြိုတင်ပြင်ဆင်နေပါတယ်။

မူဆယ်မြို့နယ်မှာ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၁၀၁ ကျောင်းရှိပြီး နယ်စပ်ဒေသ လမ်းပန်းခက်ခဲမှု အခြေအနေကြောင့်  စာသင် ကျောင်း ၄၃ ကျောင်း မဖွင့်လှစ်နိုင်သေးပေမယ့် မြို့နယ်အတွင်းရှိ မုံးကိုးမြို့၊ မန့်ဟီးရိုးမြို့၊ ပန်ဆိုင်း (ကြူကုတ်)မြို့ တွေမှာရှိတဲ့ ကျောင်းပေါင်း ၅၈ ကျောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ ဇွန်လ ၁ ရက်နေ့ က စတင် ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတယ်လို့  ပညာရေးမှူးရုံးနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

ကျောင်းအပ်တာနဲ့ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ Masks နဲ့ Face Shield တွေကို အခမဲ့ထောက်ပံ့မှာဖြစ်ပြီး ကျောင်းအပ်နှံခ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှာ မဟုတ်ကြောင်း မူဆယ်မြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။

နိုင်ငံတဝန်းမှာ မေလ ၂၄ ရက် ကနေ ၃၁ ရက်နေ့ထိ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားတွေကို ကျောင်းအပ် လက်ခံသွားမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ ကစ ကျောင်းတွေကို စတင်ဖွင့်သွားမှာ ဖြစ်ကြောင်း စစ်ကောင်စီကကြေညာထားပါတယ်။

စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့  ကျောက်မတက်ကြဖို့ လှုပ်ရှား တောင်းဆိုမှုတွေလည်း အရှိန်ကောင်းနေပြီး ကျောင်းအုပ်တွေ ဆရာ ဆရာမတွေနဲ့ ပညာ ရေးဝန်ထမ်းတွေ အများအပြား  အာဏာဖီဆန် CDM  လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့အတွက် အလုပ်ထုတ်ခံထားရပါတယ်။ 

Photo Crd# အယ်လ်စိုး (မူဆယ်)

4 weeks Ago
More News
Up