ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ကမ္ဘာအနှံ့ နိုင်ငံတော်တော်များများမှာ စာသင်ကျောင်းတွေ၊ ယဉ်ကျေးမှုဆိုင်ရာ နေရာတွေအားလုံး ပိတ်ပစ်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဓိကအားကစားပြိုင်ပွဲအားလုံးကို မကျင်းပခိုင်းတော့ဘဲ ဘရော့ဒ်ဝေးပြဇာတ်ရုံတွေကိုလည်း တလပိတ်လိုက်ပါတယ်။
ပြင်သစ်နိုင်ငံဟာလည်း မူကြိုကျောင်းတွေကနေ တက္ကသိုလ်တွေအထိ ပိတ်လိုက်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ထိပ်တန်းပြတိုက်တွေနဲ့ ပန်းချီပြခန်းတွေအထဲမှာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့က ဗန်ဂိုးပြတိုက်နဲ့ ရစ်ခ်စ်ပြတိုက်တို့ကိုလည်း ဒီလကုန်အထိ ပိတ်ထားလိုက်ပါတယ်။
နယူးယောက်က ကမ္ဘာ့အကြီးဆုံး နယူးယောက်မတ်ထရိုပိုလီတန်အနုပညာပြတိုက်ဟာ လည်း မြို့တွင်းနေရာသုံးခုစလုံးက သူ့ပြတိုက်ခွဲတွေကို ယာယီပိတ်လိုက်သလို၊ ဝါရှင်တန်နဲ့ နယူးယောက်က စမစ်ဆိုးနီးယန်းပြတိုက်တွေအားလုံးလည်း မတ် ၁၄ ရက်နေ့ကစပြီး ပိတ်မှာဖြစ်သလို၊ ဒစ်စနေးကုမ္ပဏီဟာ ဖလော်ရီဒါနဲ့ပါရီက အပန်းဖြေစခန်းတွေကို ဒီလကုန်အထိပိတ်ထားမှာပါ။
Fast and Furious ရုပ်ရှင်စီးရီးက နောက်ဆုံးထွက်ရုပ်ရှင်ဖြန့်ချိမှုကိုလည်း ၁၁ လ နောက်ဆုတ်လိုက်သလို၊ ထရီဘက်ကာ ရုပ်ရှင် ပွဲတော်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။
မတ် ၁၂ ရက်နေ့မှာ တနိုင်ငံလုံးစာသင်ကျောင်းတွေ ပိတ်လိုက်ပြီလို့ ကြေညာခဲ့တဲ့ နိုင်ငံတွေကတော့ အိုင်ယာလန်၊ စပိန်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ ပေါ်တူဂီနဲ့ ဘိုလီးဗီးယားတို့ ဖြစ်ကြပါတယ်။
မတ် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ ကမ္ဘာတဝန်းကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၄၉၁၈ ဦး ရှိလာပြီး သေဆုံးသူပေါင်း ၄၉၈၉ ရှိကာ၊ ပြန်ကောင်းလာသူ ၇၀၃၉၅ ဦး ရှိတယ်လို့ worldometers ဝက်ဘ်ဆိုက်က အချက်အလက်တွေအရ သိရပါတယ်။
1 year Ago