စာသင်

A d v e r t i s e m e n t With Us

June 1, 2020

ကိုဗစ်ကာလ ထိုင်းဆရာများ ဝေးလံဒေသသို့ အိမ်တိုင်ရာရောက်စာသင်ပေးပြီး လယ်ကူထွန်ပေး (ရုပ်သံ)

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်မှုကာလတွင်း ကျောင်းတွေပြန်မဖွင့်နိုင်သေးလို့ ကလေးတွေ စာသင်ကြားမှုမပျက်ရအောင် ဆရာတွေကိုယ်တိုင် အိမ်တိုင်ရာရောက် ကွင်းဆင်း သင်ကြားပြသပေးနေရပါတယ်။  အထူးသဖြင့် အင်တာနက်မရှိ၊ တီဗွီမရှိ ဝေးလံခေါင်ဖျားဒေသက ကျောင်းသားလေးတွေဆီ ကွင်းဆင်းပြီး အိမ်စာပေးခြင်း၊ နွားနို့နဲ့ အာဟာရမုန့်တွေ ဝေငှတာ၊ ကျောင်းသားတွေကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ ကိုယ်အပူချိန်တိုင်းတာတွေလည်း ဆောင်ရွက်ပေးနေပါတယ်။ အဲဒီဆောင်ရွက်ချက်တွေထဲက ထိုင်းမြောက်ပိုင်း လွေးခရိုင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းက ဆရာ/ဆရာမတွေဟာ တောင်ခပန်းတခုက ရွာငယ်လေးမှာ နေထိုင်တဲ့ တပည့်လေးတွေဆီ ခက်ခက်ခဲခဲသွားရောက်ပြီးတဲ့နောက် လယ်ပါကူညီထွန်ရက်ပေးခဲ့ပုံ ကို ထိုင်းလူမှုကွန်ရက်မှာ ချီးမွမ်းအားပေးနေကြပါတယ်။  လွေးခရိုင် ပါတ်ချုပ်မြို့နယ် ချိန်းကလုမ်းကျေးရွာအုပ်စု ဘန့်မိုင်ထောင်းကျေးရွာဟာဆိုရင် တောင်ခပန်းပေါ်မှာတည်ရှိသလို မိုးတွေလည်း ရွာထားတာကြောင့် ဆရာဆရာမတွေဟာ လယ်ယာလုပ်ငန်းခွင်သုံးကားကို စီးသွားရပြီး လမ်းမှာ ဘီးနွံနစ်သွားတဲ့အတွက် ဝိုင်းဝန်းဆင်း တွန်းခဲ့ရပါသေးတယ်။ ရွာရောက်တော့ သူတို့တပည့်အချို့ဟာ မိဘကိုလယ်ထွန်ကူညီနေတာတွေ့ရလို့ ဆရာ ကလည်း မိမိတပည့်ကို စိတ်ဓာတ်ခွန်အားပေးတဲ့အနေနဲ့ ကူပြီးလယ်ထွန်ခဲ့လို့  မွန်မြတ်စိတ်ထားရှိသူ ဆရာ/ဆရာမတွေကို လူမှုကွန်ရက်မှာ ချီးကျူးနေကြတာပါ။  ဆရာတွေဟာ ကျောင်းသားတွေကို ကူညီတဲ့အပြင် ဆင်းရဲနွမ်းပါး အုပ်ထိန်းသူများအတွက် ထိုင်းဘုရင့်သမီးတော် သီရိဒုံရဲ့ စီမံကိန်းဝင် အခြေခံလိုအပ်ချက်ကူညီရေး အထောက်ပံ့ပစ္စည်း အိတ်တွေပါ ဝေငှပေးခဲ့ကြပါတယ်။  နောက်ထပ် လူမှုကွန်ရက်မှ ရေပန်းစားတဲ့ ဗွီဒီယိုကလစ်တစ်ခုကတော့ ထိုင်းအရှေ့မြော က်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ ဆရာမက တပည့်အိမ်ကို ရောက်သွားချိန် ၄ နှစ်ရွယ် မူကြိုကျောင်းသားလေးက ဖိနပ်မပါ ခြေဗလာနဲ့ တောင်ပေါ်ကနေ အပြေးကလေး ဆင်းလာပြီး ဆရာမကို လာကြိုနေတာပဲဖြစ်ပါတယ်။  အဆိုပါကျောင်းသားလေးမှာ ၆ နှစ်ရွယ်အစ်ကိုတစ်ယောက်ရှိပြီး ညီအကို နှစ်ယောက်လုံး နခွန်းရာ့ ချ်ဆီမားခရိုင် ပတ်ချောင့်မြို့နယ် ခေါင်ကျောက်ကျေးရွာမူလတန်းကျောင်းမှာနေပါတယ်။  မိဘတွေအိမ်မှာ    မရှိဘဲ အဘိုးအဘွားနဲ့သာနေရပြီး လျှပ်စစ်မီးတောင်မထွန်းနိုင်တဲ့ ဆင်းရဲနွမ်းပါးမိသားစုဖြစ်ပါတယ်။ ဗွီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပြန့်သွားပြီးတဲ့နောက် စေတနာရှင်တွေက သူတို့မိသားစုနဲ့ ကျေးရွာစာသင်ကျောင်းအတွက် အလှူငွေတွေ ပေးပို့ခဲ့ကြပါတယ်။  ကိုးကား - ထိုင်းရတ် / ထိုင်းပီဘီအက်စ် / မူရင်းပို့စ် 
8 months Ago

May 22, 2020

အွန်လိုင်းပညာရေးအလှမ်းဝေးသည့် ကလေးများစာသင်ကြားရန် ထိုင်းဆရာဆရာမများ စေလွှတ်

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က အွန်လိုင်း ပညာရေးနဲ့ အလှမ်းဝေးတဲ့ ခရိုင် ၃ ခုတွင်း တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြတဲ့ ကျောင်းသားကလေးငယ်တွေကို စာသင်ကြားပေးနိုင်ဖို့ ဆရာဆရာမတွေ စေလွှတ်ခဲ့တယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ လောင်ပယ်ဝစ်ထရာ စာသင်ကျောင်းမှ စေလွှတ်လိုက်တဲ့ ဆရာဆရာမတွေအနေနဲ့ အဓိကဘာသာရပ် ၄ ခုဖြစ်တဲ့ သိပ္ပံ၊ သင်္ချာ၊ ထိုင်းနဲ့ အင်္ဂလိပ်ဘာသာရပ်တွေကို ချင်းမိုင်၊ တာ့ခ်နဲ့ မယ်ဟောင်ဆောင်ခရိုင်ထဲက ကျောင်းသားကလေးငယ်တွေကို တပတ်တကြိမ် သင်ကြားပေးကြရမှာ ဖြစ်ပါတယ်။ ကျောင်းအုပ်ချုပ်မှု ဒါရိုက်တာ ဆီယမ်ရီအန်ဆွတ်ခ်ဆိုင်က တချို့သော ကျေးလက် တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြရတဲ့ ကျောင်းသားကလေးငယ်တွေဟာ လျှပ်စစ်မီးနဲ့ အင်တာနက်ရရှိနိုင်ဖို့ မဖြစ်နိုင်တဲ့အတွက် ကျောင်းက ဆရာဆရာမတွေကို ခုလိုစေလွှတ်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။ လောင်ပယ်ဝစ်ထရာ စာသင်ကျောင်းမှာ ဆရာဆရာမဦးရေ ၅၀ ရှိနေပြီး ခုလိုစေလွှတ်တဲ့ အစီအစဉ်မှာတော့ ကျောင်းသားကျောင်းသူ ၁၀ ယောက်ကနေ ၁၅ ယောက် ကြားရှိတဲ့ အတန်းတတန်းကို ဆရာတယောက်နှုန်းနဲ့ သင်ကြားစေမယ်လို့ ဆိုပါတယ်။ လတ်တလောကာလမှာ COVID-19 ကပ်ဘေးကြောင့် ကျောင်းတွေမှာ သင်ကြားမှုပုံစံတွေ ပြောင်းလဲလာခဲ့ပြီး အွန်လိုင်းသင်ကြားမှုစနစ်ကို စတင်နေချိန်မှာ ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုမလုပ်နိုင်တဲ့ တောင်ပေါ်ဒေသ ကလေးငယ်တွေအတွက် ခုလိုစီစဉ်တာလို့ သိရပါတယ်။
8 months Ago
Up