စာသင်ကျောင်းများတွင် အားကစားလှုပ်ရှားမှုဖြစ်လာရေး ပံ့ပိုးမည်ဟု ၀န်ကြီးပြော

A d v e r t i s e m e n t With Us

June 7, 2017

စာသင်ကျောင်းများတွင် အားကစားအချိန် မဖြစ်မနေ ထည့်သွင်းရန် အားကစားဝန်ကြီး တိုက်တွန်း

အခြေခံပညာစာသင်ကျောင်းတွေမှာ အပတ်အစဉ် အားကစားအချိန်တချိန်ကို မဖြစ်မနေ ထည့်သွင်းသတ်မှတ်ပြီး ကလေးတွေကို အားကစားလုပ်ခွင့် ပေးရမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တွေ မေးမြန်းတဲ့ ကျန်းမာရေး၊ အားကစားနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို ဖြေဆိုအပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် တပတ်ကို နှစ်ရက် ဘောလုံးကန်ရတယ်။ မကန် မနေရ။ အဲဒါတွေက အခုတော့ နည်းသွားပြီး။ ဒါတွေကို ကျနော်တို့က ကျောင်းတွေမှာ အားကစားကို တပတ်ကို နှစ်ကြိမ်ဖြစ်ဖြစ်၊ တကြိမ်ဖြစ်ဖြစ် လုပ်ကိုလုပ်ရမယ်။ ဘတ်စကတ်ဘောတို့လို၊ စားပွဲတင်တင်းနစ်တို့လို မြေနေရာ မကျယ်တဲ့ဟာတွေ လုပ်ကိုလုပ်ပေးရမယ်။ ဘောလုံးကွင်းကတော့ လုပ်ဖို့ မဖြစ်နိုင်ဘူးလေ။ ကျနော်တို့ ငယ်ငယ်တုန်းက ကျနော်ဆို စိန့်ပေါလ်ကျောင်းမှာ တက်ခဲ့တာ။ ကျောင်းမှာ ဘောလုံးကွင်း နှစ်ကွင်းတောင် ရှိတာ။ အကြီးကြီးတွေ။ ကျနော်တို့ဆို တစ်ပတ်ကို နှစ်ရက် ဘောလုံးကန်ရတယ်။ မကန် မနေရ။ အဲဒါကြောင့် ကျနော်ဆို အခုလို ကျန်းမာနေတာ။” လက်ရှိ မြန်မာနိုင်ငံအတွင်းက အခြေခံပညာကျောင်းတွေမှာ အားကစားနဲ့ပတ်သက်ပြီး အားပေးမှု နည်းပါးလာနေတာကိုလည်း တွေ့မြင်နေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကစပြီး မကျင်းပတော့တဲ့ ဒီဇင်ဘာ ကျောင်းသား အားကစားပွဲတော်တွေကို နှစ်စဉ် ပြန်လည်ကျင်းပနိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသွားပါတယ်။
4 years Ago

April 5, 2016

စာသင်ကျောင်းများတွင် အားကစားလှုပ်ရှားမှုဖြစ်လာရေး ပံ့ပိုးမည်ဟု ၀န်ကြီးပြော

စာသင်ကျောင်းတွေမှာ အားကစားလှုပ်ရှားဖို့ ၀န်ကြီးဌာနက ပံ့ပိုးလုပ်ဆောင် သွားချင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဧပြီ ၄ ရက်နေ့က အားကစားနဲ့ကာယပညာ ဦးစီးဌာနမှာ အရာထမ်းတွေနဲ့တွေ့ဆုံပြီး ပြောကြားလိုက်တာပါ။ “ကျောင်းတွေမှာ ကျနော်တို့က အများကြီးပံ့ပိုးမယ်။ အားကစားကွင်းကတော့ ဘောလုံးကွင်းကတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဘက်တမင်တန်တို့၊ ဘတ်စကက်ဘောတို့၊ ဘောလီဘောတို့၊ ပင်ပေါင်တို့ တခြားအားကစားတွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာလည်း ပြည်နယ်တွေကို အရင်ဆုံး ဦးစားပေးမယ်လို့ သူက ဆိုပါတယ်။ လုပ်ဆောင်မယ့် အသေးစိတ်ပုံစံတွေကိုတော့ ညှိနှိုင်းရဦးမှာဖြစ်တယ်လို့ ၀န်ကြီးက ပြောပါတယ်။ အားကစားဝန်ကြီးဌာနကို အခု ကျန်းမာရေးဝန်ကြီးဌာနမှာ ပူးပေါင်းဖွဲ့စည်းလိုက်တာပါ။ “ဒီလိုလုပ်တဲ့အခါမှာလည်း တိုင်းနဲ့ပြည်နယ်တွေက စပြီး ၀င်ချင်တယ်။ ရန်ကုန်တိုင်းတို့၊ မန္တလေးတို့ မဟုတ်ပါဘူး။ တခါလုပ်လည်း ရန်ကုန်၊ တခါလုပ်လည်း မန္တလေး၊ တခါလုပ်လည်း မော်လမြိုင် ဆိုတာကတော့ သိပ်ပြီးတော့ အဓိပ္ပာယ်မရှိဘူး” လို့ ၀န်ကြီးက ပြောပါတယ်။ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးသစ်တွေအနေနဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်မှာတွေ ရှိနေပြီး လက်ရှိမှာတော့ သူတို့ တာဝန်ယူရတဲ့ ဌာနတွေမှာ မိတ်ဆက်ညှိနှိုင်းနေတာ ဖြစ်ပါတယ်။
5 years Ago
Up