စာသင်ကျောင်းကို

April 1, 2018

စာသင်ကျောင်းကို တိုက်ခိုက်ရန် လက်နက်စုဆောင်းမှုဖြင့် ထိုင်ဝမ်ကျောင်းသား ဖမ်းဆီးခံရ

  အမေရိကန်နိုင်ငံ ပယ်ဆယ်ဗေးနီးယား ပြည်နယ်က စာသင်ကျောင်းကို တိုက်ခိုက်ဖို့ ထိုင်ဝမ်ကျောင်းသားတယောက်က လက်နက်တွေ စုထားခဲ့တယ်လို့ ရဲဌာနက ပြောပါတယ်။ ကျောင်းသားဖလှယ်ရေး အစီအစဉ်နဲ့ အမေရိကန်ကို ရောက်လာတဲ့ အသက် ၁၈ နှစ်အရွယ် ထိုင်ဝမ်ကျောင်းသား အန်းဂျော့ဆဲင်းဟာ ပင်ဆယ်ဗေးနီးယားပြည်နယ် အထက်ဒါဘီမြု့က ကျောင်းကို ခြိမ်းခြောက်မှုနဲ့ မတ် ၂၇ ရက်နေ့က အဖမ်းခံရတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက အစီရင်ခံပါတယ်။ သူဟာ စစ်တပ်ပုံစံ လက်နက်တိုက်အတွက် လက်နက်တွေ စုဆောင်းနေတယ်လို့ ရဲတွေက ပြောပါတယ်။ ကျောင်းတွေကို ဘယ်လိုခြိမ်းခြောက်မှုလုပ်တဲ့ ဘယ်သူမဆို ဖမ်းဆီးချုပ်နှောင်ခံရလိမ့်မယ်လို့ အပ်ပါးဒါဘီမြို့ ရဲဌာနက ပြောပါတယ်။ သူဟာ AK-47 နဲ့ AR-15 Rifles သေနတ်တွေ အပါအဝင် လက်နက်တွေ ဘယ်လိုဝယ်ရတယ်ဆိုတာ သိဖို့ ကျောင်းရဲ့အိုင်ပက်ကွန်ပျူတာကို သုံးခဲ့တယ်လို့ စွပ်စွဲခံရကြောင်း ဝါရှင်တန်ပို့စ်က အစီရင်ခံပါတယ်။ “မေလ ၁ ရက်နေ့မှာ ကျောင်းကို သေနတ်တွေနဲ့ပစ်ဖို့ စီစဉ်နေခဲ့လို့ အဲဒီနေ့မှာ ကျောင်းကို မလာဖို့ ကျောင်းသားတယောက်ကို ပြောခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက နောက်ပြောင်နေတာပါလို့ ကျောင်းသားကို ပြောခဲ့တယ်” လို့လည်း အစီရင်ခံထားပါတယ်။ အဲဒီ ကျောင်းသားက ဆရာတွေကို သတိပေးခဲ့အပြီး ဆရာတွေက ရဲကို ဆက်သွယ် ခဲ့တာပါ။ အာဏာပိုင်တွေက ရှာဖွေဝရမ်းရအပြီး ကျောင်းသားအား လက်ခံထားတဲ့အိမ်ကို ရှာခဲ့ပါတယ်။ “ရဲတွေက လုပ်သင့်တဲ့ စုံစမ်း စစ်ဆေးမှုကို လုပ်ခဲ့တယ်။ ကျောင်းသားက တကယ် အကြမ်းဖက်ဖို့ ရည်ရွယ်ခဲ့သလားဆိုတာ ပြောဖို့ တရားရေးဌာနက ဆုံးဖြတ်ရမယ်” လို့ ကျောင်းသားရဲ့ ရှေ့နေက ပြောပါတယ်။ ခဲယမ်း မီးကျောက်တွေ၊ ဒူးလေးတလက်၊ မျက်နှာဖုံးစွပ်၊ သေနတ်လုပ်တဲ့အပိုင်းအစတွေ ကျည်ကာ အင်္ကျီတထည်တို့ကို ရှာတွေ့ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
3 years Ago
Up