စာရင်းပေးထားသူ

August 10, 2020

နေရပ်ပြန်ရန် မလေးသံရုံးအီးမေးလ်ကို စာရင်းပေးထားသူ မြန်မာအလုပ်သမား ၁ သောင်း ခန့်ရှိ

နေရပ်ပြန်လိုကြောင်း သံရုံးအီးမေးလ်ကနေ စာရင်းပေးထားတဲ့ မလေးရှားနိုင်ငံရောက် တရားမဝင်မြန်မာအလုပ်သမား ဦးရေ ၁ သောင်းဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။
နေရပ်ပြန်လိုတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေ စာရင်းပေးကြဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြေညာထားတာပါ။ နေရပ်ပြန်လိုကြောင်း email ပို့လာသူနဲ့ သံရုံးကိုလာပြီး အကြောင်းကြားလာသူ ဦးရေက ၁ သောင်း ဝန်းကျင်လောက် ရှိပြီလို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။ မလေးရှားနိုင်ငံရောက် တရားမဝင်မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ မလေးရှားအစိုးရရဲ့ ဒဏ်ကြေး ရင်းဂစ် ၃၀ဝဝ ကင်းလွှတ်ခွင့်ရဖို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိ သူတွေ ဇွန်လ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ပြန်လိုသူ စာရင်းကောက်ခံနေတာသာဖြစ်ပြီး မလေးရှားအစိုးရဘက်ကတော့ ကင်းလွှတ်ခွင့်အပိုင်းတွေကို တုံ့ပြန်ပြောဆိုလာတာမရှိသေးပါဘူး။ အဲ့လိုအခြေအနေတွေကြောင့် တရားမဝင် ခိုးပြန်ပြီး အဖမ်းခံရတာတွေလည်း ရှိနေတယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့က ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာ လုပ်သား ၃ သိန်းလောက်ရှိပြီး တရားမဝင်နဲ့ဆို စုစုပေါင်း ၅ သိန်းကျော်လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ မလေးရှားနိုင်ငံတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ဖို့ ကြပ်မတ်လိုက်တာ၊ တရားမဝင်လုပ်သား အဖမ်းဆီးတွေကြောင့် မလေး လုပ်ငန်းရှင်တွေက တရားမဝင် လုပ်သားခိုင်းစေမှုတွေကို ရပ်တန့်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေ နေရပ်ပြန်မရဘဲ စားဝတ်နေရေး အခက်ခဲကြုံနေရပြီး အဲဒီလို အခြေအနေမျိုးစုံတွေကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ ၁၃ ဦးအထိ ရှိပြီလို့ သိရပါတယ်။ ဇာခြည်
1 year Ago
Up