အာဆီယံယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲနဲ့ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ဂျပန်နိုင်ငံကို လေ့ကျင့်ခြေစမ်းခရီး သွားရောက်မယ့် မြန်မာလက်ရွေးစင် ယူ-၁၈ အသင်း ကစားသမား စာရင်းကို နည်းပြချုပ် ဦးစိုးမြတ်မင်းက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာယူ-၁၈ အသင်း အနေနဲ့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ J-GREEN SAKAI လေ့ကျင့်ရေး စင်တာမှာ ဇူလိုင် ၁၆ ရက်ကနေ ၂၅ ရက်ထိ ၁၀ ရက်ကြာ လေ့ကျင့်မယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
လေ့ကျင့်ရေး ကာလအတွင်း ဇူလိုင် ၁၈ မှာ Cerezo Osaka U-18 အသင်း၊ ဇူလိုင် ၂၁ မှာ Osaka Sangyo University အသင်း၊ ဇူလိုင် ၂၄ မှာ Hannan University အသင်း တွေနဲ့ ခြေစမ်းမှာပါ။
မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းတို့က တာဝန်ယူဆောင်ရွက်နေပြီး ဇူလိုင် ၁၅ ရက်နေ့မှာ အုပ်ချုပ်/နည်းပြ ၈ ဦး၊ ကစားသမား ၂၅ ဦးတို့ ဂျပန်နိုင်ငံ သွားရောက်မယ်လို့ သိရပါတယ်။
2 years Ago