စာပေးပို့

A d v e r t i s e m e n t With Us

March 29, 2020

ပြည်သူများ အိမ်တွင်းအောင်းနေကြရန် နေအိမ် သန်း ၃၀ ခန့်ကို ဗြိတိန်ဝန်ကြီးချုပ် စာပေးပို့မည်

ဗြိတိန်မြို့တော် လန်ဒန်က ဒေါင်းနင်းလမ်းအိမ်အမှတ် ၁၀ မှာပဲ သီးခြားခွဲနေထိုင်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ပြည်သူတရပ်လုံး အိမ်တွင်းအောင်းနေထိုင်ဖို့ တိုက်တွန်းထားတဲ့ ပေးစာတစောင်စီကို ဗြိတိန် အိမ်ထောင်စုတိုင်းဆီ ပေးပို့သွားမယ်လို့ ရိုက်တာသတင်းဌာနမှာ မတ်လ ၂၉ ရက်က ဖော်ပြပါတယ်။  ဝန်ကြီးချုပ်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရလို့ ဝန်ကြီးချုပ်အိမ်တော်မှာပဲ သီးခြားခွဲနေတာပါ။  သူက သူခံစားနေရတဲ့ရောဂါလက္ခဏာတွေဟာ မပြင်းထန်တဲ့အတွက် အစိုးရရဲ့အကျပ်အတည်း ဖြေရှင်းမှုကို ဦးဆောင်မှုပေးနေပြီး ရုပ်သံညီလာခံ ဗွီဒီယိုကွန်ဖရင့်တွေ ကိုလည်း တက်နေတယ်လို့ဆိုပါတယ်။  လာမယ့်တနင်္လာနေ့ကစလို့ ယူကေရဲ့နေအိမ်ပေါင်းသန်း ၃၀ ခန့်ကို ဖြန့်ဝေပေးပို့မယ့်  အဲဒီစာထဲမှာ ဝန်ကြီးချုပ်က “အခြေအနေတွေပြန်မကောင်းခင်ထိတော့ ပိုဆိုးနေဦးမှာပဲ။ ဒါပေမဲ့ မိမိတို့အနေနဲ့ မှန်ကန်တဲ့ ပြင်ဆင်မှုတွေကို ဖန်တီးနေပြီး စည်းမျဉ်းတွေ လိုက်နာရင် အသက်ဆုံးရှုံးမှု နည်းပြီး ဘဝတွေ မကြာမီ ပုံမှန်ပြန်ဖြစ်လာမယ်” လို့ ရေးထားတယ်လို့ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  ဒီနေ့ညနေပိုင်းအထိ ဗြိတိန်မှာ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံထားရသူ ၁၇,၀၈၉ ဦးရှိနေပြီး၊ သေဆုံးသူက ၁,၀၁၉ ဦးရှိထားပါတယ်။ ကပ်ဘေးရဲ့အရှိန်အမြင့်ဆုံးကာလက လာမယ့်ရက်သတ္တပတ်တွေအတွင်း ဖြစ်လိမ့်မယ်လို့ မှန်းဆထားကြကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up