စာတတ်မြောက်ရေး

April 30, 2018

စာတတ်မြောက်​​ရေး မော်​လမြိုင်​တက္ကသိုလ်​​ကျောင်းသားများ ကူညီသင်​ကြား​ပေး

မွန်​ပြည်​နယ်​၊ သထုံမြို့နယ်မှာဆောင်ရွက်နေတဲ့  ၂၀၁၈ ခုနှစ် ​အ​ခြေခံစာတတ်​​မြောက်​​ရေးလုပ်​ငန်းမှာ မော်​လမြိုင်​တက္ကသိုလ်​က လုပ်​အား​ပေး​ ကျောင်းသား​ ကျောင်းသူတွေ ပါဝင်​ကူညီ သင်​ကြား​ပေးနေပါတယ်။ သထုံမြို့နယ်ပညာရေးမှူးရုံး ဒုမြို့နယ်​ပညာ​ရေးမှူးဦး​အောင်​ဆန်းက “၁၉၈၀ ပြည့်နှစ်​​လောက်​က​တော့ တ​နိုင်​ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ​ကျောင်းသူ​တွေကို "အ"သုံးလုံး သင်​ကြား​ပေးခဲ့ဖူးတယ်​။ နောက်​ပိုင်းမှာ ပညာ​ရေးဌာနက ဆရာ၊ ဆရာမ​တွေပဲ နွေရာသီမှာ စာမတတ်​သူ​တွေကို လက်​လှမ်းမီသ​လောက် ​သင်​ကြား​ပေးခဲ့တာ​တွေ ရှိခဲ့တယ်​။ အခုလို တက္ကသိုလ်​​ ကျောင်းသား ​ကျောင်းသူ​တွေ လုပ်​အား​ပေးလာပြီး သင်​ကြား​ပေးတာ ပထမဆုံးအကြိမ် ဖြစ်​တယ်​”လို့ ပြောပါတယ်။ ​မော်​လမြိုင်​တက္ကသိုလ်​က ကထိကဆရာမကြီးတ​ဦး ​ခေါင်း​ဆောင်​​တဲ့ ကြီးကြပ်​သူ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ​ကျောင်းသူ အဖွဲ့ဝင်​ ၅၀ လောက် ပါဝင်​တဲ့ စာတတ်​​မြောက်​​ရေး လုပ်​အား​ပေးအဖွဲ့က သထုံမြို့နယ်​အတွင်း​မှာရှိတဲ့ ကျေးရွာ ၂၂ ရွာက စာမတတ်တဲ့သူတွေကို သင်​ကြား​ပေးနေကြတာပါ။ အ​ခြေခံစာတတ်​​မြောက်​​ရေးလုပ်​ငန်းမှာ ​စာမတတ်​သူ ၁၀ ဦးလောက်ရှိတဲ့ စာသင်​ဝိုင်း တဝိုင်းကို လုပ်​အား​ပေး​ ကျောင်းသား ​ကျောင်းသူ နှစ်​ဦး၊ ၁ ရက်​ ​သင်​ကြားချိန်​ ၃ နာရီနဲ့ တ​မြို့နယ်​လုံးေ​ကျးရွာ ၂၂ ရွာရှိ စာသင်​ဝိုင်း ၂၅ ဝိုင်း ဧပြီ ၉ ရက်​ကနေ ​မေလ ၁၈ ရက်​​နေ့အထိ သင်​ကြား​ပေးသွားမှာ ဖြစ်ပါတယ်။ ယခုနှစ် ​မတ်​လအတွင်း ကောက်​ယူထား​တဲ့ စာရင်းဇယားအရ သထုံမြို့နယ်​အတွင်း​မှာ ကျေးရွာ​ပေါင်း ၂၂ ရွာမှာ စာမတတ်​သူ ၂၆၆ ဦးရှိကြောင်း မြို့နယ်​ပညာ​ရေးမှူးရုံးမှတ်​တမ်းအရ သိရပါတယ်။ ဒုံဝန်းကျေးရွာမှ အခြေခံစာလာရောက်သင်ကြားနေသူတဦးက “အရင်က စာမသင်ခဲ့ရဘဲ ခုမှ ပြန်သင်နေရတာ ဆိုတော့ နည်းနည်းတော့ ခက်တာပေါ့။ ငယ်ငယ်က စာသင်ချင်ပေမယ့် လည်း မိဘလုပ်ငန်းမှာ ဝိုင်းကူနေရလို့ မသင်ဖြစ်ခဲ့တာပါ။ ခုတောင် မအားတဲ့ကြားက တတ်ချင်လွန်းလို့ လာသင်တာပါ။ စာရေးတတ် ဖတ်တတ်ရင်တော့ သူများ လိမ်ညာတာ မခံရတော့ဘူး”လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ် ​သန်း​ခေါင်​စာရင်းအရ မြန်​မာနိုင်​ငံ လူဦး​ရေ ၁၀ ဒသမ ၅ ရာခိုင်​နှုန်းဟာ စာမတတ်သူတွေ ဖြစ်​ကြပြီး ဘက်​စုံလွှမ်းခြုံနိုင်​တဲ့ ပညာ​ရေးကဏ္ဍ​ လေ့လာသုံးသပ်​​ရေးလုပ်​ငန်း (CESR) အစီရင်​ခံစာအရ မြန်​မာနိုင်​ငံရဲ့ ကျောင်း​နေအရွယ်​ က​လေး ၂ ဒသမ ၇ သန်းမှာ ​ကျောင်းမ​နေဖူးသူ သို့မဟုတ် ကျောင်းထွတ်​​စောသူတွေ ဖြစ်​​တယ်လို့ ပညာရေးဌာန သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လူထုအ​ခြေပြု သက်​ကြီးစာတတ်​​မြောက်​​ရေး ‘အ’သုံးလုံး လှုပ်​ရှားမှုကို ၁၉၆၄ ခုနှစ်​က မန္တလေးတိုင်း​ဒေသကြီး မိတ္ထီလာခရိုင်​ မလှိုင်​မြို့နယ် ​အ​ရှေ့စံပြ​ကျေးရွာတွင် စတင်​ခဲ့ပြီး စာတတ်​​မြောက်​​ရေးလုပ်​ငန်း ​အောင်​မြင်​​အောင်​ ​ဆောင်​ရွက်​နိုင်ခဲ့တဲ့အတွက် ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုတာ ခံခဲ့ရပါတယ်။ သတင်း - ယူမင်းစိုး
3 years Ago

October 13, 2017

စာတတ်မြောက်ရေးလုပ်ငန်းခွင်ဝင် ကျောင်းသားကျောင်းသူများကို ​ကူညီ​ရန် တိုက်တွန်း

စာတတ်မြောက်ရေး လုပ်ငန်းခွင်ဝင် လုပ်အားပေး ကျောင်းသား ကျောင်းသူတွေအပေါ် ထားတဲ့ ရပ်ရွာရဲ့ စေတနာ မေတ္တာက အင်မတန်မှ အရေးကြီးပြီး တတ်နိုင်သလောက် ကူညီပံ့ပိုးပေးဖို့ ကျောင်းပြင်ပနှင့် တသက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာဇော်ဝင်းက ဒေသခံကျေးရွာတွေကို အလေးအနက် တိုက်တွန်း မေတ္တာရပ်ခံလိုက်ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၉ နာရီက ဘားအံတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၇ ခုနှစ် ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားမှာ တိုက်တွန်းပြောဆိုလိုက်တာပါ။ ကျောင်းပြင်ပနှင့် တသက်တာ ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက “လာရောက်လုပ်အားပေးတဲ့ ကျောင်းသား ကျောင်းသူတွေကို ရပ်ရွာရဲ့ စေတနာ မေတ္တာ ကူညီပံ့ပိုးမှုက အင်မတန်မှပဲ အရေးကြီးပါတယ်။ ဒီလုပ်ငန်းအတွက် အဓိကကျတဲ့ အားတခု ဖြစ်ပါတယ်။ ဒီဘက်ကလည်း လုပ်အားဒါနပြုတယ်။ ဟိုဘက်ကလည်း မေတ္တာနဲ့ ဆီးကြိုတယ်။ ညှိနှိုင်းကြတယ်ဆိုရင် အဲဒါကတော့ အရေးကြီးတဲ့ တချက်ပါ။ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ ရပ်ရွာ လူကြီး လူငယ် အားလုံးကို ကျနော် ပညာရေးဝန်ကြီးဌာန ကိုယ်စား အလေးအနက်ကို တိုက်တွန်းချင်ပါတယ်။ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။ အဲဒီနည်းပြသင်တန်းကို တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်က ၂ ရက်ကြာ တက်ရောက်သင်ယူမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက ကျေးရွာပေါင်း ၇၆ ရွာရှိ စာသင်ဝိုင်း ၁၁၄ ဝိုင်းကို တက်ရောက်မယ့် စာသင်သား ၉၉၀ ဦးကို ရက်ပေါင်း ၄၀ ကြာ ပြန်လည်သင်ကြားပေးသွားမှာပါ။ စာတတ်မြောက်ရေး လုပ်ငန်းခွင်ဝင် လုပ်အားပေး ကျောင်းသား ကျောင်းသူ သင်တန်းနည်းပြတွေအတွက် တရက်ကို ၃၀၀၀ ကျပ်၊ သင်တန်းကာလ ရက်ပေါင်း ၄၀ အတွက် တဦးကို ၁၂၀၀၀၀ ကျပ် ပညာရေးဝန်ကြီးဌာနက ပြန်လည်ထောက်ပံ့ပေးသွားမယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ၃ ကြိမ်မြောက် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သလို ဒေသခံ တိုင်းရင်းသားတွေဘက်ကလည်း စာသင်ကြားမှု တိုးတက်လာတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ရဲမင်းခေါင်
4 years Ago
Up