စာဆိုတော်ကြီး ဇေယျ၏ အမှာစကားများ

October 15, 2020

စာဆိုတော်ကြီး ဇေယျ၏ အမှာစကားများ

အောင်ဇေယျတု၊ မှာပြုစကား  သားကြားသိပြီ၊ ဝေငှသည်မှ ဇေယျမည်ခေါ်၊ စာဆိုတော်ကြီး ကွယ်လွန်ပြီးခဲ့၊ သုံးဆယ့်ရှစ်နှစ် သမယ ။ ။ ကလောင် ဇေယျ ငယ်က မောင်ယော ၁၉၂၀ ခုနှစ်မှာပေါ့။ ဇီးကုန်းမြို့ကနေ ပူပူနွေးနွေး ၃ ဘာသာဂုဏ်ထူးနဲ့ ၁၀ တန်းအောင်ကျောင်းသား မောင်ယောဟာ ရန်ကုန်ရောက်လာတယ်။ ဒဂုန်မဂ္ဂဇင်းမှာ စာရေးဖို့ သူ့ကလောင်နာမည်ကို ရွေးရတော့မယ်။ သူ ကလောင်နာမည် ရွေးပုံက တမျိုး ဆန်းတယ်။ ရွေးပုံကတော့ အဘိဓာန် Dictionary စာအုပ်ကို မကြည့်ဘဲ လှန်လိုက်ပြီ။ စာအုပ်ပေါ် လက်ညှိုးထောက်ပြီး ကျရာစာလုံးကို ကလောင်အမည် ယူမယ်လို့ ဆုံးဖြတ်တယ်။ ထောက်မိတာက Victory စာလုံးပေါ် ကို။ ဒါကို မြန်မာမှုပြုပြီး ဇေယျ နာမည်ကို ရွေးလိုက်တယ်။ စာရေးဆရာဇေယျ။ ဒါပေမဲ့သူဟာ မင်းလက်ျာ၊ သီလဝင်၊ ဒဂုန်ဇေယျ စတဲ့ ကလောင်ခွဲတွေနဲ့ပါ ရေးခဲ့ပါသေးတယ်။    စာရေးဆရာကြီး ဇေယျကလောင်အမည်ခံ ဆရာကြီး ဦးယော ကွယ်လွန်သွားခဲ့တာ ၃၈ နှစ်ပြည့်ပါပြီ။ ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၄ ရက် မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၄ ရက်ဟာ သူ ကွယ်လွန်တာ ၃၈ နှစ် ပြည့်ပြီ။ ဒီအချိန်မှာ သူ့ရဲ့ စာတွေကို  ပြန်ဖတ်နေမိတယ်။ ဒီတော့ သူ့ရဲ့ အရေးအသားတွေ၊ စာဖတ်သူတွေ ပြည်သူတွေ အပေါ်ထားတဲ့ စေတနာတွေကို အတိုင်းသား မြင်လာရတာပေါ့ဗျာ။ သူစာတွေဟာ နောက်လူတွေအတွက် အမှာစကားတွေ ဖြစ်နေပါတယ်။  သူက….. ဒီလို ရေးထားခဲ့တယ်။  ကျွန်တော် စာရေးဆရာပါဟု ဂုဏ်ယူသူ “ စာရေးဆရာတယောက်အနေနှင့် ကျွန်တော်ဇေယျ၏ဘဝကို စစ်တမ်းထုတ်လိုသည်။ ပထမဆုံးရေး ဝတ္ထုတို မဂ္ဂဇင်း တစောင်ထဲတွင် စာပုံနှိပ်စာလုံးလေးများနှင့် တွေ့ရသောအခါ အတိုင်းမသိ ဝမ်းမြောက်သည်။ ထို၀တ္ထုလေး အတွက် ဉာဏ်ပူ ဇော်ခ ၁၅ ကျပ်ရသည်။ ထိုစဉ်က ၁၅ိ ဆိုသောငွေသည် မနည်းလှပေ။ လူတယောက် တလ အတွက် ဟင်းမကောင်းစေကာမူ ထမင်းဝဝစားနိုင်သည်။ သို့သော် ကျွန်တော့်အတွက် ထို ၁၅ိ သည် အရသာအထူးမရှိ။ စာရေးလိုက်ရခြင်းသည်သာလျှင် အရသာထူးကြီး ဖြစ်နေလေသည်။ ထို ၁၅ိ မရလျှင်လဲ ကျွန်တော်၏ ကျေနပ်မှု အရသာသည် တစုံတရာ ဆုတ်ယုတ်ခြင်း ရှိမည် မဟုတ်ချေ။ စာရေးဆရာဘဝသို့ ခြေစုံပစ်၍ ဝင်လိုက်သည်။ ကျွန်တော် စာရေးဆရာပါပဲ ဆိုသည်ကို ဂုဏ်ယူသည်။” ငါလည်း ဒီလိုနဲ့ စာရေးဆရာ စလုပ်ခဲ့တယ်။ မင်းတို့လည်း  . . . .  ဆိုပြီး မှာကြားနေသယောင်ပါ။ ဒီစာကို ဆရာဇေယျရဲ့ ၁၉၆၄ ခုနှစ်ထုတ် မြန်မာ့မျက်ပွင့် စာဓလေ့ စာအုပ်တွင်း ရေးသားခဲ့တာပါ။ သူ့ရဲ့ ၁၅ ကျပ်သာ စာမူခ အဖိုးအခရတဲ့ ပထမဆုံး ဝတ္ထုတိုဟာ ၁၉၂၀ ခုနှစ် ဒဂုန်မဂ္ဂဇင်း ပထမစာစောင်က ဗိုလ်ရန်အောင် ဝတ္ထု ဖြစ်ပါတယ်။ သူ့ကို စာရေးဆရာဘဝ ရောက်အောင် ဆုံးမသွန်သင် လမ်းညွှန်ခဲ့သူတွေဟာ သူ့ယောက္ခမ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ပီမိုးနင်း၊ ကျောင်းဆရာကြီး ဦးဘိုးသစ်တို့  ဖြစ်ကြပါတယ်။ သူဟာ ၁၉၆၁ ခုနှစ်က စာပေဗိမာန် စာပဒေသာ ဆုကို မြန်မာ့ မျက်ပွင့် (ရွာဓလေ့၊ လူဓလေ့) စာအုပ်နဲ့ ရရှိခဲ့ပါတယ်။ သူရေးခဲ့တဲ့ စာအုပ်တွေကတော့  ဇေယျ၏ စာအုပ်များ ၁။ မြန်မာ့မျက်ပွင့် စာဓလေ့  ၂၊ မြန်မာ့မျက်ပွင့် ရွာဓလေ့ လူ့ဓလေ့  ၃။ မြတ်လေးရွှေဓားဗိုလ်  ၄။ စာတိုပေစ   ၅။ စာတွေ့ငါတွေ့    ၆။ စာသဘင် ၇။ ဇေယျစာတမ်း ၈။ ဇေယျဝတ္တုတိုများ  ၉။ ဇေယျ၏စာ ၁၀။ တောကြီးမာယာ ၁၁။ နီပွန်စိတ်ဓာတ် ၁၂။ ဗမာ့အရေးနှင့် အနုပညာအသွေး  ၁၃။ ဗမာပြည်တိုက်ပွဲ ၁၄။ မိန်းမ ၁၅။ မြနန်းနွယ် ၁၆။ မြန်မာစာ မြန်မာ့စိတ် မြန်မာ့မာန်  ၁၇။ မှတ်တမ်းတင် ဗမာ့ အရေးအခင်းများ ၁၈။ လူ ၁၉။ သိန်း လေးဆယ် ၂၀။ အဏုမြူတို့ ဖြစ်ကြတယ်။  ဆရာကြီး ဇေယျ ဘဝအကြောင်း သူ့ကို ၁၉၀၀ ပြည့် ဇူလိုင်လ ၁ ရက် (တနင်္ဂနွေနေ့)က သာယာဝတီခရိုင်၊ ဇီးကုန်းမြို့မှာ အဖ ကျက်သရေဆောင် ရွှေစလွယ်ရ သစ်တောဝန်ထောက်မင်း ဦးခလယ်၊ အမိ နန်းရွှေကြိုးတို့က ဖွားမြင်တယ်။ သူ့မိခင် နန်းရွေကြိုး နာမည်က သူတို့ရွာမှာ လာကတဲ့ ဇာတ်မင်းသမီးရဲ့ နာမည်ကို ပေးထားတာဖြစ်တယ်။ ဆရာဇေယျကိုလည်း ဇာတ်မင်းသားဖိုးကွန်း လာကချိန် မွေးလို့ ငယ်စဉ်မွေးစက ဖိုးကွန်းလို့ နာမည်ပေးခဲ့တယ်။ နောက်မှ ငယ်နာမည် ယောရှုဖြစ်လာတယ်။ ကျောင်းနာမည် မောင်ယော၊ သာယာ၀တီမြို့ ကရင်အထက်တန်းကျောင်း၊ ပြည်မြို့အစိုးရအထက်တန်းကျောင်းတွေမှာ တက်ရောက်ခဲ့ပြီး ၁၀ တန်းကို ၃ ဘာသာဂုဏ်ထူးနဲ့ အောင်တယ်။ ၁၉၂၀ ခု ရန်ကုန်တက်ပြီး ဒဂုန်မဂ္ဂဇင်း လက်ထောက် အယ်ဒီတာ လုပ်တယ်။ ၁၉၂၃ မှာ သခင်ကိုယ်တော်မှိုင်း သမီး ဒေါ်မြရီနဲ့ လက်ထပ်တယ်။ ၁၉၂၅ ဇေယျသတင်း စာကိုထုတ်ဝေ။ ၁၉၂၆ လန်ဒန် မဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၂၇ ဗြိတိသျှဗားမားအယ်ဒီတာ၊ ၁၉၃၀ သူကြီးဂေဇက်သတင်းစာ အယ်ဒီတာ၊ ၁၉၄၇ ပြန်ကြားရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးဝန်၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅၀) သီရိပျံချီဘွဲ့ (၁၉၅၅) ချီးမြှင့်ခံရတယ်။ ၁၉၈၂ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ စမ်းချောင်းနေအိမ်မှာ အသက် ၈၃ နှစ်အရွယ် ကွယ်လွန်ခဲ့တယ်။ လူထုဒေါ်အမာ လေးစားတဲ့ စာပေနယ် ကြယ်ပွင့်ကြီးတပွင့် ကြွေခြင်း  အခုဆို သူကွယ်လွန်ခဲ့တာ ၃၈ နှစ် ရှိပြီဆိုပေမဲ့ သူကွယ်လွန်ခဲ့တဲ့ ၁၉၈၂ ခုနှစ်မှာပဲ အဲ့ဒီအချိန်က သက်ရှိထင်ရှား ရှိနေသေးတဲ့ ဆရာမကြီး လူထုဒေါ်အမာက အခုလို ရေးသားခဲ့ပါတယ်။ “ ကွယ်လွန်အနိစ္စရောက်တယ်လို့ ကြားလိုက်ရတော့ `သြော် လူထုဦးလှနဲ့ နှစ်လပြည့်အောင်တောင် မကွာခြားဘူး။ စာပေနယ်က ကြယ်ပွင့်ကြီးတပွင့် ကြွေရှာပြန်လေပကော´လို့ နှမြောတသ လွမ်းဆွတ်ရပြန်ပါတယ်။ ဆရာဇေယျ အနိစ္စရောက်တော့ အသက် (၈၃) နှစ် ရှိပါပြီ။ (၁၈) နှစ်သား၊ (၁၉) နှစ်သား အရွယ်ကတည်းက ကလောင်စမ်းလာ ခဲ့တယ်။ အသက် (၂၀) အရွယ်မှာ ဇေယျဆိုတဲ့ ကလောင်နာမည်တစ်ခုနဲ့ လူသိလာတဲ့ ကလောင်တစ်ချောင်း ဖြစ်လာတယ်။ အသက် (၈၀)နား နီးတဲ့အထိ ကလောင်မချဘဲ ရေးသားသွားခဲ့တယ်။ ဆရာ ဦးယောရဲ့ ကလောင်က ထွက်လေသမျှ စာဟာ အမျိုးသားရေးကို ဘယ်တော့မှ လက်မလွှတ်ခဲ့ဘူး။ အမျိုးသား ယဉ်ကျေးမှု အဆောက် အ အုံကို အဘက်ဘက်က ထိန်းသိမ်းကာကွယ် တည်ဆောက်သွားလေတဲ့ ကလောင်မို့ ဒီကလောင်ကြီးတစ်ချောင်း ရပ်နား အငြိမ်းစား ယူသွားတာကို နှမြောလို့ မဆုံးနိုင်ဘူး။” ကောက်ရိုးနွယ်ကို ပေထက်အက္ခရာတင်သူ သူ့စာတွေကို ပြန်စဉ်းစားတော့ ကောက်ရိုးနွယ်ကို စတွေ့တယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်း ရင်းနှီးခဲ့ရတာပေါ့။  “ကောက်ရိုးနွယ်ကလေးကို မြင်၏။ အတော်သန်ပုံရ၏။ အရင်းဘက်တွင် အရွက်များ ရင့်လျက် လက်ခွကြားမှ အပွင့်ကလေး တစ်ပွင့် ထွက်နေ၏။ လက်သန်းဖျားလောက် ရှိ၏။ အနားဖြူ၍ အလယ်တွင် ခရမ်းရောင်လိုလို ရှိ၏။ အနွယ်ကလေးလည်း ရိုးရိုး ဖြစ်၏။ အရွက်လည်း ရိုးရိုး ဖြစ်၏။ အပွင့်လည်း ရိုးရိုး ဖြစ်၏။ မြေကြီးကို တွား၍ ပေါက်ရ၏။ ပပ်ကြားအက်များ အကြားတွင် ပျော်ရ၏။ သူများတကာ အပင်တွေ ဝေ‌ဝေဆာဆာပေါက်၍ လယ်ကွင်းခြောက်မှ ပေါက်ရ၏။ တော်တော် ရိုး၏။ တော်တော် အောက်တန်းကျ၏။ သို့သော် အနွယ်ကလေးမှာ အားလျော့ပုံ မရ။ အညွန့်ကလေး တစ်ညွန့်သည် တစ်ထွာကျော်ကျော်မျှ ရှိသော ရိုးပြတ်ကလးကို လိမ်တက်၍ ခေါင်းကလေး မော်ကာ ဟိတ်ဟန်ထုတ်နေပုံ ရ၏။ ရွှေဘုံရွှေနန်းအတွင်း ရွှေဘီး၊ ရွှေဆံကျင်စိုက်၍ ပန်ကြသော ကံ့ကော်၊ စွယ်တော်၊ သဇင်၊ ကြက်ရုန်းတို့သည် အဘယ်သို့ ရောက်ကုန်ကြပြီနည်း။ ပျောက်ကုန်ကြပြီ။ ကောက်ရိုးနွယ်ကလေးကား ကျန်နေ၏။ အားယူနေ၏။”                                                                      သူတပါး မမြင်တတ်သော ကောက်ရိုးနွယ်ကလေးရဲ့ အားမာန် ဇွဲ သတ္တိတို့ကို သူရေးပြခဲ့တာက ဘယ်သူမဆို အားမငယ်နဲ့ ဇွဲရှိရမယ်။ အခက်အခဲ ဘယ်လောက်ရှိပါစေ။ ကြိုးစားရမယ်လို့ သတိပေး မှာကြားနေသယောင်ပါပဲ။   သစ္စာရှိလို့မသေ ကျမ်းပြုခွင့်ရပေသော အင်ရုံဝန်ကြီး ဆရာကြီးဇေယျဟာ မျက်မှောက်ခေတ်ကို ရေးတယ်။ ရှေး ရာဇဝင်သမိုင်းတွေကိုလည်း ရေးတာပဲ။ ဘာသာပြန်လည်း ရေးပြန်တာပါပဲ။ ပြည်ပ ပြည်တွင်း ခရီးသွားဆောင်းပါး၊ ဝေဖန်ရေးဆောင်းပါးတွေနဲ့ အတ္ထုပ္ပတ္ထိစာပေ စာစုံ ရေးသားခဲ့တာပါ။ ကျေးလက်ကစ တိုင်းပြည်တိုးတက်ရေးကို လှုံ့ဆော်တယ်၊ ခံယူချက် သစ္စာမြဲဖို့ ရေးတယ်။ ဆရာဇေယျက “မြန်မာ့ မျက်ပွင့် (ရွာဓလေ့၊ လူဓလေ့) စာအုပ်” မှာ အင်ရုံဝန်ကြီး သစ္စာရှိတဲ့ အကြောင်း ရေးခဲ့တယ်။ အင်ရုံဝန်ကြီးဟာ အင်းဝမင်းသုံးဆက် မှီခဲ့ တဲ့ အင်းဝနန်းတွင်းရေး ကျွမ်းကျင်သူ။ ၁၁၁၃ ခု နှောင်းတန်ခူးလဆန်း ၇ ရက် အင်း၀ပျက် ရွေဘိုမတည်ခင် ဟံသာဝတီ ရောက် မင်းတရားနဲ့အတူ အင်ရုံဝန်ကြီးဟာ ဟံသာဝတီ(ပဲခူး)ကို ဖမ်းခေါ်သွားခံခဲ့ရတယ်။ ဟံသာဝတီရောက်တော့ ဘုရင် မင်းညီမင်းသားတွေကို အကျယ်ချုပ်ထားပြီး အင်းဝကပါလာတဲ့ ဝန်းကြီးတွေကို ရာထူးအသစ်တွေပေး အမှုထမ်းစေတယ်။ ဒီအခါ အင်ရုံဝန်ကြီးက အင်းဝမင်းရဲ့သစ္စာကို ခံပြီးဖြစ်လို့ သူတပါးမှာ အမှုမထမ်းလိုပါ ဆိုပြီး ငြင်းတယ်။ စစ်နိုင်ဘုရင့်လက်ထဲ သူ့သစ္စာကို မခံပါဆိုပြီး ပြောရဲတာဟာ တော်ရုံသတ္တိ မဟုတ်ပါ။ သစ္စာရှိလွန်းလှပါတယ်။ ဒီလိုသစ္စာရှိတာကြောင့်ပဲ ပဲခူးဘုရင် က သူ့ကို မသတ်ခဲ့ပုံရပါတယ်။ ဟံသာဝတီ (ပဲခူး)ကို အလောင်းဘုရား ဦးအောင်ဇေယျက ပြန်လည်သိမ်းပိုက်တဲ့အခါ အင်ရုံ ဝန်ကြီးကို မုဆိုးဘို ပြန်ခေါ်တယ်။ စစ်ပွဲအတွင်း အင်းဝမြို့ကြီး စိစိညက်ညက်ကျေ ပျက်စီးသွားခဲ့လို့ ရတနာသိင်္ဃ မင်းဆက် သစ် ထောင်တဲ့အခါ အင်းဝ အဆက်ဆက် မှတ်တမ်းတွေကို မရလိုက်ပါ။ ဒီအခါ မင်းဆက်သစ်အတွက် ထီးသုံးနန်းသုံး စည်း ကမ်း နည်းလမ်း မဟာမင်္ဂလာ မင်းခမ်းတော်တွေ လိုလာတယ်။ ဒါကို အင်းဝမင်း ၃ ဆက်မှာ ရာထူးကြီးတွေထမ်းခဲ့တဲ့ အင်ရုံဝန်ကြီး ရေးခွင့်ရတာပေါ့။ “လောကဗျူဟာမင်းခန်းတော်”စာတန်းကြီး” ကို ရေးခဲ့ပြီး ကုန်းဘောင်မင်းဆက် ၁၁ ဆက် ဒါကို သုံးခဲ့တယ်။ အင်ရုံဝန်ကြီး သစ္စာရှိသလို နောင်လာနောက်သားတွေ သစ္စာရှိဖို့ ဆရာဇေယျက မှာကြားရေးသားခဲ့ပုံပါ။ စာတပုဒ် ကဗျာတပုဒ်က တန်ဖိုးအနဂ္ဃ ရှိကြောင်း သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊ သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း ။ ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းစံ ၊ မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက် ၊ ခဏတက်သည် ၊ ရေပွက်ပမာ ၊ တစ်သက်လျာတည်း ။ ကြင်နာသနား ၊ ငါ့အားမသတ် ၊ ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကြည် ၊ အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊ မချွတ်စသာ ၊ သတ္တဝါတည်း ။ ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊ ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊ သံသာစက်၌ ၊ ကြိုက်လတ်တွန်မူ ၊ တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊ သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊ အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊ သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း။ ။ “အနန္တသူရိယအမတ်ကြီး၏ မျက်ပြေလင်္ကာကို အမတ်ကြီးသည် လူသတ်ပါးကွက်တို့လက်၌ သေရအံ့ဆဲဆဲ၌ စပ်ဆို ခဲ့၏။ အမတ်ကြီးကားသေ၏။ သို့သော် ထိုလင်္ကာအတွက်ကြောင့် ထိုခေတ်က မင်းပြစ်မင်းဒဏ်သင့်သူတို့ သက်သာ ရာ ရရှိကြသည်။ “အနန္တသူရိယကို သူသတ်တို့ထံ အပ်လေ၏။ အနန္တသူရိယလည်း ရဲရင့်တည်ကြည်သော နှလုံးရှိ သည် ဖြစ်၍ သတ်အံ့မူးမူးတွင် စာလင်္ကာ ၄ ပိုဒ်ရေးကာ မင်းကြီးအား ဆက်ပါဟု အပ်ခဲ့၏။ သူသတ်တို့က သတ်ပြီးမှ မင်းကြီးအားဆက်၏။ စာ ၄ ပိုဒ်ဖတ်ကြားအပြီး လွှတ်စေဟု မိန့်တော်မူ၏။ သတ်ပြီးကြောင်း လျှောက်ရာ အမျက် ပြေ နောက်တရသွားခဲ့သည်။ နင်တို့ နောင်တွင် သတ်လေဟု အမိန့်တော်ရှိသော်လည်း တလ လေးသီတင်းထားပြီး စစ်ကြော၍ သေတန်မှသေစေ။ မသေတန်သူကို လွှတ်စေဟု အမိန့်ထုတ်၏။       အနန္တသူရိယအမတ်ကြီးသည် ဤစာအတွက် ဆုလာဘ် ရာထူးများကားမရ။ သေပွဲသာဝင်ရ၏။ သို့သော် ဤလင်္ကာ အတွက် ရသောဆုကား ကြီးမားလှ၏။ ဒေါသ အမျက် ပြင်းထန်လှသော မင်းအား အမျက်ဒေါသ တခါတည်းကျဆင်း ယဉ်ကျေးသွားအောင် ဆုံးမနိုင်ခဲ့၏။ လည်းကောင်း၏နောက် မင်းမျက်၍ ရာဇဝတ်သင့်သူတို့မှာလည်း မှားသည် မှန်သည်မဟူ အယူခံမရှိ တချက်တည်းနှင့် သေရမည့်ဘေးမှ လွတ်မြောက်ကြ၏။ ဆုတော်ငွေ ကုဋေ ကုဋာထက် အဖိုးတန်လှ၏။ ကြီးစွာသော အဘယဓာန ကုသိုလ်ကြီး ဖြစ်၏။ ဤလင်္ကာအတွက် အနန္တသူရိယ ရရှိသောဆုကား ဤလောကအတွက် အကြီးတကာ့ အကြီးမားဆုံးဖြစ်၏။ မြန်မာ့မျက်ပွင့် စာဓလေ့ စာအုပ်မှာ ဆရာဇေယျက အခုလိုရေးခဲ့ပြီး လင်္ကာ၊ ကဗျာ စာတပုဒ်ရဲ့တန်ဖိုး အလွန်များပြားတာကို သတိပေး မှာကြားခဲ့သယောင်ပါ။ ကဗျာရေးသင် ဆရာဇေယျ ပိတုန်းပျံဝဲ၊ ဝါးခွဲရင်စေ့၊ ခြင်္သေ့လည်ပြန်။  စတဲ့ ကဗျာရေးနည်းတွေကိုလည်း ဆရာကြီးက ဆောင်းပါးတွေ ရေးပြထားတဲ့ ရည်ရွယ်ချက်ကတော့ သူတပါး ဆရာများ ရေးသားခဲ့တဲ့ ပျို့၊ ကဗျာ၊ လင်္ကာတွေကို များများဖတ်ဖို့ တိုက်တွန်းပါတယ်။ ရေးနည်းတွေကို လေ့လာ၊ များများဖတ်ဖို့၊ ကိုယ်တိုင် ရေးရာမှာလည်း သတ်ပုံမှန်ဖို့၊ တတ်နိုင်လျှင် ကဗျာလင်္ကာများစွာ အလွတ်ကျက်မှတ်ဖို့ ရေးခဲ့ပါ တယ်။ ဆရာဇေယျရဲ့ ကဗျာဆောင်းပါးတွေ ဖတ်ကြည့်ကြပါလို့သာ တိုက်တွန်းပါရဲ့။  ဆရာကြီး ဇေယျ၏ စာရေးဆရာဖြစ်နည်း  စာရေးဆရာရဲ့ အရေးအသားနဲ့ ပတ်သက်ပြီး ဆရာဇေယျက အခုလို ရေးသား သတိပေး မှာကြားခဲ့ပါတယ်။        “စာရေးဆရာက ရေးသားလိုက်သော စာတပိုဒ်တွင် အကြမ်းအားဖြင့် အင်္ဂါ ၃ ချက်ပါဝင်လေသည်။ ပထမအချက်မှာ အတွေ့အကြုံဗဟုသုတ၊ ဒုတိယအချက်မှာ အတွေးအခေါ်။ တတိယအချက်မှာ ရေးသားပုံဖြစ်သည်။ “ ငပြေငဖယ်၊ စက်ဆုတ်ဖွယ်၊ မဝယ်မခြမ်းသာ။ အခြင်ရနယ်၊ မြဲအောင်တွယ်၊ မျှော့မယ်နနှင့်သာ။ နွမ်းလည်းနွမ်းနယ်၊ ဟင်းနုနယ်၊ သိပ်နယ်မချက်ရာ။ ပတ်မှာတံရှယ်၊ ကြိုးနှင့်သွယ်၊ ညာဘယ်တီးဖို့သာ။  စိန္တကျော်သူဦးဩ (ကဝိလက္ခဏာသတ်ပုံကျမ်းမှ) ကဝိလက္ခဏာသတ်ပုံကျမ်းကြီးမှာတောင် သာမန်ပုံစံရေးတာထက် အတွေ့အကြုံ ဗဟုသုတကြွယ်တဲ့ စိန္တကျော်သူ ဦးဩဟာ အထက်ကအတိုင်း ငါးသားဝယ်နည်း၊ လက်သမားအခြင်အတွယ်၊ ဟင်းသီးဟင်းရွက်ချက်ပြုတ်ပုံ၊ ဆိုင်း တူရိယာသုံးစွဲပုံ ဗဟုသတ များတဲ့အတွက် သူ့စာရေးသားပုံက ပိုမို ကောင်းမွန်စေတယ်လို့ ဆရာဇေယျက အမှာရှိခဲ့တာပါ။  ငုံကင်းဖူး၊ ထုံသင်းမြူး၊ လေပြည်ညှင်း၊ သွင်းသုတ်ခြွေ     ဝက်ညှာရွှေငယ်လေ၊ လေညှင်းခူး၊ မွှေးမျိုးကြူး။  (“ပြင်စည်မင်းသား ” ရေး - “တောင်ယံတော မောလေအောင် အစချီ တောတောင်ဘွဲ့” မှ) “လေညှင်းခူး” ဆိုရာမှာ လေညှင်းက ပန်းမခူးနိုင်တာကို ခူးတယ်လို့ မြင်တဲ့ ပြင်စည်မင်းသားကြီးဟာ စာရေးသူ စာရေးဆရာ ဖြစ်လာရတဲ့သဘောကို ဆရာဇေယျက ရေးခဲ့တယ်။ စာရေးဆရာဟာ သူများမြင်သလို မမြင်ပဲ မြင်တတ်ရမယ်လို့လည်း ဆရာဇေယျကဆိုပါတယ်။ တနည်းအားဖြင့်စာရေးဆရာဟာ ကြည့်တတ်မြင်တတ်ရမယ်ပေါ့။ ဆရာဇေယျက….. “ မကြည့်တတ်လျှင် ပြင်စည်မင်းသား၏ (ဝတ်ညှာရွှေငယ်၊ လေညှင်းခူး) ဆိုသော စာမျိုး မဖြစ်နိုင်ချေ။ စာရေးဆရာ ဖြစ်လိုလျှင် ကြည့်တတ်ဖို့။ မြင်တတ်ဖို့ လိုသည်။ ကြည့်တတ်ဖို့၊ မြင်တတ်ဖို့ကား ဆရာမရှိချေ။ စာရေးဆရာ အဖြစ် သို့ ရောက်ရေး၌ အခက်တကာ့ အခက်ဆုံးပင်။ မျက်စိနှစ်လုံးရှိလျှင် ကြည့်နိုင် မြင်နိုင်သည်။ လူတိုင်းကြည့်ကြသည်။ မြင်ကြသည်။ သို့သော် လူတိုင်း စာရေးဆရာ မဟုတ် ဟူသော အချက်ကို ထောက်ခြင်းအားဖြင့် ကြည့်ခြင်း၊ မြင်ခြင်း နှင့် ကြည့်တတ်ခြင်း၊ မြင်တတ်ခြင်းသည် တခြားစီ ဖြစ်သည်ကို ကောင်းစွာသိနိုင်ပေသည်။ ဉပမာ-ညနေချမ်း နေရီရီ တောင်စောင်းကလေးတွင် သစ်ပင်တပင်ကို လေပြည်ကလေး ဖြူးနေသည်ကို သာမန်လူမြင်ပုံနှင့် စာရေးဆရာ မြင် ပုံ မတူချေ။ စာရေးဆရာ တယောက်နှင့် တယောက် မြင်ပုံမတူပေ။ ထူး၍ မြင်သောစာရေးဆရာထံမှ ထူးခြားသော စာ ထွက်လာသည်။ နန်းတွင်းသူ တယောက်ကို တောင်ငူစာဆို မင်း နတ်ရှင်နောင် မြင်ပုံနှင့် အခြား မင်းသားများ မြင်ပုံ မတူချေ။ နတ်ရှင်နောင်နှင့် ပဒေသရာဇာတို့၏ မြင်ပုံခြင်းလည်း မတူချေ။ ထို့ကြောင့် စာရေးဆရာ တယောက် ဖြစ်လိုလျှင် စာတတ်ရုံသာမဟုတ်။ မြင်တတ်ရမည်ဟု ဆိုလိုပေသည်။  ရေးလို့မကုန်ပါ့ ကဝိဆရာ့ အမှာစကားများအကြောင်း များအကြိုက်၊ တအားစိုက် ပါးလိုက်မယ်ဗျ ကိုဇေယျာ။  မြန်တဝိုက် ကံအဆိုက်၊ ကြံလိုက်ရင် မနေသာတဲ့ ပြေမြန်မာ တို့အမျိုးမှာ၊ တိုးလို့ဝေဖြာ။  (ဇေယျ) မြတ်လေးရွှေဓားဗိုလ်ဝတ္ထုမှ၊ ဗြိတိသျှဘာမား မဂ္ဂဇင်း၊ ဇန်နဝါရီ ၁၉၂၀ ဆရာကြီးဟာ စာစုံရေးခဲ့တယ်။ ဆောင်းပါး၊ ဝတ္ထုတို ရှည်၊ ကဗျာစသဖြင့် များပြားလှပါတယ်။ သူ့ရဲ့ စေတနာနဲ့ ပြည်သူသို့ တိုက်တွန်းချက် မှာကြားချက်တွေကို ရေးထားခဲ့တာတွေကလည်း များပြားလှပါတယ်။ စာြကည့်တိုက်တွေကိုသွားဖို့ သူမှာကြားတာ။ လမ်းဘေး စာအုပ်တန်းတွေကို သူညွှန်ပြတာ။ နိုင်ငံခြားစာပေတွေကို ဗမာပြန်ဖို့။ မြန်မာစာပေတွေကို ကမ္ဘာ့ဘာသာတွေ ပြန်ဆိုဖို့ သူလိုလားတာစသည်ဖြင့် သူမှာထားခဲ့တာတွေက များလှပါတယ်။  ဒီဆောင်းပါးထဲမှာတော့ တွေ့မြင်လက်လှမ်းမိသိသမျှ အတော့်ကို အနည်းအကျဉ်းလောက်ကိုသာ ရေးပြလိုက်တာပါ။ ဆရာကြီးဇေယျရဲ့ မှာကြားချက်တွေအားလုံး ကြားလိုလျှင်တော့ သူ့ရဲ့စာအုပ်တွေကို ဖတ်ကြားကြပါလို့သာ သူ့ရဲ့ ကွယ်လွန်ခြင်း ၃၈ နှစ်မြောက်မှာ တိုက်တွန်း လိုက်ပါတယ် ခင်ဗျာ။ ။  မောင်တူး
7 months Ago
Up