စာစီခဲ့လေရော့သလား

September 3, 2021

လွမ်းတော်မူဖို့ စာစီခဲ့လေရော့သလား

“ဟေ့ ကောင်မလေးကိုလွှတ်လိုက်”တဲ့။ ရုပ်ရှင်ရုံထဲကထွက်တာနဲ့ ကျနော်တို့ လူငယ်တသိုက် ဆူဆူညံညံ အော်ဟစ်လာခဲ့ကြဖူးတာကို ပြန်လည်သတိရနေမိတယ်။  တချိန်ကတော့ မြန်နိုင်ငံအနှံ့မှာ အဲ့ဒီစကားဟာ လူငယ်တွေသာမက ဇာတ်အဖွဲ့လူရွှင်တော်တွေအဆုံး ပြက်လုံးထုတ်တဲ့အထိ လွှမ်းမိုးနိုင်ခဲ့တယ်။

အဲ့ဒီစကားရဲ့အစက “ရေပွက်ပမာ”ရုပ်ရှင်မှာစခဲ့တာ။ လူကြမ်းမင်းသားဌေးဝင်းက ဒုတိယဇာတ်လိုက်မင်းသမီးကို ဆွဲလားရမ်းလားလုပ်ပြီး ဖမ်းထားချိန်မှာ မင်းသားဇော်ခင်က ဌေးဝင်းကို “ကောင်မလေးကိုလွှတ်လိုက်”လို့ အော်ဟစ်အမိန့်ပေးတဲ့စကားပေါ့။

ကျနော်တို့ ကျောင်းသားဘဝအထိလည်း ကောင်လေးက ကောင်မလေးလက်ကို ကိုင်ပြီးလမ်းလျှောက်လာတာတွေ့ရင် “ဟေ့ ကောင်မလေးကို လွှတ်လိုက်”လို့ နောက်ပြောင်ကျီစားလေ့ ရှိခဲ့ကြတယ်။ တချို့လည်းရုပ်ရှင်မကြည့်ဘူးပေမဲ့ ဒီစကားလုံးနဲ့ နောက်ပြောင်ကျီစယ်လေ့ရှိတယ်။ ဒါပေမဲ့ အကျီစယ်ခံရသူရော ကျီစယ်သူရော စိတ်မဆိုးပဲ ပြုံးရယ်ခဲ့ကြတာပါပဲ။

ရေပွက်ပမာ”ရုပ်ရှင်ရဲ့ဇာတ်ညွှန်ရေးဆရာက မောင်မိုးသူလေ။ ဒီတော့ ဒီစကားလုံးဟာ မောင်မိုးသူမွေးဖွားပေးလိုက်တဲ့စကားပေပဲဆိုတာ အတော်ကြာမှသိခဲ့ရတာ။ ဆရာမောင်မိုးသူရဲ့ အဲ့ဒီအပြောဟာ လူငယ်တွေကြားမှာ အခုထိခေတ်စားလို့။ လက်တွဲလာတဲ့ ချစ်သူစုံတွဲတွေကို နောက်ပြောင်ကျီစယ်ရာစကားအဖြစ် အသုံးပြုနေဆဲပါ။ တောင်ငူဆောင် တောင်ပိန္နဲပင်ရိပ်မှာ ဆရာမိုးသူနဲ့ လာလည်တော့  ဆရာဦးတင်မိုးက “မင်းတို့အချင်းချင်း နောက်ပြောင်ကျီစယ်လေ့ရှိတဲ့ ‘ကောင်မလေးကိုလွှတ်လိုက်’စကားမွေးပေးတဲ့သူပေါ့။”လို့ အတည်ပြုပြောပြခဲ့ဖူးတယ်။ ပြီးတော့ ဆရာမိုးသူရဲ့ “မိုးပိတောက်တို့ ပန်တော်အမီ”ဝတ္ထုအကြောင်းမှအစ ‘မှုံနံ့သာချယ်ကာသပါလို့’ ရုပ်ရှင်အဆုံး ပြန်ပြောင်းပြောပြလို့ တသသဖြစ်ခဲ့ရသေးတယ်။

အခုတော့ “ကောင်မလေးကိုလွှတ်လိုက်”ဆိုတဲ့စကားရဲ့မူရင်းမွေးဖွားသူလည်းမရှိတော့ပြီ။ ၂၀၂၁ ခု စက်တင်ဘာ ၁ ရက်နေ့ ည ၇ နာရီလောက်က ဆုံးပါးသွားခဲ့ပါပြီ။ 

ဆရာမောင်မိုးသူဟာ ၁၉၃၇ ခုနှစ်မှာ ဖခင်သခင်ဘတုတ်နဲ့ မိခင်ဒေါ်မြမေတို့ကနေ မွေးဖွားခဲ့တာ။ မန္တလေးအနောက်ပြင်သမီးတော်ဈေးဥယျာဉ်တန်းဇာတိပေါ့။ ငယ်နာမည်ကစိန်မြင့် ဖြစ်သတဲ့။ ငယ်စဉ်ကတော့ မန္တလေးစန်တောင်ဘုန်းတော်ကြီးကျောင်းနဲ့ စိန့်ပီတာကျောင်းတို့မှာတက်ခဲ့တာ။ မြန်မာစာပေထက် အင်္ဂလိပ်စာပေမှာ ပိုနှံ့စပ်တယ်လို့ဆိုပါတယ်။

“မြန်မာစာပေမနှံ့စပ်ဘူးလို့တော့မထင်လိုက်လေနဲ့။ မန္တလေးတက္ကသိုလ်ရဲ့ ‘မြန်မာစာ စာတည်း’လည်း လုပ်ခဲ့ သေးတယ်။ မြန်မာစာထူးချွန်သူအဖြစ်လည်း ဆရာတွေရဲ့ အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။ အဲ့ဒီတုန်းကတော့သူက ‘တပ်ဦး’ကျောင်းသားပေါ့။ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တယောက်ပါပဲ။ ၁၉၅၈ မှာ ဒုဥက္ကဋ္ဌလို့ထင်တယ်။”လို့ ဆရာဦးတင်မိုးက ဖောက်သည်ချဖူးရဲ့။ ကျောင်းသားသမဂ္ဂဆိုတော့ ကိုယ်မမှီလိုက်တဲ့ခေတ်ကာလရဲ့ ဆရာ့ဆရာကြီးတွေမို့ လေးစားမှုပိုခဲ့ရတယ်။ တသသ ရင်မှာသိမ်းထုပ်ခဲ့ရတာ အမှန်ပါ။

ဆရာမောင်စွမ်းရည်ကလည်း “ကိုစိန်မြင့်ပေါ့။ အခုမောင်မိုးသူက ‘မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း’ အမှုဆောင်လည်းဖြစ်တယ်။ အထက်ဗမာပြည်စာရေးဆရာအသင်းအမှုဆောင်လည်းလုပ်ခဲ့သေးတယ်။ ကျောင်း သားဘဝကတည်းက စာရေးခဲ့တာ သက်ဦး’ဆိုတဲ့ကလောင်နဲ့ပေါ့။ သူ့ကလောင်ခွဲတွေက ‘ကိုဆွေ၊ သက်ဆွေ’ ဆိုတဲ့ကလောင်လည်းရှိသေးတယ်။ ၁၉၅၈ ခုနှစ်ထဲ ဗိုလ်နေဝင်းအိမ်စောင့်အစိုးရ လက်ထက်မှာ သူအဖမ်းခံရတယ်။ ထောင်ကပြန်လွတ်တော့ ကျောင်းဆက်မတက်တော့ပဲ ၁၉၅၉ ထဲမှာ ‘မိုးဦးပန်း စာပေ’စာအုပ်တိုက်ထောင် လိုက်တယ်။”လို့ ဖြည့်စွက်ပြောပြခဲ့တယ်။

ဆရာမောင်မိုးသူရဲ့ တက္ကသိုလ်ကျောင်းသားဘဝကို လေ့လာကြည့်ရင် ဆရာရဲ့တက္ကသိုလ်ကျောင်းသားဘဝဟာ ပျော်စရာတွေရှိနေမယ်လို့ယူဆကောင်းယူဆနိုင်ပါတယ်။ ဆရာဟာ သူလုပ်ချင်ရာသူလုပ်နေခဲ့ဟန်ရှိပါတယ်။ ကျောင်းသားဘဝကတည်းက သမဂ္ဂမှာ ဝင်ရောက်ပြီး လှုပ်ရှားခဲ့တယ်။ ဖခင်ရဲ့နိုင်ငံရေးဗီဇက ခိုအောင်းဝင်ရောက် နေခဲ့ဟန်ပါပဲ။ ကျောင်သားဘဝတလျောက်လုံး ကျောင်းသားသမဂ္ဂအလုပ်နဲ့ စာပေဘက်မှာပဲအချိန်ပြည့်လုပ်နေခဲ့ တယ်လို့ သိမှီသူတွေပြောပြခဲ့ကြတယ်။

သူနဲ့အတူတက္ကသိုလ်ရောက်ကြသူတွေထဲမှာ ဆရာကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေးမောင်၊ မုံရွာကိုစောလွင်တို့ဖြစ်တယ်။ ဆရာမောင်သာရနဲ့ တက္ကသိုလ်ဝင်းခေါ် ကိုဝင်းမောင်နဲ့ ဆရာမောင်သာနိုးတို့က သူ့ထက်စောပြီး တက္ကသိုလ်ရောက်ခဲ့တာ။ သူတို့နှစ်ယောက်က နိုင်ငံရေး၊ စာပေတို့မှာ သူ့ထက်စောတဲ့ဝါရင့်တဲ့သူတွေ။ စာပေမှာဆို ‘လူထုသတင်းစာရဲ့ ကလောင်ရှင်တွေ။ သူ့ကိုတက္ကသိုလ်ရဲ့ဒီလောကသစ်ထဲမှာ ပံ့ပိုးကူညီခဲ့ကြသူတွေလို့ဆိုပါတယ်။ ၁၉၅၈မှာတော့ ဆရာမောင်သာနိုး၊ တက္ကသိုလ်ဝင်းတိုနဲ့အတူ ဆရာဦးသိန်းနိုင်နဲ့ ဆရာမောင်မိုးသူတို့လည်း အိမ်စောင့်အစိုးရရဲ့ အဖမ်းဆီးကိုခံလိုက်ရတော့တယ်။

သူထောင်ကထွက်ပြီး ‘မိုးဦးပန်းစာပေတိုက်ထောင်တယ်။ ၁၉၆၀ ပြည့်နှစ်မှာ ‘ခေတ်သစ်သတင်းစာ’ကိုထောင်ခဲ့တယ်။ ၁၉၆၁မှာ “ည”ဆိုတဲ့ဝတ္ထုကိုရေးခဲ့တယ်။ အဲ့ဒီဝတ္ထုကို ဆရာဘုန်းနိုင်ကသဘောကျလို့ ‘မောင့်ဘဝ ညလားကွယ်’ဝတ္ထုကို ရေးခဲ့တယ်လို့ ဆရာမောင်စွမ်းရည်က ဖေါ်ပြခဲ့ဖူးတယ်။ ၁၉၆၂မှာ ‘မေမေကြည်’ဝတ္ထုထွက်တယ်။  ၁၉၆၆ မှာ‘ရန်ကုန်သားနဲ့မန္တလေးသူ’ ဝတ္ထုထွက်တယ်။ ဒီဝတ္ထုကတော့ ရုပ်ရှင်အဖြစ်ရောက်ရှိလာခဲ့တယ်။ ၁၉၆၂ ခုနှစ်ကစပြီး မောင်မိုးသူကလောင်ကိုပဲ စွဲစွဲမြဲမြဲအသုံးပြုခဲ့တယ်။

၁၉၆၇ ခုနှစ်မှာတော့ ‘မိုးပိတောက်တို့ပန်တော်အမီ’ဝတ္ထုကိုရေးခဲ့တယ်။ ဒီဝတ္ထုဟာအခုခေတ်မှာ လူသိနည်းပေမဲ့ တချိန်ကနာမည်ကြီးခဲ့တဲ့ ဝတ္ထုတပုဒ်ဖြစ်ခဲ့တယ်။ ဆရာမောင်မိုးသူဟာ ပင်ကိုယ်ရေးဝတ္ထုတွေအပြင် ဘာသာပြန်စာအုပ်များစွာကိုလည်း မောင်မိုးသူကလောင်နဲ့ ပြန်ဆိုခဲ့တယ်။ ပြန်ဆိုရာမှာ မြန်မာစာဖတ်ပရိသတ်ကြားမှာ နာမည်ကြီးတဲ့စာအုပ်တွေက ‘အိပ်ဇိုးဒပ်(နိုင်ငံတခုမွေးဖွားခြင်း)၊ ‘အိပ်မက်ကုန်သည်’၊ ကျားကုတ်ကျားခဲ’၊ သေနေ့၊ စိတ္တဇ၊ သောကစံအိမ်တခါးခေါက်သူ၊ သဲကြီးမဲကြီး၊ သူနိုင်ကိုယ်နိုင်၊ အချစ်ပုံပြင်၊ သက်စွန့်ဆံဖျား၊ စိန့်ပီ တာစဘက်မှလူ’ တို့ဖြစ်တယ်။

ဒါတွေအပြင် မိုးဝေမဂ္ဂဇင်းနဲ့တခြားစာစောင်တွေမှာ ‘လွယ်အိပ်တလုံးနဲ့ရွာစဉ်လည်”ခေါင်းစဉ်နဲ့ လစဉ်ရေးခဲ့သလို ကလျာမဂ္ဂဇင်းမှာလည်း “ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်’ခေါင်းစဉ်နဲ့ပင်တိုင်ရေးခဲ့တယ်။တခြားစာစောင်တွေ မှာလည်း ‘လွမ်းတော်မူဖို့စာကိုစီတယ်’ခေါင်းစဉ်နဲ့ စာပေများစွာကို အားထုတ်လုပ်ဆောင်ခဲ့ပါတယ်။ စာပေဘက်သာမက ရုပ်ရှင်ဘက်မှာလည်း မောင်မိုးသူဟာ ဇာတ်ညွှန်ရေးသလို ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာလည်းရှိတယ်။

ရုပ်ရှင်မှာ နာမည်ကြီးခဲ့တာတွေက ‘ရေပွက်ပမာ’ ၊ ရန်ကုန်သားနဲ့မန္တလေးသူ၊ မုန်းရစ်လေဦး၊ ချစ်လိုက်တာမသဲအူရယ်၊ မှုံနံ့သာချယ်ကာသပါလို့၊ ကျနော်နာမည်ကျော်ကျော်၊ လွတ်လပ်မှ အမျှဝေပါ’တို့ဖြစ်တယ်။ ဇာတ်ကား အားလုံးဟာ လူကြိုက်များခဲ့တယ်။ ရုပ်ရှင်သာမက ဆရာမောင်မိုးသူဟာ ပန်းချီလည်းရေးခဲ့သလို ပန်းချီပြပွဲကို လည်း ၂၀၀၅ ခုနှစ် ဒီဇင်ဘာလထဲမှာ AZADA ပြခန်းမှာ Emotion တကိုယ်တော်ပန်းချီပြပွဲနဲ့ ၂၀၀၆ ပံသူစန္ဒာပြခန်းမှာလည်း တကိုယ်တော် Emotion ပန်းချီပြပွဲကိုလည်းပြခဲ့ပါတယ်။ ဒါတွေဟာ စာပေအနုပညာဆိုင်ရာနဲ့ပတ် သက်ပြီး ဆရာလုပ်ခဲ့တဲ့ ဆရာရဲ့အနုပညာစိတ်နဲ့လှုပ်ရှားမှုကို မြင်တွေ့ခွင့်ရလိုက်ခြင်းပါပဲ။

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဆရာလုပ်ဆောင်မှုတွေက ကျောင်းသားသမဂ္ဂကအစပြုခဲ့တယ်။ ဖခင်သခင်ဘတုတ် ရဲ့အမွေဆက်ခံလိုက်သလိုပါပဲ။ မန္တလေးကျောင်းသားသမဂ္ဂမှာ အမှုဆောင်တပ်ဦးကျောင်းသားတယောက်အနေနဲ့ နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့တယ်။ ဗိုလ်နေဝင်းရဲ့ အဖမ်းဆီခံခဲ့ရတယ်။ ထောင်ကျခဲ့တယ်။ ထောင်ကလွတ်တော့ စာပေနဲ့ရုပ်ရှင်အနုပညာဘက်ခြေဦးလှည့်ခဲ့တယ်။

၁၉၈၈ အရေးတော်ပုံကြီးပေါ်လာတော့ တိမ်မြုပ်နေတဲ့ မြိုသိပ်ခဲ့ရတဲ့ ‘နိုင်ငံရေးအနုဿရစိတ်’တွေ လူးလွန့် နိုးထလာခဲ့ပြန်တယ်။ ဒီတချီမှာတော့ ကျောင်းသားသမဂ္ဂမဟုတ်ဘဲ စာရေးဆရာဖြစ်နေတာကြောင့် ‘စာရေးဆရာများသမဂ္ဂ’မှာ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့တယ်။ ဥက္ကဋ္ဌကတော့ ဆရာဦးဝင်းတင်ပါ။ အရေးတော်ပုံပြီးတော့ ပါတီဖွဲ့တဲ့အချိန်မှာ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်မှာ ပါဝင်လာခဲ့တယ်။ အောင်၊ စု၊ တင်ဆိုပြီး အစုအဖွဲ့ ၃ ခု အချိုးကျဖွဲ့ရာမှာ ဆရာမောင်မိုးသူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖွဲ့မှာပါဝင်ခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင်အဖြစ် ပြန်ကြားရေး တာဝန်ယူခဲ့ရတယ်။

၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ထားချိန်မှာ မောင်မိုးသူလည်း အဖမ်းခံခဲ့ရတယ်။ ထောင်သုံးနှစ်အကျခံခဲ့ရပြန်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ထောင်ကပြန်လွတ်လာခဲ့တယ်။ တတိယအကြိမ်ကတော့ ၁၉၉၆ခုနှစ်မှာပါ။ ပုဒ်မ ၁၀ (က)နဲ့  ဖမ်းဆီးခံခဲ့ရပြန်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာပြန်လွတ်ခဲ့တယ်။ ဆရာမောင်မိုးသူဟာ ကျောင်းသားဘဝမှာလည်း နိုင်ငံရေးတာဝန်ကိုထမ်းရွက်ခဲ့သလို စာရေးဆရာဘဝမှာလည်း ဖတ်သင့်ဖတ် ထိုက်ရာစာပေတွေကိုပြန်ဆိုခဲ့တယ်။ လူငယ်မျိုးဆက်တို့အတွက် သူနိုင်တဲ့တာဝန်ကို ထမ်းရွက်ခဲ့တယ်။ အမျိုးသားရေးတာဝန်ကျေပွန်ခဲ့သူတယောက်အဖြစ် မှတ်တမ်းတင်ကြရမှာပါ။

သူရေးခဲ့တဲ့ဆောင်ပါးတွေကိုစုပြီး “လွမ်းတော်မူဖို့စာကိုစီတယ်”ဆိုတဲ့ ဆောင်ပါးပေါင်းချုပ်စာအုပ်လေး ထွက်လာခဲ့တယ်။ သူ့အနုအနုပညာရပ်ဝန်းမှာ အတွဲညီခဲ့တဲ့ မင်းသားမြတ်လေးတို့ စန္ဒရားလှထွဋ်တို့ကတော့ သူ့အရင်လောကကို တာဝန်ကျေကျေ နှုတ်ဆက်သွားခဲ့ကြတယ်။ စန္ဒရားလှထွဋ်ရဲ့အသုဘမှတ်တမ်းမှာ ဆရာမောင်မိုးသူက “လူဆိုတာမွေးပြီးသေရတာပဲ။ မသေခင်နေရခိုက်မှာ လူ့လောကရဲ့ ကောင်းကျိုးဘယ်လောက်လုပ်နိုင်လဲ။ လောကရဲ့အလှဘယ်လောက် အလှဆင်နိုင်လဲဆိုတာ ဒီလူရဲ့တန်ဖိုးပဲ”တဲ့။

လောကကို ဘယ်လောက်အလှဆင်နိုင်လဲဆိုတာကို ဆရာမောင်မိုးသူဖြတ်သန်းရာဘဝဖြစ်စဉ်နဲ့ ရပ်တည်ခဲ့ရာ လှုပ်ရှားမှုတွေက သက်သေခံနေပါတယ်။ ဆရာဟာ သူကျင်လည်ရာခေတ်ဝန်ကို မငြင်းမဆန်ထမ်းရွက်ခဲ့ပါတယ်။  စက်တင်ဘာ ၁ ရက် ည ၇နာရီလောက်မှာ  ဆရာဆုံးပြီလို့ ကြားလိုက်ရတယ်။ ပြန်လည်မဖတ်သေးတဲ့ ဆရာရဲ့စာအုပ်ကို စာအုပ်စင်ပေါ်ကနေ အမြတ်တနိုးကိုင်တွယ်လိုက်မိချိန်မှာတော့ “လွမ်းတော်မူဖို့စာစီခဲ့လေရော့သလားကွယ်”လို့ စိတ်ထဲမှာ တိုးတိုးညင်ညင်တမ်းတလိုက်မိပါတော့တယ်။

ဂန္ထဝင်မောင်ထူး

3 months Ago
Up