စာချုပ်ဖျက်သိမ်း

September 12, 2020

ကွင်းလယ်လူ ဝီလ်ရှိုင်းယားနှင့် စာချုပ်ဖျက်သိမ်းရန် ဝက်စ်ဟမ်းအသင်း ကြိုးပမ်း

ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ ဂျက်ဝီလ်ရှိုင်းယားကို စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။  အသက် ၂၈ နှစ်ရှိ အင်္ဂလန်နဲ့ အာဆင်နယ်ကစားသမားဟောင်း ဝီလ်ရှိုင်းယားဟာ ၂၀၁၈ ခု နှစ်က ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့လာတာပါ။  ဒဏ်ရာပြဿနာတွေကြောင့် စုစုပေါင်း ၁၈ ပွဲသာ ကစားခဲ့ရပြီး ဝက်စ်ဟမ်းအသင်းက စာချုပ်ဖျက်သိမ်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။  ဝီလ်ရှိုင်းယားနဲ့ ဝက်စ်ဟမ်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၁၀ လာသာကျန်ရှိတော့ပြီး အပြောင်းအရွှေ့မှာ ကစားသစ်တွေဝယ်ယူဖို့အတွက် ဝီလ်ရှိုင်းယားကို စာချုပ်ဖျက်သိမ်းဖို့ နည်းပြ ဒေးဗစ်မိုယက်စ်က အလိုရှိနေတယ်လို့ သိရပါတယ်။  ဝက်စ်ဟမ်းအသင်းအတွက် လုံလောက်တဲ့ ပွဲအရေအတွက်နဲ့ အကောင်းဆုံး ကစားပေးနိုင်ခြင်းမရှိသေးဘူးလို့ ဝီလ်ရှိုင်းယားက ဝန်ခံခဲ့ဖူးပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ ဘန်လေခံစစ်မှူး ဂျိမ်းစ်တာကောစကီးကို ပေါင် ၂၈ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
1 year Ago

March 3, 2020

လီဗာပူး တိုက်စစ်မှူးဟောင်း စတာရစ် တူရကီကလပ်နှင့် စာချုပ်ဖျက်သိမ်း

တိုက်စစ်မှူး ဒန်နီယယ်စတာရစ်နဲ့ စာချုပ်ကို နှစ်ဦး သဘောတူညီမှုနဲ့ ဖျက်သိမ်းခဲ့ကြောင်း တူရကီကလပ် ထရာဇွန်စပေါအသင်းက မတ် ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟောင်း စတာရစ်ဟာ လီဗာပူးအသင်းမှာ ၆ နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၈-၁၉ ရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာ တူရကီကလပ်က သူ့ကို နှစ်နှစ်စာချုပ်နဲ့ သြဂုတ်လမှာ ခေါ်ယူခဲ့ပါတယ်။  တူရကီမြေမှာတော့ စတာရစ်ဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ၁၅ ပွဲ ကစားကာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ကြံ့ခိုင်မှုအခြေအနေက တူရကီမြေမှာ စတာရစ် ကျဆုံးခဲ့ရတဲ့ အဓိကအကြောင်းအရာတခု ဖြစ်ပြီး လက်ရှိအချိန်မှာတော့ တိုက်စစ်မှူးဟာ ကလပ်အသင်းတသင်းကို ထပ်မံရှာဖွေရတော့မှာ ဖြစ်ပါတယ်။ စတာရစ်ဟာ ထရာဇွန်စပေါအသင်းနဲ့ ဘတ်ရှီးတစ်အသင်းတို့ နှစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပြီးခဲ့တဲ့သီတင်းပတ်ပွဲစဉ် လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ရီဇတ်စပေါအသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ နိုင်ခဲ့တဲ့ မတ် ၁ ရက်နေ့ ပွဲစဉ်မှာတော့ အသင်းလူ စာရင်းကနေ နုတ်ထွက်လိုက်ပါတယ်။  အသင်းဘက်က စတာရစ်နဲ့ စာချုပ်ဖျက်သိမ်းလိုက်တဲ့ အကြောင်းကို တရားဝင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး “အသင်းနဲ့ ကစားသမားတို့အကြားမှာရှိတဲ့ စာချုပ်ကို နှစ်ဦး သဘောတူညီမှုနဲ့ ဖျက်သိမ်းခဲ့ကြောင်း၊ ကစားသမားဟာ စာချုပ်ချုပ်ဆိုထားတဲ့အတိုင်း ၂၀၂၁ ခုနှစ် မေ ၃၁ ရက်အထိ ရသင့်တဲ့ လုပ်အားခကို ရရှိမှာ ဖြစ်ကြောင်း”လည်း ဒီကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။  စတာရစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာဖို့ တော်တော်လေးနီးစပ်ခဲ့သူ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသွားတဲ့ ဝက်စလေ နေရာမှာ အစားထိုးဖို့အတွက် ဗီလာအသင်းက သူ့ကို ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းများနေပြီး ဒီစီယူနိုက်တက်အသင်းက သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၃၀ အရွယ် စတာရစ်ဟာ ကစားသမားဘဝကို မန်စီးတီးအသင်းနဲ့ စတင်ခဲ့သူဖြစ်ပြီး ၃ နှစ်အကြာမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအသင်းမှာ ၄ ရာသီကြာ ကစားခဲ့တာဖြစ်ပြီး ‌ဘော်တန်အသင်းကိုလည်း အငှား သွားရောက်ကစားခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လီဗာပူးအသင်းကို ရောက်ရှိလာခဲ့ပြီး ဆွာရတ်၊ စတားလင်းတို့နဲ့အတူ လီဗာပူးအသင်းအတွက် အောင်မြင်တဲ့ သုံးယောက်တွဲတိုက်စစ်အဖြစ် အသုံးတော်ခံခဲ့ဖူးသူ ဖြစ်ပါတယ်။
2 years Ago
Up