စာချုပ် ချုပ်ဆို

March 17, 2017

တရုတ်နှင့်ဆော်ဒီ ၆၅ ဘီလီယံခန့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု စာချုပ် ချုပ်ဆို

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ ဆော်ဒီအာရေးဗျဘုရင် King Salman ဟာ အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံခန့်တန်ဖိုးရှိတဲ့ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုတဲ့ အခမ်းအနားကို တရုတ်သမ္မတ ရှီကျင်းပင်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ကမ္ဘာ့ရေနံထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ ဆော်ဒီအာရေးဗျနိုင်ငံဟာ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်လာတာ ဖြစ်ပါတယ်။ ၂၀၁၅ မှာ နန်းတက်ပြီးတဲ့အချိန်ကစပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေခဲ့တဲ့ အသက် ၈၀ ကျော် ဘုရင်ကြီးဟာ အခုချိန်မှာ အာရှ စီးပွားရေးမိတ်ဖက်နိုင်ငံတွေကို ရက်ရှည်ခရီးလည်ပတ်ပြီး ဆက်ဆံရေး တိုးမြှင့်နေတာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပွဲအပြီးမှာ တရုတ်နိုင်ငံ၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဂျန်မင်းက လက်မှတ် ရေးထိုးခဲ့တဲ့ သဘောတူညီမှု မှတ်တမ်းတွေ၊ စာချုပ်တွေဟာ သဘာဝစွမ်းအင်နဲ့ ပတ်သက်တာကအစ အာကာသဆိုင်ရာ နည်းပညာနဲ့ပတ်သက်တာတွေအထိ ပါဝင်ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံခန့်ရှိတယ်လို့ ပြောခဲ့ပေမယ့် အချက်အလက် အတိအကျကိုတော့ ထုတ်ပြန်ကြေညာမှု မရှိခဲ့ပါဘူး။ လက်မှတ်ရေးထိုးပွဲအပြီးမှာတော့ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးဟာ တရုတ်နိုင်ငံ အမျိုးသားပြတိုက်မှာ Road to Arabia လို့ နာမည်ပေးထားတဲ့ သမိုင်းဝင်အမွေအနှစ်ပြပွဲရဲ့ ပိတ်သိမ်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ Road to Arabia ပြပွဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆော်ဒီနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို တရုတ်နိုင်ငံမှာ ပြသတဲ့ ပထမဆုံးပြပွဲ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up