စဉ်းစားနေ

October 1, 2017

ဝန်ကြီးချုပ်ဟောင်း ယင်လပ်၏ နိုင်ငံကူးလက်မှတ်ကို ထိုင်းအစိုးရ ပယ်ဖျက်ရန် စဉ်းစားနေ

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးချုပ်ဟောင်း မစ္စယင်လပ်ရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ဖို့ စဉ်းစားနေတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ မစ္စယင်လပ်ရှင်နာဝပ်ထရာရဲ့ နိုင်ငံကူးစာအုပ်ကို ပယ်ဖျက်ဖို့ ရဲတွေရဲ့ တောင်းဆိုမှု လက်ခံရရှိပြီးနောက် ဒီလိုစဉ်းစားခဲ့တာလို့ သိရပါတယ်။ မစ္စယင်လပ် နိုင်ငံကူးလတ်မှတ်အရေးနဲ့ပတ်သက်ပြီး ထိုင်းတော်ဝင်ရဲဌာနမှ တောင်းဆိုစာကို လက်ခံရရှိပြီး သက်ဆိုင်ရာအာဏာပိုင်တွေက နိုင်ငံကူးလက်မှတ် စည်းမျဉ်းစည်းကမ်းအရ ကိုင်တွယ်လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘူဆာဒီးဆန်တီပီတက်စ်က စက်တင်ဘာ ၃၀ ရက်နေ့က ပြောလိုက်ပါတယ်။ မစ္စယင်လပ်က နိုင်ငံရေး ခိုလှုံဖို့အတွက် ဒူဘိုင်းကနေ ဗြိတိန်နိုင်ငံကို ရောက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းဌာနတွေမှာ အတည်ပြုပေမယ့် မစ္စယင်လပ်ရဲ့ နိုင်ငံရေးခိုလှုံမယ့်ကိစ္စကိုတော့ ဘာမှ မှတ်ချက်မပေးဘူးလို့ သိရပါတယ်။ အစောပိုင်းတုန်းက နိုင်ငံခြားရေးဝန်ကြီးဌာနက မစ္စယင်လပ် ဒူဘိုင်းမှာ ရှိတယ်လို့ သူ့ကို ပြောကြောင်း ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပြောခဲ့ပါသေးတယ်။ တပြိုင်နက်တည်းမှာပဲ မစ္စယင်လပ် ဗြိတိန်နိုင်ငံကို သွားတာကို နိုင်ငံခြားရေးဝန်ကြီးဌာနက သိကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဆန်ဆားန်ကွေကမ်နာ့ဒ်က စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်လို့ မစ္စယင်လပ်ရဲ့ နိုင်ငံရေးခိုလှုံမယ့်သတင်းကို အစိုးရအနေနဲ့ မစိုးရိမ်ကြောင်း၊ ဒါပေမယ့် အစိုးရဘက်ကတော့ သူမရဲ့ထောင်ဒဏ်ကို ပြန်လည်ကျခံဖို့ကို အာရုံထားကြောင်း ဆန်ဆားန်က ပြောခဲ့ပါတယ်။ ဒီမိုကရက်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရိမ်းစ်ရာတာနာချာဝန်က နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မစ္စယင်လပ်ရဲ့ နိုင်ငံကူးလက်မှတ်ကို အမြန်ဆုံး ပယ်ဖျက်သင့်ကြောင်းလည်း စက်တင်ဘာလ ၃၀ ရက်နေ့မှာပဲ ပြောလိုက်ပါတယ်။ ဆန်ပြဿနာက နိုင်ငံရေးမဟုတ်ဘူး၊ ဒါပေမယ့် ဆန်ရောင်းမှုကို မရပ်တန့်နိုင်ခဲ့တာက ယင်လပ်ရဲ့ ရာဇဝတ်မှုလို့ ဒီမိုကရက်တစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတော်တရားရုံးရဲ့ ရာဇဝတ်မှုဌာနခွဲမှာ နိုင်ငံရေးရာထူးအဆင့်အတန်းကို ကိုင်တွယ်တာက ပုံမှန်တရားရုံးပဲဖြစ်တယ် ဘယ်သီးခြားအမှုကိုမှ ကိုယ်တွယ်တဲ့ စစ်ခုံရုံးမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။ “ဒီအမှုက နိုင်ငံရေး အမှု မဟုတ်ပါဘူး၊ နိုင်ငံရေးခိုလှုံဖို့ မမှန်ကန်နိုင်ပါဘူး။ ဒါကို နိုင်ငံရေးအရ ဖိနှိပ်တယ်လို့ ပြောလို့မရဘူး” လို့ မစ္စတာရိမ်းစ်က ပြောပါတယ်။ တရားရုံးတော်ကိုလာရောက်ဖို့ သူမရဲ့ ပျက်ကွက်မှုအတွက် တရားရုံးကြားနာမှုကို စက်တင်ဘာလ ၂၇ ရက်နေ့ကို ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီနေ့မှာပဲ နိုင်ငံတော် ဆန်ဝယ်ယူရေးအစီအစဉ်ကို သိလျက်နဲ့ လျစ်လျူရှုခဲ့တဲ့အတွက် သူမကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။
4 years Ago
Up