စမွတ်စာခွန်

A d v e r t i s e m e n t With Us

December 25, 2020

စမွတ်စာခွန်တွင် ယာယီဆေးရုံဆောက်ခွင့်ပြုရန် ထိုင်းအစိုးရက ပြည်သူများထံ မေတ္တာရပ်ခံ 

ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးတွေ့ရှိသူ တစ်ထောင်ကျော်ရှိနေတဲ့ စမွတ်စာခွန်မြို့မှာ ယာယီ ဆေးရုံဆောက်ခွင့်ပြုဖို့ ထိုင်းနိုင်ငံ ကိုဗစ်ကူးစက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုအဖွဲ့ CCSA က ဒေသခံပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။  မနေ့က စမွတ်စခွန်းရှိ အမျိုးသားအားကစားတက္ကသိုလ်ဝင်းထဲမှာ ယာယီဆေးရုံ တည်ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ လာချစဉ် ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန့်ကန့်ကွက်ဆန္ဒပြလို့ ပစ္စည်းတင်ကားတွေ ပြန်ဆုတ်သွားခဲ့ရတာပါ။  ဒီကနေ့မနက် ကိုဗစ် ၁၉ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာတော့ CCSA ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝိဆနုယိုးထင်းက တာဝန်ရှိသူတွေအနေနဲ့ စမွတ်စာခွန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို တွေ့ရှိအောင် ရှာဖွေပြီး သာမန်လူနဲ့ ခွဲထားမှာဖြစ်လို့ ဒီနေရာမှာ ယာယီဆေးရုံဟာ အလွန်အရေးကြီးကြောင်း၊ ဒေသခံတွေ ကြောက်ရွံ့ပြီးကန့်ကွက်တဲ့အပေါ် စိတ်မသက်မသာဖြစ်ရတယ်လို့ ပြောပါတယ်။ အဲဒီနေရာမှာ ယာယီဆေးရုံဆောက်ဖို့ဆိုတာ ပတ်ဝန်းကျင်အခြေအနေကို သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ထားတာလို့ ဆိုပါတယ်။ “ဆေးရုံလို့ ဆိုတာနဲ့ လူများစုကကြောက်ရွံ့ကြတယ်။ တကယ်တော့ ကြောက်စရာမဟုတ်ပါဘူး။ ဘန်ကောက် နဲ့ တခြားခရိုင်ကြီးတွေမှာလည်း ဆေးရုံက လူနေရပ်ကွက်ထဲမှာ ရှိတာပဲ။ ဆေးရုံကနေ အနီးပတ်ဝန်းကျင်က လူတွေကို မကူးစက်ပါဘူး။  ရောဂါပိုးကူးစက်ခံနေရသူတွေက သင်တို့ခရိုင်ထဲမှာရှိနေတော့ သူတို့ကို ဂရုစိုက်ခွင့်ပြုပါ။ လိုအပ်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အများကြီးလည်း ရောက်လာမှာပါ၊ စိတ်မပူကြပါနဲ့။ ကျန်းမာရေးဝန်ထမ်းတွေ သူတို့လည်း သူတို့ကို ရောဂါကူးစက်မှာ မလိုလားပါဘူး။ အားလုံးက သတိထားပြီး အကောင်းဆုံးလုပ်ဆောင်သွားကြမှာပါ။ နည်းလမ်းအသွယ်သွယ်နဲ့ ကာကွယ်ထိန်းချုပ်မယ်၊ ပြည်ထဲရေးဌာနနဲ့ ဒုဝန်ကြီးချုပ်ရုံးက တာဝန်ရှိသူတွေလည်း အဲဒီနေရာ ပတ်ဝန်းကျင်အနေအထားကို သွားကြည့်ခဲ့ပါပြီ။ ကျနော်တို့အနေနဲ့ ကိုဗစ် ၁၉ ရောဂါကို အမြန်ဆုံး နှိမ်နင်းချင်တယ်။ ဒီလုပ်ငန်းစဉ်တွေ လွယ်ကူစွာဆောင်ရွက်နိုင်ဖို့ ၊ ဒီပြဿနာကို ကျော်လွှား သွားနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပါလို့ မေတ္တာရပ်ခံပါတယ်” လို့  ဒေါက်တာ ဝိဆနုယိုးထင်းက ပြောသွားပါတယ်။  လက်ရှိ ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ လူနာတွေ့ရှိတဲ့ ခရိုင်ပေါင်း ၃၁ ခရိုင်ရှိပြီး အများစုက စမွတ်စာခွန် ပုစွန်ဈေးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။  ဒါပေမယ့် နေရာတိုင်းကိုတော့ လော့ဒေါင်းချထားမှာမဟုတ်ကြောင်း၊ ပိတ်ဆို့ကန့်သတ်မှုတွေကို ဇုန်အလိုက် အရောင်လိုက်ခွဲပြီး ၄ ဇုန်သတ်မှတ်ကြောင်း၊ အနီရောင်ဇုံမှာ ရောဂါကူးစက်မှုနှုန်းမြင့်မားပြီး ဆက်လက်ကူး စက်နိုင်ဖွယ်ရှိတဲ့ဇုန်၊ လိမ္မော်ရောင်ဇုန်မှာ ကူးစက်သူပေါင်း ၁၀ ဦးအထက်ရှိပြီး နောက်ထပ်ကူး စက်သူပိုများလာနိုင်ဘွယ်ရှိတဲ့ဇုန်၊ တတိယ အဝါရောင်ဇုန်မှာ ကူးစက်သူ ၁၀ ဦးအောက်ရှိပြီး နောက်ထပ်ကူးစက်မှုမရှိအောင် ထိန်းချုပ်နိုင်ဘွယ်ရှိတဲ့ဇုန်၊ အစိမ်းရောင်ဇုန်မှာ ကူးစက်သူတစ်ဦးမှမရှိ ကူးစက်ဖို့ အလားအလာလည်း မရှိတဲ့ဇုန်၊ အဲဒီဇုန်တွေပေါ်မူတည်ပြီး နှစ်သစ်ကူးပွဲတော်လုပ်မလုပ်၊  ခရီသွားလာခွင့်ကန့်သတ်တာ၊ စာသင်ကျောင်းတွေပိတ်တာ စတဲ့ကန့်သတ်ချက်တွေ ရှိလိမ့်မယ်လို့   CCSA သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။  
2 months Ago

စမွတ်စာခွန်တွင် ကိုဗစ်ကူးခံရသူ ရွှေ့ပြောင်းလုပ်သား ၁၂၁၇ ဦးရှိလာ၊ ယာယီဆေးရုံဆောက်လုပ်မှု ဒေသခံများ ဆန္ဒပြ

မြန်မာရွှေ့ပြောင်းလုပ်သားအများစု ဝင်ရောက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စာခွန်ခရိုင်ထဲမှာ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီထိ နောက်ထပ်အသစ်ကူးစက်သူ ၉၆ ဦး ရှိတယ်လို့ ခရိုင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။  ဒါကြောင့် စမွတ်စာခွန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၃၅၆ ဦးထိရှိလာပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသားက ၅၆ ဦးနဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၂၁၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။  စမွတ်စာခွန်မှာ နေ့စဉ်နဲ့အမျှ ကိုဗစ်-၁၉ စစ်ဆေးရေးကို နယ်လှည့်ဆောင်ရွက်နေရာမှာ ဒီဇင်ဘာ ၂၄ ရက်နေ့ထိ နမူနာပေါင်း ၁၂၉၆၄ ခုကို ဓာတ်ခွဲစစ်ဆေးခဲ့တာဖြစ်ပြီး ဆေးရုံမှာတက်ရောက်ကုသနေသူကတော့ ၇၃ ဦးရှိပါတယ်။  ကျန်သူတွေကတော့ ကွာရန်တင်းစင်တာမှာ အခြားသူတွေနဲ့အတူ ရောနှောနေထိုင်ပါတယ်။  စမွတ်စာခွန်က ပိုးတွေ့လူနာအများစုဟာ ရောဂါလက္ခဏာမပြသေးကြောင်း၊ ရောဂါလက္ခဏာပေါ်လာမှသာ ပုစွန်ဈေးနားလာဖွင့်ထားတဲ့ ယာယီဆေးကုသရေးစခန်းမှာ လာပြဖို့ သက်ဆိုင်ရာက ပြောထားတယ်လို့ အသွားအလာကန့်သတ်ထားခံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။  အခုလို ပိုးတွေ့လူနာတွေ ထောင်ကျော်ရှိတဲ့အတွက် စမွတ်စခွန်းမှာ လူနာပေါင်း ရာနဲ့ချီဝင်ဆံ့နိုင်တဲ့ ယာယီဆေးရုံဆောက်လုပ်ဖို့လည်း သက်ဆိုင်ရာက ပြင်ဆင်နေပါတယ်။  မူလက စမွတ်စာခွန်မြို့ ထိုင်းအမျိုးသားအားကစားတက္ကသိုလ်ဝင်းကြီးထဲမှာ ဆေးရုံဆောက်ဖို့ ပြင်ဆင်ထားပြီး ဆောက်လုပ်ရေးပစ္စည်းတွေကို စစ်တပ်က ကား ၁၀ စီးကျော်နဲ့ တင်ဆောင်လာရာမှာ အနီးနားနေပြည်သူပေါင်း တစ်ရာကျော်စုဝေးရောက်ရှိလာပြီး စစ်ကားတွေကို ဆန္ဒပြဟန့်တားခဲ့ကြပါတယ်။  ထိုင်းပြည်သူတွေက အသစ်ဆောက်မယ့် ဆေးရုံဟာ သူတို့ရပ်ကွက်နဲ့ အလွန်နီးကပ်ပြီး အားကစားကွင်းမှာလည်း ကလေးတွေနေ့စဉ်သွားရောက်အသုံးပြုနေတာကြောင့် ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်တာကြောင့် ကန့်ကွက်တယ်လို့ ဆိုပါတယ်။ အဆိုပါဆေးရုံကို စစ်တပ်ထဲမှာသာ သွားဆောက်ဖို့ ဆန္ဒပြသူတွေက အကြံပြုခဲ့ကြပါတယ်။  စမွတ်စာခွန် ပုစွန်ဈေးနဲ့ ဆက်စပ်နေတဲ့ ကိုဗစ် ၁၉ ရောဂါပိုးဟာ ဒီဇင်ဘာ ၂၄ ရက်နေ့ထိ ထိုင်းနိုင်ငံက ခရိုင်ပေါင်း ၂၉ ခုဆီ ပျံ့နှံ့ရောက်ရှိသွားပြီလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။   စမွတ်စာခွန်ခရိုင်မှာ တရားဝင်နဲ့ တရားမဝင် မြန်မာအလုပ်သမား ၂ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုအခြေအနေမှာ ဒီဇင်ဘာ ၂၅ ရက် မနက် ၁၁ နာရီထုတ်ပြန်ချက်အရ လူနာသစ် ၈၁ ဦးတွေ့ရှိပြီး အဲဒီထဲမှာ ရွှေ့ပြောင်းလုပ်သား ၃၅ ဦးပါဝင်ပါတယ်။   ထိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၉၁၀ ဦးရှိပြီး ၄၁၃၀ ဦး သက်သာပျောက်ကင်းကာ သေဆုံးသူ ၆၀ ဦးရှိပါတယ်။ 
2 months Ago
Up