စမ်းသပ်ပစ်ခတ်

April 29, 2017

မြောက်ကိုရီးယားက ဘယ်လစ်စတစ်ဒုံးကျည် စမ်းသပ်ပစ်ခတ် (ရုပ်သံ)

မြောက်ကိုရီးယားက ဘယ်လစ်စတစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်အရာရှိတွေက ပြောလိုက်ပါတယ်။ ဒုံးကျည်လွှင့်တင်ပြီး စက္ကန့်ပိုင်းမှာပဲ ပေါက်ကွဲတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောကြောင်း ယွန်ဟက်သတင်းဌာနက ဖော်ပြခဲ့တာပါ။ ဒုံးကျည်က မြောက်ကိုရီးယားနယ်မြေကို မကျော်ဘူးလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ မြို့တော်ပြုံယမ်းမြောက်ဖက် တောင်ပြုံယမ်းခရိုင်ဘက်မှာ ဒေသစံတော်ချိန် ဧပြီ ၂၉ ရက်အစောပိုင်းက ဒုံးကျည်ကို ပစ်ဖေါက်ခဲ့တာ ဒုံးကျည်ရဲ့ အမျိုးအစားကိုတော့ မသိရသေးဘူးလို့ တောင်ကိုရီးယားက ဆိုပါတယ်။ “ဒီနေ့ ဒုံးကျည်ပစ်ဖောက်မှုက မအောင်မြင်ခဲ့ပေမယ့် မြောက်ကိုရီးယားက တရုတ်နိုင်ငံနဲ့ ဒီနိုင်ငံရဲ့ လေးစားမှုအမြင့်ဆုံးထားရမယ့်၊ သမ္မတရဲ့ဆန္ဒတွေကို စော်ကား၊ မခန့်လေးစား လုပ်လိုက်တာပဲ ဆိုးလိုက်တာ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က တွီတာမှာ ရေးထားပါတယ်။ အခုအချိန်ထိတော့ မြောက်ကိုရီးယားဘက်က ဘာမှမပြောသေးပါဘူး။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်မှုနဲ့အတူ ဒေသတွင်း တင်းမာမှုကတော့ မြင့်မားနေပါတယ်။ မြောက်ကိုရီးယားက အမေရိကန်နိုင်ငံထိရောက်နိုင်တဲ့ နျူကလီးယားထိပ်ဖူးပါတဲ့ ဒုံးကျည်မျိုးကို အကြိမ်ကြိမ် ကြိုးစားစမ်းသပ်နေတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားရည်မှန်းချက်တွေကို စွန့်လွတ်ဖို့ တကမ္ဘာလုံးက ဖိအားပေးဖို့ အကူအညီတောင်းပြီး နာရီပိုင်းကြာပြီးနောက် ဒီလိုဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တာလို့ ဘီဘီစီရဲ့ ဧပြီလ ၂၉ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။ မြောက်ကိုရီးယားသတင်းကွန်ရက်က တင်ထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ပစ်ခတ်လိုက်တဲ့ဒုံးကျည်က ဘယ်လောက်အကွာအဝေး ရောက်တယ်ဆိုတာကို လက်ရှိအချိန်မှာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောထားပါတယ်။
4 years Ago

April 27, 2017

တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအပြိုင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ် (ရုပ်သံ)

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ တင်းမာနေခဲ့ချိန်မှာ ကိုရီးယားကျွန်းဆွယ်ပေါ်မှ ၂ နိုင်ငံ အပြိုင် လက်နက်ကြီးစမ်းသပ်မှုတွေ လုပ်ဆောင်နေကြတာဟာ စစ်ပွဲအတွက် ပြင်ဆင်နေကြသလားဆိုတဲ့ မေးခွန်းထုတ်စရာပါပဲ။ ၂ နိုင်ငံအပြိုင် ခုလိုလုပ်ဆောင်နေကြတာဟာ သွေးထွက်သံယိုစစ်ပွဲတွေ ဖြစ်လာစေဖို့ ဦးတည်နေတာဖြစ်တယ်လို့ ဧပြီ ၂၆ ရက်နေ့ မေရာသတင်းက ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ကိုရီးယားအမျိုးသားတပ်မတော်ရဲ့ ၈၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အမြောက်တပ်ကို လက်နက်ကြီး ၄၀၀ အထိ ဖောက်ခွဲစမ်းသပ်ဖို့ အမိန့်ထုတ်ခဲ့ပြီး စောင့်ကြည့်နေချိန်မှာ တောင်ကိုရီးယားကလည်း သူတို့ရဲ့ လက်နက်အင်အားပြ စမ်းသပ်မှုတွေ လုပ်လာခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံဘက်မှာတော့ အမေရိကန် ပါဝင်လာပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက တောင်ကိုရီးယားစစ်တပ် K1A1 နဲ့ အမေရိကန်စစ်တပ် M1A2 တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုရန်က ကာကွယ်နိုင်ဖို့ အမေရိကန်နိုင်ငံမှ မရိမ်းတပ်၊ လေတပ်၊ ကြည်းတပ်သား အင်အား ၃ သောင်း ၈ ထောင်ကို တောင်ကိုရီးယားနိုင်ငံဆီ ပို့ဆောင်ထားခဲ့တာပါ။ လေ့လာစောင့်ကြည့်သူတွေကတော့ အမေရိကန်နိုင်ငံက ဒုံးကျည်ကာကွယ်ရေးစနစ် မစတင်မီမှာ တောင်ကိုရီးယားကို မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားခြိမ်းခြောက်မှု အဆုံးသတ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာစေဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
4 years Ago
Up