စပိုက်ဒါဂဲလ် (ရုပ်သံ)

October 8, 2017

နံရံကို တွယ်တက်ပြခဲ့သည့် သြစတြေးလျ ၃ နှစ်သမီး စပိုက်ဒါဂဲလ် (ရုပ်သံ)

သြစတြေးလျနိုင်ငံ အယ်ဒီလိတ်မြို့မှာ ၃ နှစ်သမီးလေးက ၂၀ မီတာအမြင့် နံရံပေါ်ကို အချိန် ၄ မိနစ်မကြာဘဲ တွယ်တက်နိုင်လို့ စပိုက်ဒါဂဲလ်လို့ အမည်တွင်နေကြောင်း သိရပါတယ်။ ဘယ်လာကော်စတာဂလီယိုလာဆိုတဲ့ ကလေးမက နံရံတွယ်တက်တာ တော်ပြီး လူကြီးအများစုထက် ပိုကောင်းတယ်လို့ ဆိုပါတယ်။ သူမက မျောက်တွေနဲ့ ပင့်ကူလူသားကို စိတ်ထဲစွဲနေတယ်လို့ သူမရဲ့ မိဘတွေက ပြောပါတယ်။ အခြားကလေးတွေက နံရံတွယ်တက်ဖို့ ပထမအဆင့်ကိုပဲ ကြိုးစားနေရချိန်မှာ ဘယ်လာက လူသိုင်းကြိုးမပါပဲ ကျောက်သားတပ် နံရံတွေပေါ်ကို အလွယ်တကူ တွယ်တက်သွားနိုင်တယ်လို့ အယ်ဒီလိတ်နောင်းသတင်းဌာနက ဖော်ပြထားပါတယ်။ ကလေးရဲ့ မိခင်အန်ဒီနဲ့ ဖခင်ဖြစ်သူ ဂီရန်ကာလိုကော်စတာဂလီယိုလာတို့က အယ်ဒီလိတ်မြို့ ကျောက်သားနံရံတွယ်တက်အသင်းရဲ့ အဖွဲ့ဝင်တွေဖြစ်ပါတယ်။ မိခင်ဖြစ်သူက “ကျောက်သားနံရံ တွယ်တက်ရတာက သမီးအတွက် အရမ်းကို သဘာဝအတိုင်းလိုပါပဲ၊ သမီး ကျောက်သားနံရံပေါ် တွယ်တက်တာကိုလည်း ကျမတို့ ရုပ်သံ ရိုက်ထားပါတယ်၊ သမီးလေး လမ်းတောင် မလျှောက်တတ်သေးခင် ၈ လသမီးမှာ နံရံတွယ်တက်ခဲ့တာ” လို့  ပြောပါတယ်။ ကလေးဒီလို တွယ်တက်တဲ့အတွက် မစိုးရိမ်ဘူးလားလို့ မိခင်ဖြစ်သူ အန်ဒီကို မေးမြန်းတဲ့အခါ “မစိုးရိမ်ပါဘူး၊ ကလေး ဘာလုပ်နိုင်တယ်ဆိုတာ၊ ဘာကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တယ်ဆိုတာ ကျမတို့ မြင်ရတယ်။ သူမမှာ စွမ်းအားအပြည့်ရှိတဲ့ လှုပ်ရှားမှုရှိပြီး တကယ်ကို ကောင်းတဲ့ နည်းပညာလည်း ရှိတယ်” လို့ ပြောပါတယ်။ “ကလေးက နံရံတွယ်တက်ရတာ လမ်းလျှောက်ရသလိုပဲ သူမအတွက် ဘာမှ မထူးခြားပါဘူး။ ဒါက သူမ ဘယ်လောက်သန်စွမ်းတယ်ဆိုတာတင်မကပဲ ဘယ်လောက်မြင့်မြင့် သွားနိုင်တယ်၊ နံရံတွယ်တက်တာကို ဘယ်လိုဖြေရှင်းလဲ ဆိုတာပါ သိနိုင်ပါတယ်။ ကျမတို့ နံရံတက်သင်တန်းပေးတဲ့ အားကစားရုံကို လာတဲ့ လူတွေက သူမလုပ်တာကို ယုံတောင် မယုံနိုင်ကြဘူး” လို့ မိခင်ဖြစ်သူက ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up